ယူကရိန်းစစ်ပွဲနောက်ပိုင်းဖြစ်ပေါ်လာတဲ့ စားနပ်ရိက္ခာပြဿနာကို အိန္ဒိယဖြေရှင်းပေးနိုင်မလား

အိန္ဒိယဟာ ဂျုံအမြောက်အမြားစိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံဖြစ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အိန္ဒိယဟာ ဂျုံအမြောက်အမြားစိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံဖြစ်
    • ရေးသားသူ, Soutik Biswas
    • ရာထူးတာဝန်, India correspondent
  • ရေးသားခဲ့သည်။

ယူကရိန်းစစ်ပွဲကြောင့် စားသောက်ကုန်ပြတ်လပ်ပြီး ကုန်စျေးနှုန်းကြီးမြင့်လာချိန်မှာ အိန္ဒိယအနေနဲ့ တကမ္ဘာလုံးအတွက် စားနပ်ရိက္ခာတင်ပို့ပေးဖို့ အသင့်ပဲလို့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို ပြီးခဲ့တဲ့အပတ်ကပြောလိုက်ပါတယ်။

အိန္ဒိယအနေနဲ့ သူ့နိုင်ငံသား သန်း ၁၄၀၀ အတွက် ရိက္ခာဖူလုံပြီးဖြစ်တဲ့အတွက် တကယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် WTO ကခွင့်ပြုရင် ကမ္ဘာအတွက်လိုအပ်တဲ့ စားနပ်ရိက္ခာကို ချက်ချင်းတင်ပို့ပေးဖို့ အသင့်ပဲလို့ ဝန်ကြီးချုပ်မစ္စတာမိုဒီက ဆိုပါတယ်။

ယူကရိန်းစစ်ပွဲမဖြစ်ခင်ကတည်းက ကမ္ဘာမှာသီးနှံအထွက်လျော့ကျမှုကြောင့် ကုန်စျေးနှုန်းက ၁၀ နှစ်အတွင်း အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့ပြီးသားပါ။ ဒီကြားထဲမှာစစ်ဖြစ်လိုက်တော့ ကုန်စျေးနှုန်းက ခုန်တက်သွားပြီး ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ အမြင့်ဆုံးစျေးနှုန်းအဆင့်အထိရောက်သွားတယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ UNFAO ရဲ့ စားသောက်ကုန်စျေးဆနှုန်းညွှန်ကိန်းမှာ ဖော်ပြထားပါတယ်။

ရုရှားနဲ့ ယူကရိန်းဟာ အဓိကဂျုံတင်ပို့နိုင်ငံတွေဖြစ်ကြပြီး တကမ္ဘာလုံးရဲ့ နှစ်စဉ်ဂျုံလိုအပ်ချက် ၃ ပုံ ၁ ပုံလောက်ကို ဖြည့်ဆည်းပေးနေသူတွေပါ။ နှစ်နိုင်ငံပေါင်းရင် ကမ္ဘာ့နှစ်စဉ်နေကြာဆီလိုအပ်ချက်ရဲ့ ၅၅ % ၊ ပြောင်းနဲ့ဘာလီလိုအပ်ချက်ရဲ့ ၁၇ % တင်ပို့ပေးနေတဲ့ နိုင်ငံတွေလည်း ဖြစ်ကြပါတယ်။ ဒီနှစ်မှာလည်း သူတို့နှစ်နိုင်ငံဟာ ဂျုံတန်ချိန် ၁၄ သန်း၊ ပြောင်းတန်ချိန် ၁၆ သန်းတင်ပို့နိုင်ကြလိမ့်မယ်လို့ UNFAO ကမျှော်မှန်းထားတာပါ။

"ရုရှားကိုပိတ်ဆို့အရေးယူမှုတွေကြောင့် အဲဒီစားသောက်ကုန်တင်ပို့မှုဟာ ဖြစ်မလာတော့ပါဘူး။ ဒီလိုအခြေအနေမှာ ပြည်တွင်းဂျုံအထွက်ဖူလုံပြီးသားဖြစ်တဲ့ အိန္ဒိယနိုင်ငံကဂျုံပိုပြီးတင်ပို့ခွင့်ရဖို့ ရှေ့ခြေတလှမ်းတိုးတောင်းဆိုလာတာပါ။" လို့ UNFAO ရဲ့ရောမအခြေစိုက် စီးပွားရေးပညာရှင် ဥပါလီဂေါကေတီအာရတ်ချီလိတ်ကဆိုပါတယ်။

အိန္ဒိယဟာ ကမ္ဘာမှာ ဆန်နဲ့ဂျုံ ဒုတိယအများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ ဧပြီလဆန်းမှာ ဆန်နဲ့ဂျုံ လက်ကျန် တန်ချိန် ၇၄ သန်းရှိပါတယ်။ အဲဒီ ၇၄ သန်းအနက် သူ့နိုင်ငံထဲက ဆင်းရဲသားပြည်သူလူဦးရေ သန်း ၇၀၀ အတွက် စားနပ်ရိက္ခာစျေးနှုန်းချိုသာစွာရရှိဖို့ မဟာဗျူဟာမြောက်သိမ်းဆည်းသိုလှောင်ထားရမဲ့ပမာဏက တန်ချိန် ၂၁ သန်းဖြစ်ပါတယ်။

အိန္ဒိယမှာ ဓာတ်မြေသြဇာရှားပါးမှုပြဿနာရှိနေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အိန္ဒိယမှာ ဓာတ်မြေသြဇာရှားပါးမှုပြဿနာရှိနေ

အိန္ဒိယဟာ ကမ္ဘာမှာ ဂျုံနဲ့ဆန်ကို အချိုသာဆုံးစျေးနှုန်းနဲ့တင်ပို့ရောင်းချနိုင်တဲ့ နိုင်ငံတနိုင်ငံပါ။ လက်ရှိမှာ နိုင်ငံပေါင်း ၁၅၀ ကိုဆန်တင်ပို့နေပြီး ၆၈ နိုင်ငံကို ဂျုံတင်ပို့နေပါတယ်။ ၂၀၂၀ - ၂၀၂၁ ခုနှစ်ထဲမှာ ဂျုံတန်ချိန် ၇ သန်းတင်ပို့ခဲ့ပါတယ်။ နိုင်ငံတကာစျေးကွက်မှာ ဝယ်လိုအားမြင့်တက်လာတဲ့အတွက် နိုင်ငံတကာကုန်သည်တွေဟာ ဧပြီလနဲ့ ဇူလိုင်အတွင်းမှာ ဂျုံတန်ချိန် ၃ သန်းပိုမိုပြီးတင်ပို့ဖို့ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆိုကြပါတယ်။ ၂၀၂၁-၂၂ ခုနှစ် သီးနှံတင်ပို့မှုဟာ စံချိန်သစ်အဖြစ် ဒေါ်လာ ၅၀ ဘီလျံဖိုး ကျော်ခဲ့ပါတယ်။

အိန္ဒိယအနေနဲ့ ဒီဘဏ္ဍာနှစ်အတွင်းမှာ ဆန်တန်ချိန် ၂၂ သန်း၊ ဂျုံတန်ချိန် ၁၆ သန်းအထိ တင်ပို့နိုင်စွမ်းရှိတယ်လို့ နိုင်ငံတကာစီးပွားဆက်ဆံရေးသုတေသနကောင်စီရဲ့ စိုက်ပျိုးရေးဆိုင်ရာ ပါမောက္ခအာရှော့ဂူလာတီက ဆိုပါတယ်။

"တကယ်လို့အစိုးရသိုလှောင်ထားတဲ့ကုန်လက်ကျန်တွေကို တင်ပို့ဖို့ ကမ္ဘာ့ကုန်သွယ်အဖွဲ့ချုပ် WTO ကသာခွင့်ပြုခဲ့ရင် ဒီ့ထက်ပိုများနိုင်ပါသေးတယ်။ အဲသလိုခွင့်ပြုခဲ့ရင် ကမ္ဘာ့ကုန်စျေးနှုန်းကိုငြိမ်သက်သွားအောင် ကူညီနိုင်မှာ ဖြစ်သလို ကမ္ဘာတဝန်းကစားသောက်ကုန် တင်သွင်းနေရတဲ့နိုင်ငံတွေကြုံတွေ့နေရတဲ့ ဝန်ထုပ်ဝန်ပိုးကိုလည်း သက်သာသွားစေလိမ့်မယ်။" လို့သူကဆိုပါတယ်။

ဒါပေမဲ့ ဒီစိတ်ကူးအပေါ်မှာသံသယဝင်သူတချို့လည်း ရှိပါတယ်။ "လောလောဆယ်ကျွန်တော်တို့မှာ လုံလောက်တဲ့ပမာဏရှိပါတယ်။ ဒါပေမဲ့စိုးရိမ်ပူပန်မှုတချို့လည်းရှိပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာလုံးကိုတင်ကျွေးမဲ့သူရဲကောင်းကြီးအဖြစ်စိတ်ကူးမယဉ်ဖို့တော့ အရေးကြီးပါတယ်။" လို့ ဒေလီအခြေစိုက် မူဝါဒဆိုင်ရာသုတေသနဌာနက အကြီးတန်းအရာရှိတယောက်ဖြစ်တဲ့ ဟဲရစ်ဒါမိုဒါရန်းကဆိုပါတယ်။

ကောက်ရိတ်သိမ်းချိန်မှာ အထွက်နှုန်းဟာမှန်းထားသလောက်မရမှာကိုလည်း စိုးရိမ်ရပါတယ်။ အိန္ဒိယမှာ ဂျုံကောက်သစ်ပေါ်ချိန်ရောက်နေပါပြီ။ ဒီကောက်သစ်ပေါ်ချိန်အထွက်နှုန်းခန့်မှန်းချက်ဟာ စံချိန်သစ်ဖြစ်တဲ့ တန်ချိန် ၁၁၁ သန်းထွက်လိမ့်မယ်လို့ တရားဝင်ခန့်မှန်းထားပါတယ်။ ဒါဟာ ၆ နှစ်ဆက်တိုက်ဂျုံအထွက်နှုန်းကောင်းမွန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ မစ္စတာဒါမိုဒါရန်းတို့လို ကျွမ်းကျင်သူတွေက အဲဒီခန့်မှန်းချက်ကို သဘောမတူပါဘူး။ ဓာတ်မြေသြဇာရှားပါးမှုနဲ့ မိုးများခြင်း၊ နွေဦးအပေါက်စောပြီးပူပြင်းခြင်းတို့လို ရာသီဥတုအပြောင်းအလဲတွေကြောင့် သီးနှံထွက်နှုန်းဟာ အဲဒီခန့်မှန်းချက်ထက် အများကြီးလျော့နည်းလိမ့်မယ်လို့ သူကယူဆပါတယ်။ "ကျွန်တော်တို့ဟာပိုပိုသာသာ ခန့်မှန်းနေကြတယ်ဆိုတာ ၁၀ ရက်အတွင်းမှာ သိလာရပါလိမ့်မယ်။" လို့သူကဆိုပါတယ်။

နိုင်ငံပေါင်း ၁၅၀ ကိုအိန္ဒိယက ဆန်တင်ပို့နေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နိုင်ငံပေါင်း ၁၅၀ ကိုအိန္ဒိယက ဆန်တင်ပို့နေ

စိုက်ပျိုးရေးအတွက် အခြေခံကျတဲ့ဓာတ်မြေသြဇာလိုအပ်ချက်ကလည်း ပြဿနာတခုပါ။ အိန္ဒိယမှာ သိုလှောင်ထားတဲ့ ဓာတ်မြေသြဇာပမာဏဟာ စစ်ဖြစ်ပွားလာပြီးနောက်မှာ လျော့နည်းလာပါတယ်။ အိန္ဒိယဟာ ဒိုင်အမိုနီယမ်ဆာလ်ဖိတ်အပြင် နိုက်တြိုဂျင်၊ ဖော့စ်ဖိတ်၊ ဆာလ်ဖာ၊ ပိုတက်ရှ်တို့ပါဝင်တဲ့ ဓာတ်မြေသြဇာတွေကို ပြည်ပကတင်သွင်းရပါတယ်။ ရုရှားနဲ့ ဘယ်လာရုစ်ဟာ ကမ္ဘာ့ပိုတက်ရှ်စုစုပေါင်းရဲ့ ၄၀ % ကိုတင်ပို့နေတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ဒါ့အပြင် ဓာတ်ငွေ့စျေးနှုန်းထိုးတက်သွားတဲ့အတွက် တကမ္ဘာလုံးမှာ ဓာတ်မြေသြဇာစျေးနှုန်းကလည်း မြင့်တက်နေပြီးသားပါ။

ဓာတ်မြေသြဇာရှားပါးမှုကြောင့် နောက်နှစ်ကောက်သစ်ပေါ်ချိန်ရဲ့အထွက်နှုန်းကို ထိခိုက်နိုင်ပါတယ်။ အဲဒီပြဿနာပြေလည်နိုင်မဲ့နည်းလမ်းတခုကတော့ အီဂျစ်၊ အာဖရိကနိုင်ငံတချို့တို့နဲ့ "ဂျုံနဲ့မြေသြဇာလဲလှယ်ရေး" ပြုလုပ်ဖို့ဖြစ်တယ်လို့ မစ္စတာဒါမိုဒါရန်းကဆိုပါတယ်။

တကယ်လို့ စစ်ပွဲတာရှည်ခဲ့ရင် အိန္ဒိယမှာတခြားအခြေခံအဆောက်အအုံပြဿနာတွေကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ ပြောင်းကိုပမာဏအများအပြားတင်ပို့မယ်ဆိုရင် သယ်ယူပို့ဆောင်ခ၊ ကုန်လှောင်ရုံ၊ သင်္ဘောတို့အတွက် ကုန်ကျစရိတ်အများအပြားလိုအပ်ပါတယ်။ ပမာဏအမြောက်အမြားရေလမ်းကတင်ပို့နိုင်စွမ်းရှိဖို့လည်း လိုအပ်ပါတယ်လို့ မစ္စတာအာရတ်ချီလိတ်ကဆိုပါတယ်။ ကုန်တင်ကုန်ချစရိတ်ကိုလည်း ထည့်သွင်းတွက်ချက်ရမှာပါ။ နောက်ဆုံးတချက်အနေနဲ့ စိုးရိမ်ပူပန်စရာကတော့ ပြည်တွင်းက စားသောက်ကုန်စျေးနှုန်းပါ မြင့်တက်လာနိုင်တဲ့အချက်ဖြစ်ပါတယ်။ မတ်လအတွက် စားသောက်ကုန်စျေးနှုန်းမြင့်တက် ဖောင်းပွမှုဟာ ၇.၆၈ % ရှိတဲ့အတွက် ၁၆ လအတွင်း အမြင့်ဆုံးနှုန်းထားဖြစ်ပါတယ်။ အဓိကအားဖြင့် စားဆီ၊ ဟင်းသီးဟင်းရွက်၊ ပြောင်း၊ နို့၊ အသား၊ ငါးစျေးနှုန်းတွေမြင့်တက်မှုဖြစ်ခဲ့ပါတယ်။ တကမ္ဘာလုံးဆိုင်ရာ အဓိကစားသောက်ကုန်တွေရဲ့ စျေးနှုန်း မြင့်တက်ကြီးမားမှု ဟာ ငွေကြေးဖောင်းပွမှုနဲ့ ပတ်သက်ပြီး မသေချာမရေရာမှုများစွာ ဖြစ်ပေါ်နိုင်ပါတယ်။

ရုရှားကျူးကျော်စစ်ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအပေါ်မှာ ဆိုးကျိုးများစွာဖြစ်ပေါ်စေခဲ့တယ်လို့ နိုင်ငံတကာစားနပ်ရိက္ခာမူဝါဒသုတနေသနအဖွဲ့ IFPRI ကဆိုပါတယ်။ ရုရှားနဲ့ယူကရိန်းတို့ကနေ ဂျုံ၊ ဓာတ်မြေသြဇာနဲ့ တခြားကုန်ပစ္စည်းတွေကို ရေရှည် မတင်ပို့နိုင်ဘဲကြာနေခဲ့ရင် ယူကရိန်းမှာ လူပေါင်း ၈ သန်းကနေ ၁၃ သန်းလောက်ဟာ အဟာရချို့တဲ့မှုပြဿနာကို ရင်ဆိုင်ရလိမ့်မယ်လို့ UNFAO ကခန့်မှန်းပါတယ်။

အိန္ဒိယမှာလည်း သီးနှံပေါကြွယ်ဝပြီး ရိက္ခာအလုံအလောက်ရှိနေတယ်ဆိုတဲ့တိုင်အောင် အဟာရ မလုံလောက်တဲ့ ကလေးသူငယ်ဦးရေက ၃ သန်းကျော်ရှိနေတယ်ဆိုတာ အစိုးရကိုယ်တိုင်က ဝန်ခံထားပြီးသားပါ။ ဝန်ကြီးချုပ်မိုဒီရဲ့ ဇာတိပြည်နယ်ဖြစ်တဲ့ ဂူဂျာရတ်ဟာ အဲသလိုကလေးငယ်တွေ တတိယမြောက်အများဆုံးပြည်နယ်ဖြစ်ပါတယ်။

"ပြည်တွင်းစားနပ်ရိက္ခာလုံလောက်မှုနဲ့ပတ်သက်ပြီး မသိချင်ယောင်ဆောင်နေလို့မရပါဘူး။ စားနပ်ရိက္ခာထောက်ပံ့မှုအတွက်လျာထားတဲ့ စားကုန်တွေကိုလှည့်သုံးလို့ မဖြစ်ပါဘူး။" လို့ မစ္စတာဒါမိုဒါရန်းကဆိုပါတယ်။

"အိန္ဒိယနိုင်ငံရေးသမားတွေ သိထားကြရမှာက စားသောက်ကုန်လုံလောက်ခြင်း၊ မလုံလောက်ခြင်းဟာ သူတို့ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တယ်ဆိုတာပဲ။ ကြက်သွန်နီစျေးနှုန်းထိုးတက်သွားတာတခုတည်းကြောင့် နိုင်ငံအစိုးရတွေ ပြည်နယ်အစိုးရတွေ အတိတ်မှာ ပြုတ်ကျသွားခဲ့ဖူးတယ်ဆိုတာသိဖို့လိုပါတယ်။"လို့ မစ္စတာဒါမိုဒါရန်းကဆိုပါတယ်