အမေရိကန်ဝန်ကြီး ၂ဦး ရဲ့ ယူကရိန်းခရီး

ရေးသားခဲ့သည်။

အမေရိကန် ဝန်ကြီး ၂ ဦးနဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အမေရိကန်ဝန်ကြီး ၂ ဦးနဲ့ ယူကရိန်းသမ္မတ ဇလန်းစကီး

ယူကရိန်းကို ဝင်ကျူးကျော်တာလိုမျိုး မလုပ်နိုင်အောင်အတွက် ရုရှားအားနည်းသွားတာကို သူ တွေ့မြင် လိုတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ကိယက်ဗ်ကို သူ အတူခရီးသွားခဲ့ပြီး အဲဒီကနေ ပိုလန်ကိုပြန်ရောက်စဉ်မှာ ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က အခုလို ပြောလိုက်တာပါ။

သမ္မတပူတင် ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတွေအနေနဲ့ ယူကရိန်းကို သွားတာဟာ ဒီအကြိမ်က ပထမဆုံးလည်း ဖြစ်ပါတယ်။

တနင်္ဂနွေနေတုန်းက အမေရိကန် ဝန်ကြီး ၂ ဦးဟာ ရထားစီးပြီး ကိယက်ဗ်မြို့ကို သွားကာ ယူကရိန်း သမ္မတ ဗလိုဒီမီယာ ဇလန်းစကီး နဲ့ တွေ့ဆုံခဲ့ပါတယ်။

ယူကရိန်း မီးရထားပို့ဆောင်ရေးဆိုင်ရာဌာန အကြီးအကဲက ရထား ဘူတာရုံ ၅ ရုံဟာ ရုရှားတို့ရဲ့ တိုက်ခိုက်မှုဒဏ်ကို ခံခဲ့ရတယ်လို့ တနင်္လာနေ့ မနက်ပိုင်းက ပြောပါတယ်။

ကိယဗ်မြို့အနီးမှာ ပျက်စီးသွားတဲ့ရုရှားတင့်ကားတစ်စီး

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကိယဗ်မြို့အနီးမှာ ပျက်စီးသွားတဲ့ရုရှားတင့်ကားတစ်စီး

အမေရိကန်က ယူကရိန်းကို နောက်ထပ် စစ်ရေးအကူအညီ ဒေါ်လာ သန်း ၇၀၀ ပေးမယ်

အမေရိကန် ကာကွယ်ရေးဝန်ကြီး ကိယက်ဗ်မြို့ကို တနင်္ဂနွေနေတုန်းက ရောက်ရှိခဲ့ရာမှာ ယူကရိန်းမြို့တော် ကိယဗ်ကို သွားရာလမ်းမှာ အခြေအနေတွေက ပုံမှန် ပြန်ဖြစ်ဖို့ အစပြုနေပြီလို့ ပြောပါတယ်။

ယူကရိန်းတိုက်ပွဲနဲ့ ပတ်သက်ပြီး သဘောသဘာဝ ပြောင်းလဲလာတာကြောင့် တာဝေးပစ်လက်နက်တွေ ပို လိုအပ်ပြီး တင့်ကားတွေ လိုအပ်တဲ အကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။

ယူကရိန်းစစ်မြေပြင်မှာ အမေရိကန်တပ်ဖွဲ့တွေ မရှိတဲ့အတွက် ယူကရိန်းကို လွှဲပြောင်းပေးမယ့် လက်နက်တွေကို အမေရိကန်က ခြေရာခံဖို့ ခက်ခဲတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ လက်နက်တွေကို အတတ်နိုင်ဆုံး ခြေရာခံဖို့ ယူကရိန်းနိုင်ငံသားတွေနဲ့ စကားပြောခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းတွေမှာ သူတို့အတွက် သင့်တော်မှန်ကန်တဲ့ လက်နက်တွေရလို့ရှိရင် သူတို့စစ်ပွဲမှာ အနိုင်ရလိမ့်မယ်လို့လည်းသူကပြောပါတယ်။

အမေရိကန်ဝန်ကြီးတွေ ခရီးစဉ်အတွင်မှာ အမေရိကန် သံတမန်တွေ ယူကရိန်းကို တဖြည်းဖြည်းချင်းပြန်လာလိမ့်မယ်လို့ ထုတ်ပြောခဲ့ပြီး အမေရိကန်က ယူကရိန်းကို နောက်ထပ် စစ်ရေးအကူအညီ ဒေါ်လာ သန်း ၇၀၀ ပေးဖို့ရှိတယ်လို့လည်း ပြောပါတယ်။

ယူကရိန်းနိုင်ငံသားတွေက တိုင်းပြည်အတွက် ခိုင်မာစွာ ရပ်တည်နေချိန်မှာ ရုရှားတပ်ဖွဲ့တွေဟာ သူတို့ရဲ့ စစ်ပွဲရည်မှန်းချက်တွေမှာ ကျရှုံးနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က ပြောကြားခဲ့ပါတယ်။

မာရီယူပိုလ်းမှာ ရုရှားက အပစ်ရပ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မာရီယူပိုလ်းမှာ ရုရှားက အက်ဇော့ဗ်စတဲလ် သံမဏိစက်ရုံဝင်းထဲကအရပ်သားတွေကို ထွက်ဖို့အ ပစ်ရပ်ထား

ရုရှား ဘရိုင်ယန်စ်မြို့က ရေနံလှောင်စည်ကြီးတွေ မီးလောင်

ရုရှားနိုင်ငံအနောက်ပိုင်းမှာရှိပြီး ယူကရိန်းနယ်စပ်နဲ့ ကီလိုမီတာ ၁၅၀ လောက်ဝေးတဲ့ ဘရိုင်ယန်စ်မြို့က ရေနံလှောင်စည်ကြီးတွေ မီးလောင်နေတယ်လို့ ရုရှားအစိုးရ ရုပ်မြင်သံကြားက ကြေညာပါတယ်။

ရေနံပိုက်လိုင်းကုမ္ပဏီ Transneft က ပိုင်ဆိုင်တဲ့ နေရာတစ်ခုမှာ မီးလောင်နေတာကို အရေးပေါ် ငြိမ်းသတ်နေတယ်လို့ ရုရှား သတင်းဌာန Russia 24 က ထုတ်လွှင့်သွားပါတယ်။

ဒေသဆိုင်ရာ ရုပ်သံလွှင့်ဌာနတစ်ခုဖြစ်တဲ့ GTRA Bryansk က စစ်ဘက်ဌာနတစ်ခုအတွင်းက နောက်ထပ် ရေနံလှောင်စည်ကြီးတစ်ခု မီးလောင်နေတယ်လို့ သတင်းပို့ပါတယ်။

မီး ဘာ့ကြောင့်လောင်သလဲ ဆိုတာကိုတော့ အစိုးရက တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

အဲဒီဒေသနဲ့ အိမ်နီးချင်း တခြားရုရှားဒေသတခုဖြစ်တဲ့ ကတ်စ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက နယ်စပ်မြို့ ရိုင်စကီနားမှာ တနင်္လာနေ့က ယူကရိန်းဒရုမ်း ၂ စင်း အပစ်ချခံလိုက်ရတယ်လို့ ဆိုပါတယ်။

ရုရှားအနောက်ပိုင်းက လောင်စာဆီလှောင်ကန် နေရာတစ်ခုကို ယူကရိန်း ရဟတ်ယာဉ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဧပြီလအတွင်းမှာ ရုရှားက ထုတ်ဖော်ပြောခဲ့ပါတယ်။

ရုရှားတို့ထိန်းချုပ်ထားတဲ့ မာရီယူပိုလ်းမြို့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားတို့ထိန်းချုပ်ထားတဲ့ မာရီယူပိုလ်းမြို့

မာရီယူပိုလ်းမှာ ရုရှားက အပစ်ရပ်ထား

မာရီယူပိုးလ်းမြို့မှာ အဝိုင်းခံထားရတဲ့ အက်ဇော့ဗ်စတဲလ် သံမဏိစက်ရုံဝင်းထဲက အရပ်သားတွေကို ထွက်ခွာနိုင်ခွင့်ပေးဖို့အတွက် သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အပစ်အခတ်ရပ်ပေးတာက အခုအချိန်ဆိုရင် အသက်ဝင်နေပြီလို့ ဆိုပါတယ်။

စက်ရုံဝင်းထဲမှာ ပိတ်မိနေတဲ့ ဘယ်အရပ်သားမဆို သူတို့ ထွက်သွားချင်တဲ့ အရပ်မျက်နှာတိုင်းက ထွက်ခွာနိုင်တယ်လို့ ရုရှားတို့ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ပါဝင်ပါတယ်။

တစ်ချိန်ထဲမှာပဲ စက်ရုံဝင်းထဲမှာ ရှိနေတဲ့ ယူကရိန်းတိုက်ခိုက်ရေးသမားတွေ လက်နက်ချဖို့ကိုလည်း ရုရှားတို့က တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ကြိုတင်စီစဉ်ထားတဲ့ အတိုင်း မော်စကိုကို ခရီးစဉ် မစခင်လေးအချိန်မှာ အခုကြေညာချက် ထွက်ပေါ်လာတာပါ။