ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းတပ်ဖွဲ့ဝင် ၂၀၀ လောက် နေ့စဉ် ဆုံးရှုံးနေရတယ်လို့ သမ္မတအကြံပေးပြော
ယူကရိန်းသမ္မတရဲ့ အကြီးတန်း အကြံပေးတယောက်က နေ့စဉ် ရှေ့တန်းမှာ ယူကရိန်းတပ်ဖွဲ့ဝင်ပေါင်း ၁၀၀ ကနေ ၂၀၀ ကြား ကျဆုံးနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။
Mykhaylo Podolyak မီခေလို ပိုဒိုလ်ယတ်ခ် က ယူကရိန်းအရှေ့ဖျားက ဒွန်ဘတ်စ် ဒေသမှာ ရုရှားနဲ့ စစ်ရေးချိန်ခွင်လျှာ ညှိနိုင်ဖို့ အတွက် အနောက်နိုင်ငံတွေက လက်နက်ကြီး စနစ်တွေ အမြန်လိုအပ်နေပြီလို့လည်း ဆိုပါတယ်။ နောက်ပြီး ကိယဗ်ဘက်က မော်စကိုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စတင်ဖို့ အသင့် မဖြစ်သေးဘူးလို့လည်း ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ဒွန်ဘတ်စ် ဒေသကို ထိန်းချုပ်ဖို့ ကြိုးစားနေကြတဲ့ ရုရှားတပ်တွေရဲ့ မရပ်မနား ပစ်ခတ်မှုတွေအောက်မှာ ခေါင်းမဖော်နိုင် ဖြစ်နေကြပါတယ်။
မစ္စတာ ပိုဒိုလ်ယတ်ခ်က ရုရှားဘက်က နျူကလီးယားက လွဲလို့ လက်နက်ကြီးတွေ၊ ဒုံးကျည်တွေနဲ့ လေကြောင်းကပါ မကျန် ရှိသမျှ အကုန်ပုံပြီး တိုက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး အခုလို ယူကရိန်းတပ်ဖွဲ့တွေ အကျအဆုံး များနေရတာဟာလည်း ရုရှားနဲ့ ယူကရိန်းစစ်တပ်အကြား အင်အားက မယှဉ်သာအောင် ဖြစ်နေတာကြောင့်လို့ ပြောပြီး အနောက်နိုင်ငံတွေက လက်နက်တွေ ပိုမို ထောက်ပံ့ပေးဖို့ပါ ထပ်မံ တောင်းခံလိုက်ပါတယ်။
အခုလို လက်နက်ကြီးတွေ ပေးဖို့ ပြောနေတာကလည်း စိတ်ကူးပေါက်ပြီး ပြောနေတာ မဟုတ်ကြောင်း၊ စစ်မြေပြင်က အခြေအနေတွေအရ တကယ်လိုအပ်နေလို့ ဖြစ်ကြောင်း သူက ပြောပါတယ်။ ဆက်လက်ပြီး ရုရှားနဲ့ ယှဉ်ပစ်ဖို့ ဆိုရင် ဒုံးကျည် စနစ် ၁၅၀ ကနေ ၃၀၀ ကြားလိုနေတယ်လို့လည်း ဆိုပါတယ်။ ဒါဟာ လက်ရှိ ရရှိထားတဲ့ အရေအတွက်ထက် အများကြီး ပိုနေပါတယ်။
ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ဆိုတာကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ နောက်ပိုင်း ရုရှားဘကက် သိမ်းထားတဲ့ နယ်တွေကို ပြန်ပေးမှပဲ ဖြစ်နိုင်မယ်လို့ သူက ဆိုပါတယ်။
မစ္စတာ ပိုဒိုလ်ယက်ခ်ပြောသလို နေ့စဉ် ယူကရိန်းတပ်ဖွဲ့ဝင် ၁၀၀ ကနေ ၂၀၀ ကြားကျဆုံးနေရတာဟာ အရင်က မှန်းဆခဲ့တာထက် ပိုများနေပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ယူကရိန်း ကာကွယ်ရေး ဝန်ကြီး အိုလက်စကီ ရက်ဇ်နီကော့ဗ် က နေ့စဉ် ယူကရိန်း တပ်ဖွဲ့၀င် ၁၀၀ လောက် ကျဆုံးနေပြီး ၅၀၀ လောက် ဒဏ်ရာရရှိနေတယ်လို့ ပြောခဲ့ပါတယ်။
ဒီလို အရေအတွက် ကွာဟနေတာကို ကြည့်ရင်လည်း ရှေ့တန်းစစ်မြေပြင်က အခြေအနေတွေကို သတင်းအတိအကျ ရဖို့ ဘယ်လောက်အထိ ခက်ခဲ့နေသလဲ ဆိုတာကိုပါ သိမြင်နိုင်ပါတယ်။
ယူကရိန်းဘက်က ဒီလို အကျအဆုံးများနေသလိုပဲ ရုရှားဘက်ကလည်း အကျအဆုံးတွေ များနေတယ်လို့ မစ္စတာ ရက်ဇ်နီကော့ဗ်က ပြောပါတယ်။
ကရင်မလင်က အင်အားသုံးပြီး စစ်ဆင်တယ်၊ အပြင်းအထန် ခုခံမှုတွေနဲ့ ကြုံတော့ ဆက်မတိုးနိုင်ဘဲ အကျအဆုံးလည်း တော်တော်များကြတယ် ဒါပေမယ့် ရှေ့တန်းက တချို့နေရာတွေမှာတော့ ရှေ့ဆက်တိုးဖို့ အတွက် တပ်တွေ ရှိနေဆဲ ဖြစ်တယ်လို့ သူကဆိုပါတယ်။
အလားတူပဲ လူဟန့်စ်ခ် ဒေသ အုပ်ချုပ်ရေးမှူး ဆာဂေ ဂိုင်ဒိုင်ကလည်း ရုရှားဘက်က ယင်ကောင်တွေလိုပဲ တဖြုတ်ဖြုတ်နဲ့ ကျနေကြတာလို့ ပြောပါတယ်။ ဒါပေမယ့် မစ္စတာ ပိုဒိုလ်ယက်ခ်လိုပဲ သူကလည်း ယူကရိန်းဘက်မှာလည်း လက်နက်ကြီး အားနည်းလို့ အကျအဆုံး များနေတယ်လို့ ဆိုပါတယ်။
ရုရှားတပ်တွေဟာ ဆက်ဗရာဒိုညက်စ် မြို့ကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ မစ္စတာ ဇလန်းစကီးက ဒွန်ဘတ်စ်ရဲ့ အနာဂတ်ကို ဒီတိုက်ပွဲက အဆုံးအဖြတ် ပေးသွားနိုင်တယ်လို့ ပြောပါတယ်။ အခု အဲဒီမြို့ဟာ ရုရှားဘက်က မရပ်မနား ပစ်ခတ်နေတဲ့ လက်နက်ကြီးနဲ့ ဒုံးကျည်တွေကြောင့် ပြာပုံဘဝ ရောက်နေပြီလို့လည်း ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။
တခါ ယူကရိန်း တပ်ဖွဲ့တွေဘက်က ဝင်ရောက် တိုက်ခိုက်ပေးရင်း အဖမ်းခံခဲ့ရတဲ့ ဗြိတိန်သား ၂ ယောက်နဲ့ မော်ရိုကို လူမျိုး တယောက်ကိုတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အသိအမှတ်ပြု မခံရတဲ့ ဒွန်ညက်စ် ပြည်သူ့ သမ္မတနိုင်ငံဆိုပြီး အမည်ပေးထားတဲ့ နယ်မြေထဲမှာ ရှိတဲ့ တရားရုံးက သေဒဏ်ချမှတ် လိုက်ပါတယ်။
ဒီလူတွေကို အာဏာသိမ်းဖို့ အကြမ်းနည်းကို သုံးခဲ့တဲ့ ကြေးစားစစ်သားတွေ ဖြစ်တယ်ဆိုပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မာရီယူပိုးလ်မှာ ဝမ်းရောဂါ ကူးစက်မှုတွေ ကြုံလာမယ့် အန္တရာယ်ရှိ
ယူကေ ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားဟာ သူတို့ သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ အခြေခံ လူမှု ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့မှာ မနိုင်မနင်း ဖြစ်နေတယ်လို့ ဆိုပါတယ်။
ယူကေ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ နေ့စဉ် ထောက်လှမ်းသတင်း ထဲမှာ အဲဒီဒေသတွေထဲမှာ သောက်သုံးရေသန့် ပုံမှန် မရရှိကြသလို တယ်လီဖုန်းနဲ့ အင်တာနက် တွေကလည်း အကြီးအကျယ် ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။
ခါဆွန်မြို့မှာဆိုရင် ဆေးဝါး မလုံလောက်မှုတွေ စိုးရိမ်စရာကောင်းလောက်အောင် ဖြစ်နေသလို မာရီယူပိုးလ်မြို့မှာလည်း ဝမ်းရောဂါ ကူးစက်မှုတွေ ဖြစ်လာမယ့် အန္တရာယ်ရှိနေကြောင်း၊ ပြီးခဲ့တဲ့ လကတည်းက ဒီလို ရောဂါ ဖြစ်ပွားမှုတချို့ ကို တွေ့နေခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မာရီယူပိုးလ်မှာ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေဟာ လုံးဝနီးပါး ပြိုလဲလုနေပြီဖြစ်ပြီး ဝမ်းရောဂါ ကူးစက်မှုတွေဟာ ဖြစ်လို့ကတော့ ပိုဆိုးလာဖို့ပဲ ရှိတော့ကြောင်း ဖော်ပြထားပါတယ်။
ဆက်လက်ပြီး ဆက်ဗရာဒိုညက်စ် မြို့မှာလည်း ရုရှားဘက်က နေရာ အများစုကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပေမယ့် မြောက်ပိုင်းကနေ တောင်ပိုင်းအထိ ဝိုင်းထားဖို့ ကြိုးစားရာမှာတော့ ဘာမှ သိပ်မထူးလာတဲ့အကြောင်း ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
မာရီယူပိုးလ် ဒုတိယ မြို့တော်ဝန်ကလည်း သူတို့ မြို့ထဲမှာ ကျန်းမာရေး စနစ်ဟာ တစ်ဖြည်းဖြည်းပိုဆိုးလာနေပြီလို့ ပြောပါတယ်။ ဆာဟီ အိုလော့ဗ်ဟာ ကိုယ်တိုင် မာရီယူပိုးလ် မြို့ထဲမှာ ရှိမနေတော့ပေမဲ့ မြို့ထဲမှာ ကျန်နေသေးတဲ့ လူ ၁၀၀,၀၀၀ လောက် ရှိပြီး ဝမ်းရောဂါ အပါအဝင် ရောဂါဆိုးတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ရေသန့်စနစ်ကလည်း အလုပ်မလုပ်တော့ဘူး၊ အပျက်အစီးတွေကြားမှာ အလောင်းတွေကလည်း ရှိနေတယ်၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုတာလည်း အားနည်းနေတော့ ဒီလို ကူးစက်ရောဂါတွေ ဖြစ်လာနိုင်ဖို့ နီးစပ်နေတယ်လို့ သူက ပြောပါတယ်။
ဆက်လက်ပြီး ယူကရိန်း အစိုးရဘက်က လူသားချင်း စာနာမှု အကူအညီတွေ ပေးဖို့ ကြိုးစားပေမယ့် ရုရှားကအကုန်ပိတ်ဆို့ထားတယ်၊ မြို့ထဲမှာလည်း ဘယ်ပရဟိတ အဖွဲ့တွေမှ ရှိမနေဘူး၊ ကြက်ခြေနီ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၊ ကုလသမဂ္ဂ ဘယ်အဖွဲ့မှ ရှိမနေဘူးလို့ ဆိုပါတယ်။
ဆိုတော့ မြို့ခံတွေမှာ သူတို့မြို့ကို ကျူးကျော်သိမ်းပိုက်ထားတဲ့ ရုရှားဘက်က ပေးတဲ့ လူမှုအကူအညီ နည်းနည်းလေးပဲ ရနေတယ်။ ဒါကလည်း မှန်းကြည့်နိုင်သလောက်ဆို တော်တော်နည်းပါးပြီး တကယ်လိုအပ်နေတဲ့ အစားအစာနဲ့ သောက်သုံးရေ ပမာဏရဲ့ ၁၀ ပုံ ၁ ပုံလောက်ပဲ ရှိတယ်လို့ သူက ပြောပါတယ်။
ဒီလိုအခြေအနေမှာ လှောင်ထားတဲ့ ရိက္ခာကကုန်၊ အလုပ်အကိုင်လည်း မရှိ၊ စုဆောင်းထားတဲ့ ငွေကလည်း ကုန် နဲ့ ဖြစ်လာပြီး တကယ့် လူမှု ဒုက္ခအကြီးအကျယ် ကျရောက်နေပြီ ဖြစ်တယ်လို့ ဆာဟီ အိုလော့ဗ်က ဆိုပါတယ်။