ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လီဂျန်ကီ- တရုတ်ဆယ်လီ နှုတ်ခမ်းနီဘုရင်ကြောင့် တီယန်နန်မင်ရင်ပြင် အရေးအခင်းကိစ္စ အစပြန်ပေါ်လာ
- ရေးသားသူ, ဖရန်စစ် မော်
- ရာထူးတာဝန်, ဘီဘီစီသတင်းဌာန
- ရေးသားခဲ့သည်။
တရုတ်မျိုးဆက်သစ် လူငယ်လေးတွေက ၁၉၈၉ ခုနှစ် တီယန်နန်မင်ရင်ပြင် အရေးအခင်းအကြောင်း မသိကြဘဲ ကြီးပြင်းလာကြတာပါ။ ဒါပေမဲ့ တရုတ်အစိုးရ နှစ်ပေါင်းများစွာ ဖုံးဖိထားဖို့ ကြိုးစားလာခဲ့တဲ့ ဒီအရေးအခင်းကိစ္စဟာ အွန်လိုင်းပေါ်က အရှုပ်တော်ပုံဖြစ်ရပ်တစ်ခုကြောင့် မေးခွန်းထုတ်စရာတွေ ပေါ်လာခဲ့ပါတယ်။
လီဂျန်ကီ ဟာ တရုတ်နိုင်ငံမှာ နာမည်အကြီးဆုံး အွန်လိုင်းဆယ်လီတွေထဲက တစ်ယောက်ဖြစ်ပြီး သူ့မှာ အားပေးသူ ၆၄ သန်း ရှိပါတယ်။ အသက် ၃၀ အရွယ် လီဂျန်ကီဟာ အသားအရည်ထိန်းသိမ်းတဲ့ ဆေးတွေကအစ ကလေးအသုံးအဆောင်၊ လက်ဝတ်ရတနာ၊ မိတ်ကပ်ပစ္စည်းအဆုံး အွန်လိုင်းပေါ်ကနေ လိုက်ဗ်လွှင့်ပြီး ရောင်းသူ ဖြစ်ပါတယ်။ လူကြည့်များတဲ့ သူ့ရဲ့ လိုက်ဗ်တစ်ခုမှာ နှုတ်ခမ်းနီ အတောင့်ပေါင်း တစ်သောင်း ငါးထောင် ပြိုက်ကနဲ ရောင်းထွက်သွားလို့ သူ့ကို "နှုတ်ခမ်းနီဘုရင်" လို့ ခေါ်ကြပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ညကတော့ လီဂျန်ကီ လိုက်ဗ် လွှင့်နေတုန်း သူ့ရဲ့လိုက်ဗ် တစ်ဝက်တပြက်နဲ့ ပြတ်ကျသွားခဲ့ပါတယ်။
အသံချိုပြီး ကေပေါ့ပ် အဆိုတော်လို ရုပ်ဖြောင့်တာကြောင့် လူကြိုက်များတဲ့ လီဂျန်ကီဟာ အဲဒီနေ့တုန်းက သားရေစာမုန့်တွေ ရောင်းနေရင်း သူ့ပရိသတ်ကို ဗနီလာကိတ်မုန့်တစ်လုံး ထုတ်ပြနေတာပါ။
စစ်တင့်ကားပုံ အဲဒီကိတ်မုန့်မှာ အိုရီယို ချော့ကလက်ဘီစကစ်ပြားတွေကို တင့်ကားဘီးအဖြစ် အလှဆင်ထားသလို ဝေဖာချောင်းတစ်ချောင်းနဲ့ အမြောက်ပုံ ဖော်ထားပါတယ်။ သူ့ရဲ့ လိုက်ဗ်လွှင့်တဲ့ ဇွန်လ ၃ ရက်နေ့ဟာ တီယန်နန်မင်ရင်ပြင်မှာ လူတွေ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ ၃၃ နှစ်ပြည့် အကြိုနေ့ ဖြစ်ပါတယ်။ ဇွန်လ ၄ ရက်နေ့ရောက်တိုင်း ကမ္ဘာတဝန်းမှာ ရှိတဲ့ တရုတ်လူမျိုးတွေက တီယန်နန်မင်ရင်ပြင် အရေးအခင်း နှစ်ပတ်လည်အဖြစ် ဖယောင်းတိုင်ထွန်းပြီး ဆုတောင်း ဝတ်ပြုကြလေ့ ရှိပါတယ်။ အဲဒီနေ့မှာ လနဲ့ချီ ဆန္ဒပြနေကြတဲ့ ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားသူ ထောင်ပေါင်းများစွာကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ် ဖြိုခွဲဖို့ တီယန်နန်မင်ရင်ပြင်ထဲကို တင့်ကားတွေ တန်းစီ ဝင်လာတဲ့ ပုံတွေကို ဒီအချိန်မှာ ပြန်အမှတ်ရနေကြပါတယ်။
အဲဒီအချိန်က ပုံတွေထဲမှာ လူတွေ စိတ်ထဲစွဲကျန်ရစ်နေတဲ့ ပုံကတော့ တင့်ကားတွေ တန်းစီလာနေတဲ့အရှေ့မှာ အရပ်သားတစ်ယောက်က စျေးဝယ်အိတ်တွေ လက်မှာကိုင်ရင်း တင့်ကားတွေကို တားဖို့ ကြိုးစားနေတဲ့ ပုံပါ။ သူ့ကို ဆွဲခေါ်သွားတာ ခံခဲ့ရပြီး အဲဒီလူ ဘာဖြစ်သွားသလဲ၊ သူဘယ်သူလဲဆိုတာကို ခုချိန်ထိ မသိကြပါဘူး။
အဲဒီနေ့က လူဘယ်နှစ်ယောက် သေဆုံးခဲ့သလဲဆိုတာ ဘယ်လိုမှ မသိနိုင်ကြပါဘူး။ ခန့်မှန်းခြေကတော့ ရာဂဏန်းကနေ သုံးထောင်ဝန်းကျင်လောက် ရှိမယ်လို့ ဆိုကြပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံမှာ ဇွန်လ ၄ ရက်ဖြစ်ရပ်အကြောင်း လူကြားထဲ ခုချိန်ထိ မပြောရဲ မဆိုရဲ ရှိနေကြဆဲပါ။ အဲဒီနေ့ ဆန္ဒပြမှုနဲ့ လူတွေ အစုလိုက်အပြုံလိုက် အသတ်ခံရမှုအကြောင်း ကိုးကားပြောဆိုချက်တွေကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီး လူမှုကွန်ရက်ပေါ်မှာ ဒီအကြောင်းပို့စ်တွေ တင်ရင်လည်း ဖြုတ်ချခံရတတ်ပါတယ်။
နားမလည်မှုတွေနဲ့ မေးခွန်းတွေ ထုတ်လာကြ
ခုခေတ်မျိုးဆက်သစ် လူငယ်လေးတွေက တီယန်နန်မင်ရင်ပြင်က ဆန္ဒပြသူတွေ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ အကြောင်း မကြားဖူးခဲ့ကြဘဲ ကြီးပြင်းလာကြတာ ဖြစ်ပါတယ်။ သောကြာနေ့က လီဂျန်ကီရဲ့ လိုက်ဗ်ကို ကြည့်နေကြသူတွေထဲမှာ အတော်များများက ၂၀၀၀ ခုနှစ်နောက်ပိုင်း မွေးခဲ့ကြသူတွေနဲ့ Gen Z ဂျန်ဇီ မျိုးဆက်လူငယ်တွေ ဖြစ်ပါတယ်။ လိုက်ဗ်လွှင့်နေတာ ရုတ်တရက် ပြတ်သွားအပြီး လီဂျန်ကီ သူ့လိုက်ဗ်မှာ ပြန်ပေါ်မလာတော့ပါဘူး။ ခဏနေတော့ သူ့ရဲ့ ဝေဘိုအကောင့်ကနေ လီဂျန်ကီက နည်းပညာပိုင်း ချွတ်ယွင်းသွားလို့ လိုက်ဗ်ပြတ်သွားတာပါ ဆိုပြီး ပို့စ်တင်ခဲ့ပါတယ်။
ဒါပေမဲ့ သူကတော့ လုံးဝ ပြန်ပေါ်မလာတော့ပါဘူး။ အခုနှစ်ရဲ့ အကြီးဆုံး အွန်လိုင်းရှော့ပင်းပွဲတော်တစ်ခုအတွင်း လောလောဆယ် သူ့ရဲ့ လိုက်ဗ်ရှိုး ၃ ခုလောက် မတွေ့ရတာကြောင့် လူတွေ ပိုမေးခွန်းထုတ်လာကြပြီး အချေေအတင် ပြောစရာတွေ ဖြစ်လာခဲ့ပါတယ်။
သူဘာကြောင့် ဆင်ဆာဖြတ်ခံထိရတာလဲဆိုတာကို တချို့က ချက်ချင်း သဘောပေါက်ခဲ့ကြပေမဲ့ တချို့ကတော့ ဇဝေဇဝါနဲ့ နားလည်ရ ခက်နေကြပါတယ်။
"အဲဒီတင့်ကားက ဘာအဓိပ္ပာယ်လဲ" လို့ ဘာမှ မသိရှာသူတစ်ယောက်က လိုက်မေးနေသလို နောက်တစ်ယောက်ကလည်း "မုန်ပဲသားရေစာ ရောင်းတာ ဘာများမှားလို့လဲ" လို့ မေးခွန်းထုတ်ခဲ့ပါတယ်။
လူမှုကွန်ရက်ပေါ်က တချို့လူတွေကတော့ "သိချင်ရင် သူတို့ရဲ့ ချက်ဘော့က်စ်မှာ လာမေးကြပါ"လို့ အကြံပေးသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ တချို့ကတော့ လီဂျန်ကီ ပျောက်ချင်းမလှ ပျောက်သွားတဲ့ကိစ္စကို သွယ်ဝိုက်တဲ့ စကားလုံးတွေနဲ့ပဲ ကိုးကားပြောခဲ့ကြပါတယ်။
ဒီကိစ္စအကြောင်းကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်ပိုင်း တလျှောက်လုံး လူမှုကွန်ရက်ပေါ်မှာ ပြောနေကြတာပါ။ ဒါပေမဲ့ တနင်္လာနေ့ ရောက်တဲ့အခါမှာတော့ တရုတ်အစိုးရရဲ့ ဆင်ဆာဖြတ်မှုတွေနဲ့ စရင်ဆိုင် လာခဲ့ကြရပါ တော့တယ်။
လီဂျန်ကီ လိုက်ဗ်လွှင့်ခဲ့တဲ့ တောင်ဘောင်း အွန်လိုင်းအရောင်းစာမျက်နှာပေါ်မှာ သူ့ရဲ့ ပရိုဖိုင်းလ်ကို မတွေ့ရတော့ပါဘူး။ တင့်ကား ကိတ်မုန့်ပုံတွေ အားလုံးလည်း တရုတ်လူမှုကွန်ရက် စာမျက်နှာတွေပေါ်ကနေ ဖြုတ်ချခံခဲ့ရပါတယ်။
ဒီကိတ်မုန့်ဇာတ်လမ်းကို အသိနောက်ကျခဲ့သူတွေကလည်း "အဲဒီကိတ်မုန့်ပုံက ဘယ်လိုမျိုးလဲ ချက်ဘောက်စ်ကနေ တစ်ယောက်ယောက်များ ပြောပြလို့ ရမလား၊ အွန်လိုင်းပေါ်မှာ လိုက်ရှာကြည့်တာ ရှာလို့မတွေ့လို့ပါ" ဆိုပြီး အသည်းအသန် လိုက်မေးနေကြပါတယ်။
တစ်ယောက်ကတော့ "အမလေးနော်…. တောင်းများတောင်းရက်လေတယ်၊ အဲဒီကိတ်မုန့် ဓာတ်ပုံကို ချက်ဘောက်စ်ကနေများ ပို့လိုက်ရင် ကျုပ်တို့ အကြီးအကျယ် ဒုက္ခတွေ့သွားမှာ၊ ဘယ်သူက ပို့ပေးရဲမှာလဲ" လို့ ပြန်ရန်တွေ့ထားတာလည်း တွေ့ရပါတယ်။
နိုင်ငံရေးအမြင် ထုတ်ဖော်ချက်လား ဒါမှမဟုတ် အကွက်ဆင်ခံရတာလား
အွန်လိုင်းပေါ်က လူအနည်းအပါးကတော့ ဒါဟာ လီဂျန်ကီက နိုင်ငံရေးအမြင်ကို ထုတ်ပြဖို့ လုပ်တာလို့ ယူဆနေကြပါတယ်။
သူ့ရဲ့ ဆယ်လီအနေအထားအရ နိုင်ငံရေးအရ အတိမ်းအစောင်းမခံတဲ့ အချက်တွေကို ဘယ်လို ထုတ်ဖော်ပြလို့ ရမလဲ၊ ဒုက္ခမရောက်အောင် ဘယ်လို ရှောင်ကွင်းနိုင်မလဲ ဆိုတာကို လီဂျန်ကီ သိထားတယ် လို့ သူတို့က ဆိုပါတယ်။ ဒါ့အပြင် လီဂျန်ကီဟာ အရင်က နိုင်ငံရေးနဲ့ ပတ်သက်တာ တစ်ခါမှ မပြောခဲ့ဖူးပါဘူး။
တချို့ကတော့ တီယန်နန်မင်ရင်ပြင် အရေးအခင်း အကြောင်း မသိသူတွေထဲမှာ လီဂျန်ကီ လည်း ပါကောင်းပါနိုင်တယ်လို့ အငြင်းပွားခဲ့ကြပါတယ်။
သူ့ရဲ့ အမာခံပရိသတ် အတော်များများကလည်း လီဂျန်ကီကို အကျနာအောင် သူ့ပြိုင်ဘက်တွေက တမင် အကွက်ဆင်ပြီး သောကြာနေ့ လိုက်ဗ်ရှိုးမှာ အဲဒီ တင့်ကားကိတ်မုန့်ကို ထည့်ခဲ့တာလား လို့ တွေးနေကြပါတယ်။
ကိတ်မုန့် မထုတ်လာခင်လေးမှာ ရိုက်ထားတာဆိုတဲ့ ဗီဒီယိုကလစ်တစ်ခုကတော့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နေပြီး တင့်ကား ကိတ်မုန့် ရောင်းမယ့်အကြောင်း ကြေညာလိုက်ချိန်မှာ လီဂျန်ကီ အံ့သြသွားတဲ့ပုံကို တွေ့ရပါတယ်။
အဲဒီဗီဒီယိုထဲမှာ အနောက်ဘက်က အကူအမျိုးသားတစ်ယောက်က တင့်ကားပုံပစ္စည်းတစ်ခု သူတို့ ရောင်းဖို့ ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ လီဂျန်ကီက "ဘာပြောတယ်၊ တင့်ကား ဟုတ်လား" လို့ ရီမော ပြောလိုက်တဲ့အခါ သူနဲ့အတူ တွဲရောင်းနေတဲ့အမျိုးသမီးက "လီဂျန်ကီနဲ့ ငါ ည ၁၁ နာရီအထိ ဒီမှာ ရှိပါတော့မလား ကြည့်ရအောင်"လို့ ပြောခဲ့တာကို ကြားရပါတယ်။
ည ၉ နာရီ ထိုးပြီးပြီးချင်းမှာပဲ သူတို့တွေ လိုင်းပေါ်ကနေ ပြုတ်သွားပါတယ်။
တရုတ်နိုင်ငံမှာ ငွေသန်းပေါင်းများစွာ ရောင်းဝယ်လုပ်ကိုင်နေကြတဲ့ အပြိုင်အဆိုင် လိုက်ဗ်လွှင့် စျေးရောင်းတဲ့ လောကမှာ လီဂျန်ကီရဲ့ အဓိကပြိုင်ဘက် နှစ်ဦး အခွန်ရှောင်တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ အာဏာပိုင်တွေနဲ့ ပြဿနာတက်ခဲ့အပြီး လပိုင်းအကြာမှာပဲ ဒီကိတ်မုန့် ကိစ္စ ဖြစ်ခဲ့တာပါ။
"လိုက်ဗ်လွှင့်စျေးရောင်းတဲ့ နောက်ဆယ်လီတစ်ယောက်ဖြစ်တဲ့ "ဝေယ" က ပြုတ်သွားပြီလေ၊ လီဂျန်ကီ တစ်ယောက်ပဲ ဒီလောကကို စိုးမိုးနိုင်လာတော့မှာ ဒါ့ကြောင့် သူ့ကို ပစ်မှတ်ထား လုပ်ကြံတာပေါ့" လို့ လူမှုကွန်ရက်ပေါ်မှာ တစ်ယောက်က ရေးထားပါတယ်။
နောက်တစ်ယောက်ကတော့ "လီဂျန်ကီရဲ့ အဖွဲ့ထဲက အတွင်းလူတစ်ယောက်ယောက်က အကွက်ဆင်လုပ်ခဲ့တာ ဒါမှမဟုတ် တခြားပြိုင်ဘက် ကုမ္ပဏီတစ်ခုက သူ့ကို ဒုက္ခရောက်အောင် တမင်လုပ်တာ ထင်တယ်" လို့ ရေးထားပါတယ်။
လီဂျန်ကီ သူ့လိုက်ဗ်ရှိုးကို ပြန်လာတဲ့အခါကျမှ အခုလို အချေအတင် ပြောနေကြတာတွေ ရပ်သွားမယ့်ပုံရှိပါတယ်။ လောလောဆယ်မှာတော့ မေးခွန်းထုတ်စရာတွေက ဆက်ရှိနေမှာပါ။
"ဒီကိတ်မုန့်ကို ပြမိတာနဲ့ ဘာ့ကြောင့် သူချက်ချင်း ဒုက္ခရောက်သွားတာလဲ၊ ပုံသဏ္ဍာန်တွေနဲ့ ပတ်သက်ရင် ဒီလောက်တောင် သတိထားနေဖို့ လိုမလား၊ ဒီနိုင်ငံမှာ ဘာတွေ ဖြစ်ကုန်ပြီလဲ" လို့ ဝေဘို လူမှုကွန်ရက်ပေါ်ကနေ တစ်ယောက်က မေးခွန်းထုတ်ထားပါတယ်။
ဒါပေမဲ့ တခြားလူတွေအတွက်ကတော့ သူတို့မသိအောင် ဖုံးကွယ်ခံထားရတဲ့ ဖြစ်ရပ်တစ်ခုကို ဒီကိတ်မုန့်ဇာတ်လမ်းကြောင့် ဖော်ထုတ် သိလာခဲ့ရပါတယ်။
"ကျေးဇူးပါ လီရေ။ မင်းကြောင့် ဒီရာဇဝင်သမိုင်းကို ငါသိခွင့်ရခဲ့ပါပြီ" လို့ ဝေဘိုလူမှုကွန်ရက် စာမျက်နှာ သုံးသူတစ်ဦးက ရေးထားပါတယ်။