အမေရိကန်က ယူကရိန်းကိုပေးထားတဲ့လက်နက်တွေက ဘယ်လိုအထောက်အကူဖြစ်လဲ

Ukrainian soldier with a Javelin

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ်အတွင်း ယူကရိန်း စစ်သားတယောက် တင့်ကားဖျက် ဂျက်ဗဲလင် (Javelin) မစ်ဇိုင်း ပစ်ခတ်မှုကို လေ့ကျင့်စဉ်
    • ရေးသားသူ, Bernd Debusmann Jr
    • ရာထူးတာဝန်, BBC News
  • ရေးသားခဲ့သည်။

မီးလောင်ပျက်စီးသွားတဲ့ ရုရှားတင့်ကားပျက် တစီးရဲ့ပုံကို ဖုန်မှုန့်တွေကြား တွေ့ရပါတယ်။ အဲဒီဓာတ်ပုံနဲ့ ကပ်လျက်ပုံမှာတော့ ဒီတင့်ကားပျက်သွားအောင် ချလိုက်ပုံရတဲ့ လက်နက်ကိုကိုင်ထားတဲ့ ယူ့ကရိန်းစစ်သား တယောက်ရဲ့ပုံကို တွေ့ရပါတယ်။

ယူကရိန်းစစ်တပ်က တွစ်တာကနေတဆင့် တင်လိုက်တဲ့ အဲဒီဓာတ်ပုံတွေအောက်မှာ "ဂျက်ဗဲလင် (Javelin) မှန်သွားတဲ့ ရုရှားတင့်ကား"လို့ အောင်ပွဲခံ စာတန်းရေးထိုးထား ပါတယ်။

ပခုံးထမ်းပစ်ရတဲ့ ဂျက်ဗဲလင် တင့်ကားဖျက် မစ်ဇိုင်းလက်နက်က အပူပစ်မှတ်ကိုရှာတဲ့ ရော့ကက်ဒုံးကျည်တွေ ဖြစ်ပြီး ၄ ကီလိုမီတာ (၂ မိုင်ခွဲ)အကွာအဝေးအထိ ပစ်နိုင်ပါတယ်။ တမီတာ လောက်ရှည်တဲ့ အဲဒီဒုံးကျည်သွားတဲ့ လမ်းကြောင်းကို ရွှေ့ပြောင်းသယ်ယူလို့ရတဲ့ ထိန်းချုပ်ရေး ကိရိယာလေးနဲ့ ဗီဒီယို ဂိမ်းကစားသလို လမ်းကြောင်းကိုထိန်းနိုင်တာဆိုတော့ သံချပ်ကာ တင့်ကား တွေရဲ့ ဘေးနံ ဒါမှမဟုတ် ထိပ်ကို မှန်အောင် ပစ်နိုင်ကြပါတယ်။

အမေရိကန်လုပ် လက်နက်တွေ သူတို့ရနေတာကို ရုရှားစစ်တပ်အကြားမှာ "ထိတ်လန့်နေကြ"တယ်လို့ ယူကရိန်းစစ်တပ်က ဆိုပါတယ်၊ အမေရိကန်ကလည်း လက်နက်တွေကို အရေအတွက် ထောင်နဲ့ ချီပြီး ပို့ထားပါတယ်။

အမေရိကန်က ယူကရိန်းကို ပို့ပေးနေတဲ့ စစ်ရေးထောက်ပံ့မှုတွေထဲမှာ ဂျက်ဗဲလင် မစ်ဇိုင်းအများအပြား ပါဝင်ပါတယ်။

ရုရှားတို့ စကျူးကျော်တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်က စလို့ ကြည့်ရင် ယူကရိန်းကို စုစုပေါင်း စစ်ရေး အကူအညီ ဒေါ်လာ ၃ ဘီလျံ ကျော်ဖိုး ရောက်ရှိပြီးပါပြီ။

ကြာသပတေးနေ့တုန်းက သမ္မတဂျိုးဘိုင်ဒန် ကြေညာခဲ့တဲ့ နောက်ဆုံးအကူအညီက ဒေါ်လာ သန်း ၈၀၀ ဖိုးဖြစ်ပြီး အဲဒီထဲမှာ အမြောက်ကြီးတွေ၊ ဟောင်ဝစ်ဇာ အမြောက်နဲ့ ဒရုမ်းတွေ ပါဝင်ကာ ဒါတွေက ယူကရိန်းအရှေ့ပိုင်းလို မြေပြန့်လွင်ပြင်တွေအတွက် အသုံးတည့်ပါတယ်။ သမ္မတဘိုင်ဒန်က ရုရှားအလံတင် သင်္ဘောတွေကိုလည်း အမေရိကန် ဆိပ်ကမ်းတွေမှာ ဝင်ခွင့် မပေးဘဲ ပိတ်ထား ပါတယ်။

ပို့ပေးတဲ့ ဒရုမ်းတွေက ဗုံးတွေကို သယ်ဆောင်ကာ ကြဲချနိုင်သလို၊ ဝေဟင်မှာ ပျံဝဲနေတဲ့ ရဟတ်ယာဉ်ကို ပစ်ချနိုင်တဲ့ လက်နက်တွေကိုလည်း တပ်ဆင်ထားပါတယ်။

ဒါပေမယ့် သူတို့ထက် အင်အားလည်းကောင်း၊ လက်နက်လည်းသာတဲ့ ရုရှားစစ်တပ်ကို ယူကရိန်းက ဒီလိုအကူအညီတွေနဲ့ အောင်ပွဲခံ နိုင်မလား။

ယူကရိန်းကို အမေရိကန်က ဘာတွေပို့ထားပြီလဲ

ယူကရိန်းအတွက် နောက်ဆုံးလောလောလတ်လတ်ပို့ထားတဲ့ အမေရိကန်စစ်ရေးအကူအညီတွေထဲမှာ ဟောင်ဝစ်ဇာ အမြောက်တွေ အရေအတွက် ဒါဇင်နဲ့ချီပြီး ပါဝင်ပါတယ်၊ ဟောင်ဝစ်ဇာနဲ့ ပစ်လိုက်တဲ့ အမြောက်ကျည်က ဝေဟင်ထဲမှာ ခပ်မြင့်မြင့် နေရာကနေ သွားကာ အဝေးမှာရှိတဲ့ ပစ်မှတ်ကို တိုက်ခိုက်နိုင်ပါတယ်။ ပို့ထားတဲ့ အထဲမှာ အဲဒီလို အမြောက် မျိုးတွေနဲ့ အမြောက်ကျည်ပေါင်း ၁၄၄,၀၀၀ လုံး ပါဝင်သလို၊ ဒရုမ်းတွေလည်း ပါပါတယ်။

"စစ်ပွဲနောက်တဆင့်ကိုသူတို့တက်နေကြတဲ့အချိန်မို့ ကျွန်တော်တို့ဟာ အရေးကြီးတဲ့အချိန်ကို ရောက်နေကြပြီ"လို့ မစ္စတာ ဘိုင်ဒန်က ဗုဒ္ဓဟူးနေ့က ပြောကာ လွင်ပြင်များတဲ့ ယူကရိန်းအရှေ့ပိုင်း ဒွန်းဘတ်စ် ဒေသဆီကို စစ်ကရွေ့သွားတဲ့အချိန် "ယူကရိန်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့" လက်နက်တွေကို ပို့ပေးတာလို့ ဆိုပါတယ်။

ယူကရိန်းအတွက် လက်နက်တွေပို့ပေးတဲ့နေရာမှာ အရင်တုန်းက ပို့ပေးတဲ့အထဲမှာတော့ ကျည်ကာအင်္ကျီတွေ၊ ကျည်ကာ ခေါင်းဆောင်းတွေ၊ လက်နက်ငယ်တွေကအစ ရေဒါစနစ်တွေ၊ သံချပ်ကာကားတွေ၊ ဆိုဗီယက်ခေတ်ထုတ် ရဟတ်ယာဉ်တွေ အဆုံး စစ်လက်နက် ပစ္စည်းမျိုးစုံ ပါဝင်ပါတယ်။

ဂျက်ဗဲလင် မစ်ဇိုင်းလိုလက်နက်တွေအပြင် စွမ်းအားမြင့်တဲ့ လက်နက်တွေထဲမှာ အာဖဂန်နစ္စတန်စစ်ပွဲကာလမှာတုန်းက ဆိုဗီယက် တိုက်လေယာဉ်တွေကို ပစ်ချနိုင်လို့ နာမည်ကျော်ခဲ့တဲ့ စတင်ဂါ (Stinger) လေယာဉ်ပစ် မစ်ဇိုင်းဒုံးကျည်တွေလည်း ယူကရိန်းကို ပေးတဲ့အထဲမှာ ပါဝင်ပါတယ်။

ရန်သူ့ပစ်မှတ်နေရာကို ထိုးချပြီး ဖောက်ခွဲတိုက်ခိုက်နိုင်တဲ့ " ဆွစ်ဘလိတ် (Switchblade)" ဒရုမ်းတွေလည်း ရာနဲ့ချီပြီး အမေရိကန်က ပို့ထားပါတယ်။

ယူကရိန်းစစ်တပ်က အကျွမ်းတဝင်မဖြစ်သေးတဲ့ လက်နက်တွေကို ယူကရိန်းကို ပံ့ပိုးဖို့ အမေရိကန်စစ်တပ်အရာရှိတွေက တုံ့ဆိုင်းနေခဲ့ပေမယ့် ဒီသီတင်းပတ်အတွင်းမှာပဲ ပင်တဂွန် ပြောခွင့်ရသူ ဂျွန် ကတ်ဘီက ဆွစ်ဘလိတ် ဒရုမ်း နဲ့ အမေရိကန်လုပ် အမြောက်စနစ်တွေ ဘယ်လိုကိုင်တွယ်အသုံးပြုရတယ်ဆိုတာကို သူတို့ ယူကရိန်းတပ်ဖွဲ့ဝင် "အနည်းငယ်"ကို သင်တန်းပေးမယ်လို့ အတည်ပြုပြောပါတယ်။

"သူတို့လိုအပ်တဲ့၊ လိုချင်တဲ့ စွမ်းဆောင်ရည်ပိုင်းတွေကို အာရုံစိုက်ပြီး ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင်လုပ်နေပါတယ်၊ နောက်တခုကတော့ စစ်မြေပြင်မှာ မြန်မြန်နေရာချလို့ ရအောင် သင်တန်းပေးချိန် သိပ်မလိုတဲ့ လက်နက်ပစ္စည်းမျိုးတွေကို သူတို့ဆီရောက်အောင် ပို့ပေးမှာပါ" လို့ မစ္စတာ ကတ်ဘီက ပြောပါတယ်။

ကြာသပတေးနေ့က ပင်တဂွန်ကပြောတဲ့အထဲမှာ သူတို့ ယူကရိန်းကို ဆွစ်ဘလိတ်လို စွမ်းဆောင်ရည်ရှိတဲ့ တစ္ဆေ ဒရုမ်း (ghost drone) တွေ ပေးနေတဲ့အကြောင်းလည်း ပါဝင် ပါတယ်။ "အဲဒီ ဒရုမ်းတွေကို ယူကရိန်းရဲ့ လိုအပ်ချက်နဲ့အညီ အမေရိကန်လေတပ်က ခပ်မြန်မြန် ထုတ်လုပ်လိုက်တာ" လို့ မစ္စတာ ကတ်ဘီက ဆိုပါတယ်။

ဒါပေမယ့် တစ္ဆေ ဒရုမ်းတွေဟာ ဘယ်လောက်အတိုင်းအတာအထိ စွမ်းဆောင်ရည်ရှိသလဲ ဆိုတာကတော့ အများသူငါ မသိနိုင်ကြသေးပါဘူး။

စစ်ပွဲတွင်းမှာ ရုရှားတင့်ကား ရာနဲ့ချီပြီး ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ပွဲတွင်းမှာ ရုရှားတင့်ကား ရာနဲ့ချီပြီး ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်

ရုရှားရဲ့ မြေပြင်နဲ့ ဝေဟင်ထိုးစစ်တွေကို ဒီလက်နက်တွေက တုံ့ပြန်တားဆီးနိုင်မလား

ဒီစစ်ပွဲစကတည်းက ယူကရိန်းရဲ့ လက်နက်တွေထဲမှာ အမေရိကန်က ပံ့ပိုးပေးထားတဲ့ တင့်ကားဖျက်လက်နက်တွေက အစွမ်းထက်ဆုံးလက်နက်တွေထဲမှာ ပါဝင်တယ်လို့ စစ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

"တခါတလေမှာ ကျွန်တော်တို့ စကား ပျော့ပျော့ပြောင်းပြောင်းပဲ ပြောနေပြီး ဂျက်ဗဲလင်ကြီး (လှံတံကြီး) တလက်ကို သယ်လာပါမယ်" လို့ ယူကရိန်းကို ပေးနေတဲ့ အမေရိကန် အကူအညီတွေနဲ့ ပတ်သက်ပြီး မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။

ကျူးကျော်လာတဲ့ ရုရှားတပ်တွေဟာ သံချပ်ကာယာဉ်တွေ၊ တင့်ကားတွေကို အဓိကထားပြီး သုံးတာမို့ "သူတို့ကို အဲဒီယာဉ်တွေထဲက ထုတ်ပစ်နိုင်အောင် လုပ်ဖို့က ကျွန်တော်တို့ အကောင်းဆုံး လုပ်ရမယ့်အချက်ပဲ" လို့ အမေရိကန် ဗိုလ်မှူးကြီးဟောင်း ခရစ်စတိုဖာ မေယာက ပြောပါတယ်။

နိုင်ငံအတော်များများကနေ ယူကရိန်းက တင့်ကားဖျက်လက်နက်အမျိုးအမျိုး ရရှိထားပြီး ဒီလက်နက်တွေကြောင့် ရုရှားရဲ့ မြေပြင် စစ်ဆင်ရေးယာဉ်တွေကို တိုက်ဖျက်ချေမှုန်းနိုင်တဲ့ စွမ်းအား မြင့်တက်စေပါတယ်လို့ မစ္စတာ မေယာက ပြောပါတယ်။

"တင့်ကားဖျက်လက်နက်စနစ်အမျိုးမျိုးကို ထောက်ပံ့ပေးထားရင် သူတို့အနေနဲ့ ဘယ်လို ကာကွယ်ရေး စနစ်နဲ့ တည်ဆောက်ထားတဲ့ တင့်ကားဖြစ်ဖြစ် တိုက်ခိုက်နိုင်ဖို့ အခွင့်အလမ်း အများအပြားကို ရသွားတာပါ" လို့ သူက ဆိုပါတယ်။

ယူကရိန်းတို့ရဲ့ အဆိုကို လွတ်လွတ်လပ်လပ် အတည်ပြုနိုင်ဖို့ လိုသေးပေမယ့် ဒီသီတင်းအတွင်းမှာ သူတို့ပြောတဲ့ အပြောအရ ယူကရိန်းစစ်တပ်ဟာ ရုရှား တင့်ကားပေါင်း ၈၀၀ ကျော် နဲ့ တခြား စစ်ယာဉ်ပေါင်း ၂,၀၀၀ ကျော်ကို ဖျက်ဆီးထားပြီးပြီလို့ သိရပါတယ်။

ဒါပေမယ့် ယူကရိန်းဟာ တင့်ကားဖျက် လက်နက်တွေလောက်နဲ့ ရုရှားလေတပ်ကို တိုက်ခိုက်နိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး။ နိုင်ငံအနှံ့အပြားမှာ သီတင်းပတ် ၈ ပတ် လုံးလုံး ရုရှားက လေကြောင်းကနေ တိုက်ခိုက်နေတာပါ။

အဲဒီလို တိုက်ခိုက်မှုတွေကိုတုံ့ပြန်ဖို့ လေယာဉ်ပစ် လက်နက်တွေ လိုအပ်ပြီး ဧပြီလ ၇ ရက်နေ့အထိ အမေရိကန်နဲ့ မဟာမိတ်တွေက ယူကရိန်းကို လေယာဉ်ပစ် လက်နက်ပေါင်း ၂၅,၀၀၀ ကို ပေးထားပါတယ်။

အဲဒီထဲမှာ လူတယောက်အားနဲ့ သယ်ဆောင်ရွှေ့ပြောင်းနိုင်ပြီး ပခုံးထမ်းပစ်နိုင်တဲ့ နာမည်ကျော် စတင်ဂါ ဒုံးကျည် လက်နက်တွေ ပါဝင်ပါတယ်။

၁၉၈၁ ကတည်းက ကမ္ဘာအနှံ့က ပဋိပက္ခတွေမှာ ဒီလက်နက်ကို သုံးခဲ့ကြတာပါ။ စတင်ဂါ လက်နက် သုံးရာမှာ အကျော်ကြားဆုံးကတော့ ဆိုဗီယက် ကျူးကျော် သိမ်းပိုက် ထားစဉ်ကာလ အာဖဂန်နစ္စတန်မှာ ဖြစ်ပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ရာနဲ့ချီတဲ့ ရုရှားတိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေကို အဲဒီလက်နက်သုံးပြီး ပစ်ချနိုင်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း အမေရိကန်က ဒီလက်နက်တွေကို ထောက်ပံ့တာပါ။

မတ်လအစောပိုင်းတုန်းက သူ့တပ်ဖွဲ့တွေ ပစ်ချလိုက်လို့ ရုရှား ရဟတ်ယာဉ် တစီးပျက်ကျသွားပုံကို ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မတ်လအစောပိုင်းတုန်းက သူ့တပ်ဖွဲ့တွေ ပစ်ချလိုက်လို့ ရုရှား ရဟတ်ယာဉ် တစီးပျက်ကျသွားပုံကို ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထား

စတင်ဂါဒုံးကျည်က ပေ ၁၂,၀၀၀ အမြင့်လောက် နိမ့်နိမ့်ပျံတဲ့ ရဟတ်ယာဉ်နဲ့ လေယာဉ်တွေကို ပစ်ရာမှာ အသုံးသိပ်ကျပေမယ့် အမြင့်ကြီးမှာသာ ပျံသန်းတဲ့ ရုရှား ဗုံးကြံ လေယာဉ် တွေကို တိုက်ခိုက်ဖို့အရေးမှာတော့ အသုံးမဝင်ပါဘူး။

ဒီလို ဗုံးကြဲလေယာဉ်တွေကို တုံ့ပြန်တိုက်ခိုက်နိုင်ရေးဟာ ယူကရိန်းစစ်တပ်အတွက် ဦးစားပေးလိုအပ်ချက်ဖြစ်နေပြီး၊ စစ်အတွင်း သူတို့ရဲ့ လေကြောင်းကာကွယ်ရေး လက်နက်အစီအမံ တချို့ ပျက်စီးခဲ့ရတဲ့ ဒီအချိန်မျိုးမှာ ပိုလို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

ဧပြီလလယ်ပိုင်းက အိမ်နီးချင်း စလိုဗေးကီးယားက ယူကရိန်းကို ဆိုဗီယက်ခေတ်ထုတ် S-300 လေယာဉ်ပစ် မစ်ဇိုင်း လက်နက်ကို ပေးပါတယ်။ သူက အမြင့်ကြီးမှာ ပျံသန်းတဲ့ လေယာဉ်တွေကို တိုက်ခိုက်နိုင်ပါတယ်။

အဲဒီလိုပေးတာက အမေရိကန်နဲ့လည်း တစိတ်တပိုင်းပတ်သက်ပါတယ်၊ အဲဒီအတွက် အမေရိကန်လုပ် ပက်ထရီရော့ မစ်ဇိုင်းစနစ်ကို စလိုဗေးကီးယားမှာ နေရာချပေးဖို့အတွက် အမေရိကန်က သဘောတူခဲ့ပါတယ်။

အမေရိကန်က မပို့တာက ဘာတွေလဲ

ယူကရိန်း စစ်တပ်က အကျွမ်းတဝင်မရှိသေးဘူးလို့ အမေရိကန်က ဆိုရင်း သူတို့နိုင်ငံလုပ် တင့်ကားတွေကို ယူကရိန်းဆီ ပို့ပေးဖို့ အမေရိကန်က တုံ့ဆိုင်းနေပါတယ်။

"သူတို့ သုံးတတ်တဲ့ တင့်ကားမျိုးတွေက ကျွန်တော်တို့ တပ်မှာမရှိဘူး" လို့ ဧပြီလ ၁၉ ရက်နေ့မှာ မစ္စတာ ကတ်ဘီက ပင်တဂွန်မှာ ပြောပြီး၊ "ဒါပေမယ့် တချို့နိုင်ငံတွေက သူတို့ကို တင့်ကား တချို့ပေးထားသလို တချို့နိုင်ငံတွေက လိုအပ်တဲ့ တင့်ကားဆိုင်ရာ အပိုပစ္စည်းတွေ ပေးပါတယ်" လို့လည်း ဆိုပါတယ်။

အမေရိကန်က Mi-17 ရဟတ်ယာဉ် ၁၆ စင်း ယူကရိန်းကို ပို့ဖို့ ရည်ရွယ်ထားပေမယ့် သူတို့ တိုက်ရိုက် မပို့ရသေးပါဘူး၊ ဒါပေမယ့် ပိုလန်လို တခြားနိုင်ငံတွေ ဆီကနေ တဆင့် ဆိုဗီယက်လုပ် Mig-29 တိုက်လေယာဉ်တွေ ပေးဖို့အတွက် စီစဉ်နေပါတယ်။

လက်ရှိမှာတော့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက လေယာဉ်ဆိုင်ရာ အပိုပစ္စည်းတွေကို ထောက်ပံ့ပေးထားပြီး အဲဒီအတွက်ကြောင့် အကြိမ်ရေ အများကြီး ပျံသန်းတိုက်ခိုက်နေတဲ့ ရုရှားလေတပ်ကို ယူကရိန်းအနေနဲ့ မယှဉ်သာပေမယ့် အရင်ထက်တော့ အကြိမ်ရေ တိုးပြီး သူတို့တိုက်လေယာဉ်တွေ ပျံသန်းတိုက်ခိုက်လာနိုင်ပါတယ်။

မဟာမိတ်နိုင်ငံတွေက လေယာဉ်အပိုပစ္စည်းတွေ ထောက်ပံ့ပေးမှုကြောင့် ယူကရိန်း လေတပ်အနေနဲ့ အရင် သီတင်းပတ် ၃ ပတ်ကနဲ့ စာရင် ထွက်တိုက်နိုင်တဲ့လေယာဉ် အစင်း ၂၀ ပိုများ လာပြီ လို့ ဧပြီလ ၂၀ ရက်နေ့မှာ အမေရိကန် ကာကွယ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိတယောက်က ပြောပါတယ်။