ဖမ်းထားသူကိုပြန်ရွေးဖို့ မိသားစုကို သိန်း ၂ ထောင်တောင်းတယ်ဆိုတဲ့ NUG ရဲ့စွပ်စွဲချက်ကို PLA ငြင်းဆို

NUG ရဲ့ စွပ်စွဲချက်ဖြစ်တဲ့ အရပ်သားဆီက သိန်းနှစ်ထောင် ငွေတောင်းခံတာ မရှိဘူးလို့ PLA ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးကပြောတဲ့ သတင်းအပါအဝင် ဇွန်လ ၂၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • NUG ရဲ့ PLA အပေါ် စွပ်စွဲချက်ဖြစ်တဲ့ အရပ်သားကိုဖမ်းဆီးကာ ငွေတောင်းတယ်ဆိုတဲ့အချက်ကို PLA ပြောခွင့်ရငြင်းဆို
  • ဘင်းမ် စတက် -BIMSTEC စုဖွဲ့မှုရဲ့အလှည့်ကျအတွင်းရေးမှူးချုပ်နိုင်ငံအဖြစ် နေပြည်တော်က လာမယ့်နှစ်မှာ တာဝန်ယူဖို့ရှိနေ
  • အမေရိကန်နိုင်ငံ၊ နယူးဂျာစီကအားကစားကွင်းထဲမှာ မြန်မာနိုင်ငံသားတချို့က ဒေါ် အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှု ပြုလုပ်
  • မြဝတီမြို့နယ်တောင်ပိုင်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာတို့မှာ တိုက်ပွဲဆက်ဖြစ်လာနိုင်တဲ့အတွက် ထိုင်းစစ်တပ်က နယ်စပ်တကြောမှာ လုံခြုံရေးကို အနီးကပ်စောင့်ကြည့်နေ
  • မြိုင်နယ်တစ်နေရာမှာ စစ်တပ်ရဲ့ Mi17 ရဟတ်ယာဥ်တစ်စင်းကို ဒီနေ့ ပစ်ချလိုက်တယ်လို့ မကွေးPDFက ထုတ်ပြန်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇွန် ၂၃ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မြိုင်မှာ စစ်တပ်ရဲ့ Mi 17 ရဟတ်ယာဥ်တစ်စင်းကို ပစ်ချလိုက်တယ်လို့ မကွေး PDF ပြော

    ၂၀၂၅ မေလတုန်းက ရွှေကူမြို့နယ်၊ စည်ငန်းရွာ အနောက်ဘက်တောထဲမှာ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်

    ဓာတ်ပုံ ရင်းမြစ်, ဗန်းမော်ကင်းထောက်အဖွဲ့

    ဓာတ်ပုံ ပုံစာ, ၂၀၂၅ မေလတုန်းက ရွှေကူမြို့နယ်၊ စည်ငန်းရွာ အနောက်ဘက်တောထဲမှာ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်(ပုံဟောင်း)

    မကွေးတိုင်းထဲက မြိုင်နယ်တစ်နေရာမှာ စစ်တပ်ရဲ့ Mi17 ရဟတ်ယာဥ်တစ်စင်းကို ဒီနေ့ ပစ်ချလိုက်တယ်လို့ မကွေး မကွေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က လွန်ခဲ့တဲ့မိနစ်ပိုင်းက ထုတ်ပြန်ပါတယ်။

    “ထိခိုက်သေဆုံးနဲ့ မှတ်တမ်းတွေကိုတော့ မြေပြင်စစ်ကြောင်းအခြေအနေရှင်းတာနဲ့ အသေးစိတ် ထပ်ထုတ်ပြန်ဖို့ရှိပါတယ်” လို့ မကွေး PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    စစ်အာဏာသိမ်းကာလအတွင်း တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်တွေ ပျက်ကျတာ၊ ပစ်ချခံရတဲ့ ၁၀ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး ပစ်ချခံရမှုအများစုက ကချင်ပြည်နယ်မှာဖြစ်ပါတယ်။

    အခုတစ်ခေါက် ရဟတ်ယာဉ်ပစ်ချခံရတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပေမဲ့ ဒါဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း စစ်တပ်ရဲ့ Mi 17 ရဟတ်ယာဥ်‌တွေထဲက တစ်စင်း ပစ်ချခံရတဲ့ပထမဆုံးဖြစ်စဉ်တော့ မဟုတ်ပါဘူး။

    ဒီနှစ် မတ်လအစပိုင်းက ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲကို စစ်ကူလာတဲ့ Mi-17 အမျိုးအစားထောက်ပို့ ရဟတ်ယာဉ်တစ်စီးကို ကချင်လွတ်လပ်‌ရေးတပ်(KIA) နဲ့ ပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါ‌သေးတယ်။

    ပြီးခဲ့တဲ့နှစ် မေလတုန်းကလည်း ဗန်းမော်တိုက်ပွဲကိုလာတဲ့ စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဉ်ကို KIA ကပစ်ခတ်ခဲ့လို့ ရွှေကူမြို့နယ်ထဲမှာ ပျက်ကျခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ နီးပါးသေဆုံးခဲ့တယ်လို့ KIA က အတည်ပြုခဲ့ပါတယ်။

    ဗန်းမော်မှာ Mi17 ရဟတ်ယာဥ်တွေကို ဒရုန်းနဲ့ဝင်တိုက်တာကြောင့် ပျက်ကျခဲ့တာကို တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်တဲ့ရုပ်သံတွေမှာ တွေ့ရပါတယ်။

    ၂၀၂၄ ဇန်နဝါရီလထဲမှာလည်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲမှာ ကေအိုင်အေက FN-6 ဒုံးနဲ့ ဒီရဟတ်ယာဥ်အမျိုးအစားကိုပဲ ပစ်ချခဲ့ဖူးပါတယ်။

    နေပြည်တော်ကတော့ မကွေး PDF အပြောအရ ပစ်ချခဲ့တယ်လို့ဆိုတဲ့ မြိုင်က အခြေအနေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

  3. မြဝတီဘက်မှာ တိုက်ပွဲဖြစ်လာနိုင်လို့ ထိုင်းစစ်တပ်က နယ်စပ်မှာလုံခြုံရေးမြှင့်

    နယ်စပ်လုံခြုံရေးစောင့်ကြည့်နေတဲ့ ထိုင်းစစ်သားတွေ

    ဓာတ်ပုံ ရင်းမြစ်, NBT

    ဓာတ်ပုံ ပုံစာ, နယ်စပ်လုံခြုံရေးစောင့်ကြည့်နေတဲ့ ထိုင်းစစ်သားတွေ (ပုံဟောင်း)

    ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး မြန်မာဘက်က မြဝတီမြို့နယ်တောင်ပိုင်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာတို့မှာ တိုက်ပွဲဆက်ဖြစ်လာနိုင်တဲ့အတွက် ထိုင်းစစ်တပ်က နယ်စပ်တကြောမှာ လုံခြုံရေးကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ထိုင်းဘက်က သတင်းထုတ်ပြန်ပါတယ်။

    မြဝတီမြို့နယ်ထဲက စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ရှေ့က တိုက်ပွဲတွေမှာလည်း ထိုင်း ပိုင်နက်ထဲကို ကျည်ထိမှန်တာတွေ ရှိတာကြောင့် အထူးသတိထားစောင့်ကြည့်နေတာဖြစ်တယ်လို့ ထိုင်းဘုရင့်တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီးဝင်းထိုင်းစူဝါရီက ဇွန် ၂၂ ရက်မှာ ပြောပါတယ်။

    ထိုင်း-မြန်မာနယ်စပ်တကြောမှာ ဇွန် ၂၁ ရက်ကစပြီး စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲ ပြန်ဖြစ်လာနိုင်တာ တွေ့ရတယ်လို့ ထိုင်းဘက်က ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    ကျောင်းသားတွေဘေးကင်းဖို့အတွက် ဇွန် ၂၂ ရက်မှာတော့ တိုက်ပွဲဖြစ်နိုင်တဲ့ နယ်စပ်ရဲ့ ထိုင်းဘက်ခြမ်းက မဲ့ကိုကင်းစာသင်ကျောင်းကို ထိုင်းအာဏာပိုင်တွေဘက်က ပိတ်ဖို့ညွှန်ကြားခဲ့ပါတယ်။

    ထိုင်းစစ်တပ်က တပ်ဖွဲ့ဝင်တွေကို အဆင်သင့်အနေအထားနဲ့ တာဝန်ချထားတယ်လို့ ထိုင်းဘုရင့်တပ်မတော်က ထုတ်ပြန်ပါတယ်။

  4. ဓာတ်ပုံစုစည်းချက် - ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှုကို ကမ္ဘာ့ဖလားကွင်းထဲ ပြုလုပ်

    ကမ္ဘာ့ဖလားပွဲကျင်းပနေတဲ့ အမေရိကန်နိုင်ငံ၊ နယူးဂျာစီကအားကစားကွင်းထဲမှာ မြန်မာနိုင်ငံသားတချို့က ဒေါ် အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

    အမေရိကန်ဒေစံတော်ချိန် ဇွန်လ ၂၂ ရက်မှာ ယှဉ်ပြိုင်ကစားတဲ့ နော်ဝေနဲ့ ဆီနီဂေါတို့ပွဲစဉ်မှာ အခုလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။

    ကမ်ပိန်းစလုပ်ချိန်မှာ လုံခြုံရေးအဖွဲ့က တားမြစ်တာရှိပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ရှင်းပြအပြီးမှာ ပွဲပြီးတဲ့အထိ လုပ်ဆောင်ခွင့်ရခဲ့တယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်သူ ကိုလတ်က ဘီဘီစီကို ပြောပါတယ်။

    “လုံခြုံရေးကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ မတရားဖမ်းဆီးခြင်းခံနေရပြီး ဘယ်ရောက်နေတယ်မသိရဘူးဆိုတာ ရှင်းပြခဲ့တယ်။ နော်ဝေအသင်း ပရိသတ်တွေကလည်းလာနှုတ်ဆက်ကြတယ်” လို့ ကိုလတ်က ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေအခြေစိုက် နိုဘယ်ငြိမ်းချမ်ရေးဆုရှင်လည်းဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုပ်ရှားမှုကို ကမ္ဘာ့ဖလားပွဲမစခင် ပရိသတ်ဇုန် နဲ့ ကွင်းအတွင်းပွဲကြည့်စင်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံရပြီး ထောင်ဒဏ် ချမှတ်ခံရတဲ့ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်းပြသဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေကို ကမ္ဘာတလွှားမှာ မြန်မာတွေက ပြုလုပ်နေတာဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ဇွန်လ ၁၉ ရက်မှာ အသက် ၈၁ နှစ်ပြည့်ပြီဖြစ်လို့ အသက်အရွယ်နဲ့ ကျန်းမာရေးကို စိုးရိမ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မိသားစု၊ ရှေ့နေတွေနဲ့တွေ့ခွင့်ပေးဖို့ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာက နေပြည်တော်ကို တောင်းဆိုနေပါတယ်။

    ကမ္ဘာ့ဖလားကွင်းပြင်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှု

    ဓာတ်ပုံ ရင်းမြစ်, Kyaw Soe Latt

    ဓာတ်ပုံ ပုံစာ, ကမ္ဘာ့ဖလားကွင်းပြင်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှု
    ကမ္ဘာ့ဖလားကွင်းပြင်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှု

    ဓာတ်ပုံ ရင်းမြစ်, Kyaw Soe Latt

    ဓာတ်ပုံ ပုံစာ, ကမ္ဘာ့ဖလားကွင်းပြင်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှု
    ကမ္ဘာ့ဖလားကွင်းပြင်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှု

    ဓာတ်ပုံ ရင်းမြစ်, Kyaw Soe Latt

    ဓာတ်ပုံ ပုံစာ, ကမ္ဘာ့ဖလားကွင်းပြင်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှု
  5. ၂၀၂၆ ကမ္ဘာ့ဖလား အုပ်အဆင့်ပွဲများ - အာဂျင်တီးနားနဲ့ ပြင်သစ်တို့ ဂိုးပြတ်နိုင်, နော်ဝေ ၃ - ၂ ဆီနီဂေါ

    မန်စီးတီးအသင်းမှာ တိုက်စစ်မှူးအဖြစ်ကစားနေတဲ့ ဟာလန်း တစ်ယောက်တည်းက နော်ဝေအသင်းအတွက် ၂ ဂိုးသွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မန်စီးတီးအသင်းမှာ တိုက်စစ်မှူးအဖြစ်ကစားနေတဲ့ ဟာလန်း တစ်ယောက်တည်းက နော်ဝေအသင်းအတွက် ၂ ဂိုးသွင်း

    နော်ဝေနဲ့ ဆီနီဂေါတို့ပွဲမှာတော့ ဆီနီဂေါ ကစားသမား ခူလီဘာလီရဲ့ဘောလုံးပေးတဲ့အမှားကို နော်ဝေအသင်း ကစားသမား မားကပ်စ် ပီဒါဆန်က အသုံးချနိုင်ခဲ့လို့ ပထမပိုင်းကစားချိန်ပြီးခါနီးမှာပဲ နော်ဝေအဖွင့်ဂိုး ရပါတယ်။

    အဲဒီနောက် အာလင်း ဟာလန်းက မိနစ်ပိုင်းပဲခြားပြီး နော်ဝေအတွက် ဒုတိယဂိုး သွင်းပါတယ်။ ဒုတိယပိုင်း ၃ မိနစ်မှာတော့ ဟာလန်းက ဒုတိယဂိုး ထပ်သွင်းပြီး နော်ဝေအတွက် ၃ ဂိုးရခဲ့ပါတယ်။

    ဆီနီဂေါအသင်းဘက်ကိုကြည့်ရင်တော့ အစ္စမီလာ ဆားရ်က မာနေး ပေးတဲ့ဂိုးတစ်လုံးအပါအဝင် ၂ ဂိုးသွင်းခဲ့ပေမဲ့ ဆီနီဂေါဟာ ၃ - ၂ ဂိုးနဲ့ ကျေနပ်ခဲ့ရပါတယ်။

    ဒီပွဲမှာ နော်ဝေဟာ နောက်ဆုံး ၃၂ သင်းအဆင့်ကို တက်သွားခဲ့ပြီဖြစ်ပါတယ်။

    ဒီပွဲကို အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်က နယူးယောက် နယူးဂျာစီကွင်းမှာ ယှဥ်ပြိုင်ခဲ့တာဖြစ်ပြီး ပရိသတ် ၈ သောင်းကျော်အားပေးခဲ့ပါတယ်။

    နော်ဝေအသင်းပရိသတ်တွေက ရှေးဗိုက်ကင်လူမျိုးတွေ လှေလှော်သလို ကွင်းအတွင်းမှာ နောဝေအသင်းကို အားပေး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နော်ဝေအသင်းပရိသတ်တွေက ရှေးဗိုက်ကင်လူမျိုးတွေ လှေလှော်သလို ကွင်းအတွင်းမှာ နောဝေအသင်းကို အားပေး

    အာဂျင်တီးနား ၂ - ၀ သြစတြီးယား

    သြစတြီးယားနဲ့ပွဲမှာမြင်ရတဲ့ မက်ဆီ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    အုပ်စု ဂျေပွဲစဉ်အဖြစ် အာဂျင်နီးနားနဲ့ သြစတြီးယားတို့ပွဲမှာတော့ အာဂျင်တီးနားက မက်ဆီရဲ့သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးပြတ်နိုင်ပါတယ်။

    ဒါကြောင့် ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ အိမ်ရှင်အသင်းအတွက် ဟတ်ထရစ် သုံးဂိုး သွင်းခဲ့တဲ့အသက် ၃၉ နှစ်အရွယ် မက်ဆီဟာ သြစတြီးယားနဲ့ပွဲမှာ ၂ ဂိုးထပ်သွင်းလိုက်တာဖြစ်ပါတယ်။

    ဒါကြောင့် အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ သြစတြီးယားကို သွင်းယူတဲ့ ဂိုးနှစ်ဂိုးကြောင့် ကမ္ဘာ့ဖလားပွဲတွေမှာ စုစုပေါင်း သွင်း ၁၈ ဂိုးနဲ့ စံချိန်သစ်တင်လိုက်ပါပြီ။

    ပြင်သစ် ၃ - ၀ အီရတ်

    ပန်ဆေဗေးနီးယားပြည်နယ်၊ ဖီလာဒဲဖီးယားမြို့မှာ ရာသီဥတုဆိုးရွားတဲ့အချိန် ကန်ခဲ့တဲ့ ပြင်သစ်နဲ့ အီရတ်တို့ပွဲမှာ အမ်ဘတ်ပေးက ပြင်သစ်အတွက် ၂ ဂိုးသွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ပန်ဆေဗေးနီးယားပြည်နယ်၊ ဖီလာဒဲဖီးယားမြို့မှာ ရာသီဥတုဆိုးရွားတဲ့အချိန် ကန်ခဲ့တဲ့ ပြင်သစ်နဲ့ အီရတ်တို့ပွဲမှာ အမ်ဘတ်ပေးက ပြင်သစ်အတွက် ၂ ဂိုးသွင်း

    ရာသီဥတုကြောင့် ဘောလုံးပွဲကို ၂ နာရီကြာ မရပ်နားရခင် ကီလီယန် အမ်ဘတ်ပေးက ပြင်သစ်အတွက် ပထမပိုင်း အဖွင့်ဂိုးကို သွင်းယူပါတယ်။

    ပွဲပြန်စချိန်မှာပဲ အမ်ဘတ်ပေးဟာ ကမ္ဘာ့ဖလားအတွက် ၁၆ ဂိုးမြောက် ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒါကြောင့် ပြင်သစ်ဟာ ၃၂ သင်းအဆင့်ကို ဆက်တက်သွားပြီဖြစ်ပါတယ်။

  6. အိန္ဒိယဦးဆောင်စုဖွဲ့တဲ့ BIMSTEC ကို နေပြည်တော် ဦးဆောင်ဖို့ရှိ

    ဇွန် ၂၂ ရက်၊ နေပြည်တော်မှာ တွေ့ဆုံတဲ့ ဘင်းမ်စတက်ရဲ့ လက်ရှိအတွင်းရေးမှူးချုပ်နဲ့  နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်

    ဓာတ်ပုံ ရင်းမြစ်, Head of State

    ဓာတ်ပုံ ပုံစာ, ဇွန် ၂၂ ရက်၊ နေပြည်တော်မှာ တွေ့ဆုံတဲ့ ဘင်းမ်စတက်ရဲ့ လက်ရှိအတွင်းရေးမှူးချုပ်နဲ့ နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်

    စီးပွားရေးနဲ့ထုတ်လုပ်မှုပိုင်းအရ အိန္ဒိယနိုင်ငံ ဦးဆောင်စုဖွဲ့တဲ့ ဘင်္ဂလားပင်လယ်အော် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(ဘင်းမ် စတက် -BIMSTEC) စုဖွဲ့မှုရဲ့အလှည့်ကျအတွင်းရေးမှူးချုပ်နိုင်ငံအဖြစ် နေပြည်တော်က လာမယ့်နှစ်မှာ တာဝန်ယူဖို့ရှိနေပါတယ်။

    မြန်မာနိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ ဘင်းမ်စတက်အဖွဲ့ရဲ့လက်ရှိအတွင်းရေးမှူးချုပ်က နေပြည်တော်မှာ ဦးမင်းအောင်လှိုင်ကို မနေ့က လာတွေ့တဲ့သတင်းကိုထုတ်ပြန်ရင်း မြန်မာဟာ ၂၀၂၇ ခုနှစ်အတွက် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူမယ့်အကြောင်းကို နေပြည်တော်က သတင်းထုတ်လာတာဖြစ်ပါတယ်။

    ဘင်းမ်စတက်ကို ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့နဲ့ဖွဲ့စည်းထားတာဖြစ်ပြီးအဖွဲ့ဝင်တွေဟာ အင်္ဂလိပ်အက္ခရာစဥ်အလိုက် အတွင်းရေးမှူးချုပ်နေရာကို အလှည့်ကျတာဝန်ယူကြတာပါ။

    လက်ရှိအိန္ဒိယကတာဝန်ယူထားတာကြောင့် သက်ဆိုင်ရာနိုင်ငံက နာမည်စာရင်းပေးသွင်း တာဝန်ပေးထားတဲ့ Mr. Indra Mani Pandey က ဘင်းမ်စတက်အနေနဲ့ မြန်မာနဲ့ ပူးပေါင်း ဆောင်ရွက်တာတွေကို ဆက်မြှင့်တင်သွားမယ်လို့ ပြောတဲ့အကြောင်း နေပြည်တော်က သတင်းထုတ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဧပြီ ၂ ရက်ကနေ ၄ ရက်အထိ ထိုင်းမှာ ကျင်းပတဲ့ ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးကို အဲဒီတုန်းက စစ်ကောင်စီဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဦးမင်းအောင်လှိုင်တက်ရောက်ခဲ့ပါတယ်။

    အဲဒီအစည်းအဝေးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်အနေနဲ့ တက်ခွင့်ရတဲ့ အမြင့်ဆုံးနိုင်ငံတကာအစည်းအဝေးတစ်ခုဖြစ်ပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တွေကတော့ စစ်ခေါင်းဆောင်တက်ခွင့်ရတဲ့အပေါ် ကန့်ကွက်ခဲ့သလို လူ‌ထောင်ချီသေဆုံးတဲ့ ငလျင်ပြီးခါစအချိန်မှာ ဘန်ကောက်ထိ အစည်းအဝေးသွားတက်တဲ့အပေါ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။

  7. စစ်ကိုင်းထဲက မိုင် ၁၀၀ ကျော်ရှည်တဲ့အာရှအဝေးပြေးလမ်းပိုင်းကိုပြန်ထိန်းချုပ်ဖို့ စစ်တပ်ကြိုးပမ်း

    အာရှလမ်းပိုင်းဖြတ်တဲ့ ကနီမြို့နယ်အတွင်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်း စစ်ကြောင်းထိုး မီးရှို့ခံရတဲ့အခြေအနေလို့ ဒေသခံတွေက ပြောပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Pyae Aung Naing

    ဓာတ်ပုံ ပုံစာ, အာရှလမ်းပိုင်းဖြတ်တဲ့ ကနီမြို့နယ်အတွင်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်း စစ်ကြောင်းထိုး မီးရှို့ခံရတဲ့အခြေအနေလို့ ဒေသခံတွေက ပြောပါတယ်

    စစ်ကိုင်းတိုင်းထဲ အိန္ဒိယရဲ့ဒေါ်လာသန်းရာချီ အကူအညီနဲ့ စီမံကိန်းဖော်ဆောင်ထားပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အာရှအဝေးပြေးလမ်းမကြီးရဲ့ မိုင် ၁၀၀ ကျော်လမ်းပိုင်းကို အပြည့်အဝပြန်လည်စိုးမိုးဖို့ စစ်တပ်က အင်အားဖြန့်ကြက်နေပါတယ်။​

    တိုင်းမြို့တော် မုံရွာကနေ ကလေးဝအထိပေါက်တဲ့ မုံရွာ-ယာကြီး -ကလေးဝ လမ်းပိုင်းကို စစ်တပ်က ပြန်ထိန်းချုပ်ဖို့ ပြင်နေတာဖြစ်ပြီး ဒီလမ်းဟာ အိန္ဒိယ - မြန်မာ- ထိုင်း ၃ နိုင်ငံဖြတ်ကျော် အာရှအဝေးပြေးကားလမ်းမစီမံကိန်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။​

    တဖက်မှာလည်း ဒီလမ်းပိုင်းဟာ မုံရွာမြို့ကို အတက်မှာ တရုတ်ရဲ့ကြေးနီစီမံကိန်းနဲ့ ချိတ်ဆက်နေပါတယ်။​

    စစ်တပ်ဟာ ခရိုင် ၃ ခုကို ဖြတ်သန်းသွားတဲ့အထိ အခရာကျတဲ့ဒီလမ်းပိုင်းကို ပြန်စိုးမိုးနိုင်ရေး ဗျူဟာကျကျ ထိုးစစ်ဖော်နေတယ်လို့ စစ်ကိုင်းအခြေစိုက် တော်လှန်ရေးရဲဘော် ကိုနှင်းရိပ်နွေက ဘီဘီစီကို ပြောပါတယ်။

    စစ်ကိုင်းနိုင်ငံရေး လေ့လာသူတချို့ကတော့ ဒီလမ်းပိုင်းဟာ စစ်ကိုင်းတိုင်းတစ်ခုလုံးကို ဖြန့်ကြက်ထိန်းချုပ်နိုင်ဖို့ ခြေကုပ်ယူနိုင်မယ့်အသက်သွေးကြောလို့ ရှုမြင်နေကြပါတယ်။

    အိမ်နီးချင်း အိန္ဒိယ၊ တရုတ်တို့ရဲ့အကျိုးစီးပွားတွေနဲ့ ဆက်နွှယ်နေတဲ့ဒီလမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ စစ်တပ် ဘယ်လိုကြိုးပမ်းနေလဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  8. တိုက်ချီတို၊ အင်ပီနဲ့ ပါပီ - ဒေါ်အောင်ဆန်းစုကြည်နဲ့ ခွေးကလေးတွေ

    ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ မြင်တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ချီတိုတို့ မြင်ကွင်း(ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Kim Aris

    ဓာတ်ပုံ ပုံစာ, ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ မြင်တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ချီတိုတို့ မြင်ကွင်း(ပုံဟောင်း)

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၂၀၁၀ နောက်ပိုင်း နိုင်ငံရေးလောကဓံနှစ်တွေတစ်လျှောက်လုံး အမြဲအနားမှာ ရှိနေခဲ့တဲ့ ခွေးကလေး "တိုက်ချီတို" ဟာ သခင်မဖြစ်သူနဲ့ ပြန်မဆုံရသေးခင်မှာပဲ ထွက်ခွာသွားခဲ့ပါပြီ။

    အသက် ၁၆ နှစ်ကျော်ရှိပြီဖြစ်တဲ့ တိုက်ချီတိုဟာ ၂၀၁၀ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ပြီးတဲ့နောက် သူ့ဘဝထဲ ရောက်လာခဲ့တဲ့ တစ်ကောင်တည်းသော အိမ်မွေးတိရစ္ဆာန် အဖော်ဖြစ်ခဲ့ပါတယ်။

    ၂၀၁၀ နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုတွေ၊ လွှတ်တော်အမတ်ဘဝနဲ့ နိုင်ငံတော်အတိုင်ပင်ခံတာဝန် ထမ်းဆောင်ခဲ့ရတဲ့ကာလတွေတစ်လျှောက်မှာ ခရီးထွက်ရတိုင်း တိုက်ချီတိုကို အိမ်မှာ ထားခဲ့ရတာအတွက် ဒေါ်အောင်ဆန်းစုကြည်က စိတ်မကောင်းဖြစ်တတ်တယ်လို့ သူနဲ့ အနီးကပ်နေခဲ့သူတစ်ဦးက ပြောပါတယ်။

    တိုက်ချီတိုဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ခွေးတစ်ကောင်ထက်ပိုတဲ့ သိတတ်မှုနဲ့ စောင့်ရှောက်မှုတွေရှိတယ်လို့လည်း အနားမှာရှိခဲ့သူတွေက ပြန်ပြောပြပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  9. ဖမ်းထားသူကိုပြန်ရွေးဖို့ မိသားစုကို သိန်း ၂ ထောင်တောင်းတယ်ဆိုတဲ့ NUG ရဲ့စွပ်စွဲချက်ကို PLA ငြင်းဆို

    PLA ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနား

    ဓာတ်ပုံ ရင်းမြစ်, PLA

    ဓာတ်ပုံ ပုံစာ, PLA ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနား(ပုံဟောင်း)

    မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ဖမ်းဆီးထားတဲ့အရပ်သားကို ပြန်ရွေးဖို့ မိသားစုကို သိန်း နှစ်ထောင်တောင်းခံခဲ့တယ်ဆိုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ဟာ စွပ်စွဲချက်သာဖြစ်ပြီး မမှန်ကန်ဘူးလို့ PLA ပြောခွင့်ရသူ ကိုဝေယံဖြိုးမိုးက ပြောပါတယ်။

    ဒီအရပ်သားကို ပြန်လည်လွှဲပြောင်းပေးရေးနဲ့ပတ်သက်ပြီး နောက်ဆက်တွဲဖြစ်စဉ်အနေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ မြင်းခြံခရိုင်တပ်ရင်းက ခရိုင်ထဲက ဆုတ်ခွာသွားပြီဖြစ်တဲ့ PLA စခန်းကို စီးနင်းခဲ့လို့ PDF ၄ ဦး မိုင်းထိမှန်သေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက မနေ့ညပိုင်းမှာ စာထုတ်ပါတယ်။

    အဲဒီထုတ်ပြန်ချက်ထဲ ဖမ်းဆီးထားတဲ့အရပ်သားကို ပြန်ရွေးဖို့ မိသားစုကို သိန်းနှစ်ထောင် ငွေတောင်းခံတယ်လို့ဆိုတဲ့ NUG ထုတ်ပြန်ချက်ကို PLA ဘက်က ဒီမနက်ပိုင်းမှာ ပြန်လည်တုံ့ပြန်တာဖြစ်ပါတယ်။ NUG ကတော့ PLA ဟာ တောင်သာမြို့နယ်က အရပ်သားအမျိုးသားတစ်ဦးကို မေ ၂၆ ရက်မှာ ဖမ်းဆီးပြီး ကား၊ ဆိုင်ကယ်နဲ့ ငွေသားတွေကိုလည်း သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့ကို သူ့ အမျိုးသမီးက သိန်းနှစ်ရာ၊ ငါးရာနဲ့လာညှိတယ်။ ကျွန်တော်တို့ လက်မခံလို့ ပကဖ၊ ပအဖတွေဆီ တိုင်တန်းစာပို့တာ ဖြစ်တယ်။ ကျွန်တော်တို့ဘက်က ငွေကြေးတောင်းခံတယ်ဆိုတဲ့အခြေအနေက မဟုတ်ပါဘူး” လို့ ကိုဝေယံဖြိုးမိုးကပြောပါတယ်။

    NUG ကတော့ PLA ဟာ ဒီအမျိုးသားကို သတ်ပစ်မယ်ခြိမ်းခြောက်တာကြောင့် သူ့အမျိုးသမီးက တောင်သာပလဖရုံးကို ဆက်သွယ်အကူအညီတောင်းလာတယ်လို့ မနေ့ညက ထုတ်ပြန်ချက်မှာ ပြောပါတယ်။ ဖမ်းဆီးထားသူကို လွှတ်ပေးဖို့ ဇွန် ၁၈ ရက်မှာ NUG က စာပေးပို့သတိပေးပေမဲ့ ဇွန် ၁၉ ရက်မှာ ပြန်မလွှတ်ပေးနိုင်ဘူးလို့ PLA က အကြောင်းပြန်တယ်လို့ ဆိုပါတယ်။

    PLA ကတော့ သူတို့ဖမ်းဆီးထားတဲ့ အမျိုးသားဟာအရပ်သားမဟုတ်ဘဲ စစ်တပ်ကို သတင်းပေးတာကြောင့် လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်နေရတာဖြစ်တယ်လို့ ကိုဝေယံဖြိုးမိုးက ပြောပါတယ်။

    “ရဲဝန်ထမ်းချစ်ကိုဦးနဲ့ အမျိုးသမီးကိုဖမ်းဆီးရမိတဲ့ဖြစ်စဥ်တစ်ခုရှိခဲ့တယ်။ သူတို့ကိုလည်း တောင်သာပကဖကိုလွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်။ သူတို့ရဲ့ဝန်ခံထွက်ဆိုချက်အရရော ဒေသတွင်းက တော်လှန်ရေးတပ်ဖွဲ့လှုပ်ရှားမှုတွေကို သတင်းပေးတယ်ဆိုတာ သူကိုယ်တိုင်ထွက်ဆိုထားတာလည်း ရှိတယ်” လို့ သူကပြောပါတယ်။

    ဒီအမျိုးသားကို PLA က ဇွန် ၂၂ ရက်မှာမှ တောင်သာမြို့နယ်၊ ဝဲလောင်းရွာနဲ့ ရွာသစ်ရွာကြားမှာ ဒဏ်ရာတွေနဲ့ သတိလစ်လျက် ပြန်တွေ့ပြီး သူ့ပိုင်ပစ္စည်းတွေကိုတော့ PLA က အပ်နှံတာမရှိဘူးလို့ NUG က ဆိုပါတယ်။

    NUG က ဝိုင်းဝန်းပိတ်ဆို့နေချိန်ဖြစ်တာကြောင့် လုံခြုံရေးအရဆုတ်ခွာရချိန်ဖြစ်တာကြောင့် ပစ္စည်းလွှဲပြောင်းဖို့ မဖြစ်နိုင်ခဲ့တာလို့ PLA ပြောခွင့်ရက ဒီအချက်နဲ့ ပတ်သက်လို့ မှတ်ချက်ပေး ပါတယ်။

    ဇွန် ၂၂ ရက်မှာ NUG က PLA စခန်းတွေကို ဝင်ရောက်ချိန်မှာ အဲဒီတပ်ဖွဲ့က မိုင်းထောင်ခဲ့တာကြောင့် ရဲဘော် ၄ ဦး ကျဆုံးကာ အများအပြားဒဏ်ရာရတယ်လို့ မနေ့ညက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    PLA ကတော့ မိုင်း‌ထောင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ စခန်းလုံခြုံရေးအရ မဖြစ်မနေ လိုအပ်လို့ လုပ်ထားတာဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိမိုင်းထောင်ခဲ့တာမဟုတ်ဘူးလို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ထိခိုက်ကျဆုံးတဲ့ ရဲဘော်တွေအတွက် စိတ်ထိခိုက်ရတယ်လို့ ကိုဝေယံဖြိုးမိုးက ပြောပါတယ်။ NUG ကတော့ PLA နဲ့ ပတ်သက်တဲ့ ပြည်သူ့တိုင်ကြားချက် နောက်ဆက်တွဲဖြစ်စဥ်တွေကို ဆက်ထုတ်ပြန်မယ်လို့ ဇွန် ၂၂ ရက်ညပိုင်းမှာ ပြောထားပါတယ်။

  10. မင်္ဂလာပါ။ ဇွန်လ ၂၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။