ဂျပ်စတင် ဘီဘာ-Ramsay Hunt ရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲ

ဓာတ်ပုံ ရင်းမြစ်, Instagram/Justin Bieber
ကနေဒါ နာမည်ကြီး ပေါ့ပ် အဆိုတော် ဂျပ်စတင် ဘီဘာက မျက်နှာ အကြောသေတဲ့ ရှားပါးရောဂါတစ်မျိုး သူ့မှာ ဖြစ်နေတယ်လို့ ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြောခဲ့ပါတယ်။ ဒီရောဂါကြောင့် သူ့ရဲ့ ကမ္ဘာလှည့် ဂီတဖျော်ဖြေပွဲတွေကို ဆိုင်းငံ့ထားလိုက်ရပါတယ်။
ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ Ramsay Hunt syndrome (RHS) ဆိုတဲ့ အဲဒီရောဂါ သူ့မှာ ရှိနေတယ် ဆိုတာကို ဂျပ်စတင် ဘီဘာက အင်စတာဂရမ်ပေါ်ကနေ ရှင်းပြခဲ့ပါတယ်။ သူ့မျက်နှာ တခြမ်းရွဲ့ အကြောသေနေတာကို အဲဒီဗီဒီယိုထဲမှာ အထင်အရှား တွေ့ရပါတယ်။
ရောဂါသက်သာဖို့ အချိန်ဘယ်လောက်ကြာမလဲ ဆိုတာ အသေအချာ မသိရသေးပါဘူး။ ဒါပေမဲ့ ဒီရောဂါနဲ့ ပတ်သက်လို့ သိသင့် သိထိုက်တဲ့ အချက်တွေကို အောက်မှာ ဖတ်ရှုနိုင်ကြပါတယ်။
Ramsay Hunt syndrome (RHS) ရောဂါက ဘာ့ကြောင့် ဖြစ်တာလဲ
RHS ရောဂါလက္ခဏာစုဟာ varicella zoster virus (VZV) ဗာရီဆယ်လာ ဇော့စတာ ဆိုတဲ့ ဗိုင်းရပ်စ်ကနေ အစပျိုး ဖြစ်လာတာပါ။ ဒီဗိုင်းရပ်စ်ဟာ လူတွေမှာ ဖြစ်လေ့ရှိတဲ့ ရေကျောက်နဲ့ ရေယုန်တွေကိုလည်း ဖြစ်စေပါတယ်။
ရေယုန်ကြောင့် မျက်နှာရဲ့ လှုပ်ရှားမှုတွေ၊ အမူအရာတွေကို ထိန်းချုပ်ပေးနေတဲ့ နာဗ်ကြောတွေ ထိခိုက်သွားခဲ့ရာကနေ ဖြစ်လာခဲ့တာပါ။
ဒီရောဂါလက္ခဏာစု ဖြစ်သူတွေဟာ ကလေးဘဝက ရေကျောက် ပေါက်ခဲ့ဖူးသူတွေ ဖြစ်တယ်လို့ ယူကေအခြေစိုက် NGO Facial Palsy UK အဖွဲ့က ဆိုပါတယ်။
ရေကျောက် ပျောက်သွားပြီးပေမဲ့ အဲဒီဗိုင်းရပ်စ်ပိုးက နာဗ်ကြောတွေထဲမှာ ခိုအောင်းနေခဲ့ပါတယ်။ ဒါပေမဲ့ မြုံနေချိန်မှာတော့ ဘာမှ အန္တရာယ် မပေးတတ်ပါဘူး။
ဒါပေမဲ့ ကိုယ်ခံအားစနစ် အားနည်းလာခဲ့ရင်တော့ ဒီဗိုင်းရပ်စ်ပိုးတွေက တကျော့ပြန် နိုးထလာနိုင်ပါတယ်။
ဒီရောဂါလက္ခဏာစုကို အစပျိုးစေတဲ့ နောက်အချက်တစ်ချက်ကတော့ စိတ်ဖိစီးမှုဒဏ်ပါ။ အဲဒါက ရေယုန်ဖြစ်တာနဲ့ ဆက်နွှယ်နေတတ်ပါတယ်။
ရောဂါလက္ခဏာတွေက ဘာတွေလဲ
ဒီရောဂါလက္ခဏာစုက မျက်နှာပိုင်းဆိုင်ရာ နာဗ်ကြောတွေ ထိခိုက်ခံရတာ ဖြစ်တဲ့အတွက် အသိသာဆုံး လက္ခဏာတစ်ခုကတော့ ဂျပ်စတင် ဘီဘာရဲ့ ဗီဒီယိုထဲမှာ တွေ့ရသလိုပဲ မျက်နှာ အကြောတွေ သေသွားတာ အားနည်းတာတွေ ဖြစ်တတ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်ပြင်ဖုတွေလည်း ပေါ်တတ်ပါတယ်။ မျက်နှာ၊ နား၊ ဦးခေါင်းခွံ ဒါမှမဟုတ် ပါးစပ်ထဲမှာလည်း အရည်ကြည်ဖုတွေ ထွက်တတ်ပါတယ်။
တချို့လူတွေမှာတော့ အကြားအာရုံ ထိခိုက်နိုင်ပြီး နာကျင်မှုဒဏ်ကိုလည်း အကြီးအကျယ် ခံရတတ်ပါတယ်။
ဒီရောဂါက ကူးတတ်သလား
ရေယုန်နဲ့ ဒီ RHS ရောဂါဟာ ရေကျောက်လို ကူးစက်ပျံ့ပွားတာမျိုး မရှိပါဘူး။ ဒါပေမဲ့လည်း ရေကျောက် ဒါမှမဟုတ် ရေယုန်ပိုးတွေကို ခံနိုင်ရည် မရှိသူတွေကတော့ RHS ရောဂါရှိနေသူရဲ့ အင်ပြင်ဖု ဒါမှမဟုတ် အရည်ကြည်ဖုနဲ့ တိုက်ရိုက်ထိတွေ့မိရင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးထားပါတယ်။
ဘယ်လောက်အဖြစ်များသလဲ
Ramsey Hunt Syndrome ရောဂါလက္ခဏာစုဟာ သိပ်ဖြစ်လေ့ မရှိတဲ့ ရောဂါ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တစ်နှစ်ကို လူတစ်သိန်းမှာ အယောက် ၄၄၀ ဖြစ်လေ့ ရှိတဲ့ ကင်ဆာရောဂါနဲ့ စာရင် ဒီရောဂါက လူတစ်သိန်းမှာ ၅ ယောက်လောက်ပဲ ဖြစ်လေ့ရှိတယ်လို့ National Organization for Rare Disorders (Nord) လို့ခေါ်တဲ့ ရှားပါးရောဂါများဆိုင်ရာ NGO အဖွဲ့တစ်ဖွဲ့ရဲ့ လေ့လာခန့်မှန်းချက်အရ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘယ်လို စမ်းသပ်သိနိုင်ပြီး ဘယ်လို ကုသနိုင်သလဲ
RHS ရောဂါကို စမ်းသပ်သိနိုင်ဖို့ ဆရာဝန်တွေက သွေးစစ်တာ၊ scan စမ်းတာတွေ လုပ်ပါတယ်။
ဒီရောဂါကို ဗိုင်းရပ်စ်ပိုးသတ်တဲ့ ဆေးတွေ၊ စတီးရွိုက်တွေ၊ အကိုက်အခဲပျောက်ဆေးတွေနဲ့ ကုသပေးဖွယ် ရှိပါတယ်။ တချို့လူနာတွေကတော့ မျက်နှာလေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် သက်သာနိုင်ပါတယ်။
အများစုကတော့ နဂိုပကတိ ပြန်ကောင်းသွားတတ်ပါတယ်။ ဒါပေမဲ့ နာဗ်ကြောတွေ အကြီးအကျယ် ထိခိုက်ခံခဲ့ရသူတွေကတော့ ပြန်ကောင်းဖို့ ကြာတတ်ပါတယ်။
တချို့တွေကတော့ မျက်နှာ အကြောထိခိုက်မှုနဲ့ အကြားအာရုံ ချို့ယွင်းသွားတာတွေ တစ်သက်လုံး မပျောက်ဘဲ ကျန်နေတတ်ပါတယ်။








