ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆက်ဗယ်ရာဒွန်းညက်စ်တိုက်ပွဲက ယူကရိန်းအရှေ့ဘက်စစ်ပွဲကို အဆုံးအဖြတ်ပေးမှာလို့ ဇယ်လန်းစကီးကပြော
- ရေးသားသူ, ပက်ထရစ် ဂျက်ဆန်
- ရာထူးတာဝန်, BBC News
- ရေးသားခဲ့သည်။
နိုင်ငံရဲ့အရှေ့ဘက်မှာဖြစ်နေတဲ့ စစ်ပွဲရလဒ်ကို ဆက်ဗယ်ရာဒွန်းညက်စ်မြို့အတွက် တိုက်နေတဲ့တိုက်ပွဲကနေ အဆုံးအဖြတ် ပေးသွားလိမ့်မယ်လို့ ယူကရိန်း သမ္မတ ဗိုလော့ဒီမီယာ ဇယ်လန်းစကီးက ပြောပါတယ်။
သူတို့ တပ်ဖွဲ့တွေက ရန်သူတွေ ကျဆုံး ဆုံးရှုံးမှု ကြီးမားအောင် လုပ်ဆောင်နေတယ်လို့လည်း သူက ပြောပါတယ်။
ဒါပေမယ့် ဒေသဆိုင်ရာ ယူကရိန်း ထိပ်တန်းအရာရှိတယောက်ရဲ့ အဆိုအရတော့ ယူကရိန်း တပ်ဖွဲ့တွေဟာ မြို့ဆင်ခြေဖုံးဘက်ထိရောက်အောင် ပြန်တိုက်ထုတ် ခံနေရတယ်လို့ သိရပါတယ်။
လူဟန့်စ်ဒေသ (ဒီဒေသက သူနဲ့ကပ်လျက် ဒွန်းညက်စ်ဒေသနဲ့ ပေါင်းပြီး ဒွန်းဘတ်စ် ဒေသဖြစ်လာတာပါ) အုပ်ချုပ်ရေးမှူး ဆာဟေ ဟိုင်ဒိုင်က ရုရှားက "ဧရိယာတခုလုံးကို ပြားပြားဝပ်သွားအောင် အမြောက်နဲ့ထုတာ၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့နောက် အထူးတပ်ဖွဲ့တွေ ပြန်ဆုတ် လာရတယ်"လို့ ပြောပါတယ်။
" မြို့က ဆင်ခြေဖုံးနေရာတွေကို ကျွန်တော်တို့တွေ ပြန်ထိန်းထားနိုင်ပြီ"လို့ သူက ဒေသတွင်း မီဒီယာတွေကို ပြောပါတယ်။ "ဒါပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ကျွန်တော်တို့ တပ်ဖွဲ့တွေက ဆက်ဗယ်ရာဒွန်းညက်စ်ကို ကာကွယ်သွားမှာပါ။"
"ရုရှားတပ်တွေ မြို့ကို လုံးဝထိန်းချုပ်သွားပြီဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"လို့လည်း သူက ထပ်ဖြည့်ပြောပါတယ်။
ဆက်ဗယ်ရာဒွန်းညက်စ်နဲ့ အဲဒီနားက မြို့ဖြစ်တဲ့ လစ်စလီချန့်ခ်မြို့ထဲမှာ အရပ်သားတွေ ၁၅,၀၀၀ လောက်ကျန်နေသေးတယ်လို့လည်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ယူကရိန်းဘက်က "လူအင်အားတွေ၊ လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ ကြီးကြီးမားမား ဆုံးရှုံးနေပြီ"လို့ ရုရှားတို့က ဗုဒ္ဓဟူးနေ့မှာ ပြောပါ တယ်။
ရုရှားတပ်တွေ ယူကရိန်း မြို့တော် ကိယက်ဗ်နား ဒေသတဝိုက်က ပြန်ဆုတ်လာပြီးတဲ့နောက် မတ်လကုန်ပိုင်းလောက်က စလို့ စစ်ပွဲက နိုင်ငံအရှေ့ဘက်မှာ အဓိက ဖြစ်နေတာပါ။ ဒွန်းဘတ်စ် ဒေသရဲ့ ဧရိယာအများအပြားကို ရုရှားက နောက်ခံရပ်ပေးထားတဲ့ ခွဲထွက်ရေး အဖွဲ့တွေက သူတို့ စဆန့်ကျင်တဲ့၂၀၁၄ နဲ့ ၂၀၁၅ ကာလ လောက်ကတည်းက ထိန်းချုပ်ထားတာပါ။
ဒီကာလမှာပဲ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတားရက်စ်က ရုရှားရဲ့ ကျူးကျော်မှုကြောင့် ဖြစ်လာတဲ့ ဆိုးကျိုး ဆက်တွေက ပိုဆိုးလာနေတယ်၊ လူဦးရေ သန်းပေါင်း ၁,၆၀၀ ထိခိုက်နေရပြီ လို့ ပြောလိုက်ပါတယ်။
သူက "စစ်ပွဲကနေ အစားအစာလုံလောက်စိတ်ချရရေး၊ စွမ်းအင်နဲ့ ဘဏ္ဍာရေးတွေ စတဲ့ အပိုင်းတွေမှာ ဆိုးဆိုးဝါးဝါးနဲ့ အရှိန်ပြင်းပြင်း ထိခိုက်လာနေတယ်" လို့ ပြောပါတယ်။
ဘီဘီစီနဲ့ အင်တာဗျူးတခုမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် နဂိုဇီ အိုကွန်ဂျို အိုင်ဝီယဲလ်လာက ဖြေရှင်းဆောင်ရွက်တာတွေမလုပ်ကြဘူးဆိုရင် အစားအစာ အကျပ်အတည်းက နှစ်တွေနဲ့ချီပြီး ကြာနိုင်တယ်လို့ ပြောပါတယ်။
အာဖရိကနိုင်ငံတွေအနေနဲ့ ဂျုံနဲ့ ဓာတ်မြေသြဇာပြတ်တောက်မှုတွေကို အကြီးအမား ခံစားကြရမယ်လို့လည်း မစ္စ နဂိုဇီက ပြောပါတယ်။
စစ်ပွဲကြောင့် ပြင်ပကို တင်ပို့လို့ မရတဲ့အတွက် ဂျုံ တန်ချိန်သန်းပေါင်းများစွာဟာ ယူကရိန်းက ကုန်လှောင်ရုံတွေနဲ့ ဆိပ်ကမ်းတွေမှာ သောင်တင်နေပါတယ်။
အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ၊ ကုမ္ပဏီအများအပြား နိုင်ငံထဲက ထွက်သွားတာတွေ၊ တင်ပို့ကုန် ပြိုလဲတာတွေ စတာတွေကြောင့် ဒီနှစ်အကုန်မှာ ရုရှားရဲ့ စီးပွားရေးက ၁၅% ရှုံ့သွားမှာဖြစ်ပြီး ၂၀၂၃ ကျရင် နောက်ထပ် ၃% ထပ်တိုးပြီး ရှုံ့သွားလိမ့် မယ်လို့ နိုင်ငံတကာ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေက ယုံကြည်နေကြပါတယ်။
ရုရှားရဲ့ စွမ်းအင်ပိုင်း မှီခိုနေရမှုကို ဥရောပက တဖြည်းဖြည်းဖြတ်လိုက်မယ်ဆိုရင် ဒီစာရင်းဇယားတွေက ပိုပြီး ဆိုးနိုင်တယ်လို့ နိုင်ငံတကာ ဘဏ္ဍာရေး အင်စတီကျု (Institute of International Finance) က သတိပေးထားပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ သူတို့ အနေနဲ့ ယူကရိန်းကို စစ်မဲ့ဇုန်လုပ်ဖို့၊ နာဇီတွေကို နှိမ်နင်းဖို့ ဆိုတဲ့ အများက လက်မခံကြတဲ့ အကြောင်းပြချက်တွေနဲ့ ရုရှားက ကျူးကျော်ခဲ့တာပါ။
စစ်ပွဲစဖြစ်ချိန်ကနေ အခုအချိန်အထိ အနည်းဆုံး အရပ်သား ၄,၂၅၃ ယောက် သေဆုံးခဲ့ရပြီး ၅,၁၄၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ စာရင်းတွေအရ သိရပါတယ်။ နှစ်ဖက်လုံးက တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေ ထောင်နဲ့ချီပြီးလည်း သေဆုံးရပြီး ဖြစ်ပါတယ်။ လူပေါင်း ၁၄ သန်း ကျော်လည်း သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရပါတယ်။