လူနေမှုစရိတ်ကြီးမြင့်မှုပြဿနာ ကမ္ဘာ့နေရာအနှံ့အပြားကြုံတွေ့လာ

ဓာတ်ပုံ ရင်းမြစ်, EPA
ရုရှား၊ ယူကရိန်းစစ်ပွဲရဲ့နောက်ဆက်တွဲအဖြစ် ကမ္ဘာတလွှားမှာ ဆန္ဒပြပွဲတွေ၊ ဒုက္ခသည်အမျိုးမျိုးပေါ်ပေါက်မှုတွေနဲ့ စီးပွားရေး၊ လူမှုရေးအကျပ်အတည်းတွေ တသီတန်းကြီး ဆက်တိုက်ဖြစ်ပွားနေပါပြီ။
အဓိကပြဿနာက စားသောက်ကုန်စျေးနှုန်းပါ။ ရုရှား၊ ယူကရိန်းစစ်ပွဲဟာ လောင်စာဆီစျေး၊ ဓာတ်မြေသြဇာစျေး၊ ဂျုံစျေးနဲ့အတူ ကျန်ကုန်ပစ္စည်းတွေရဲ့အထွေထွေစျေးနှုန်းကိုပါ တွန်းတင်သွားပါတယ်။
နှစ်ပေါင်း ၆၀ အတွင်းမှာ စားသောက်ကုန်စျေးနှုန်းဟာ အမြင့်ဆုံးအဆင့်အထိ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂထုတ်ပြန်တဲ့စျေးဆနှုန်းညွှန်းကိန်းမှာဖော်ပြထားပါတယ်။
ခေါင်ခိုက်အောင်မြင့်တက်သွားတဲ့ကုန်စျေးနှုန်းကြောင့် သီရိလင်္ကာမှာ လူထုကဒေါသူပုန်ထပြီး နိုင်ငံရေး ပြဿနာအဖြစ်ပေါက်ကွဲထွက်လာပါတယ်။ ကျွန်းနိုင်ငံငယ်မျှသာဖြစ်တဲ့ သီရိလင်္ကာမှာ အစားအသောက်တွေ၊ လောင်စာဆီတွေကို တင်သွင်းဖို့ နိုင်ငံခြားငွေ နည်းနည်းသာ ရှိပါတယ်။ လုံလောက်အောင် မတင်သွင်းနိုင်တော့ အထွေထွေကုန်စျေးနှုန်းမြင့်တက်လာရာကနေ လမ်းပေါ်ဆန္ဒပြပွဲတွေဖြစ်လာပါတယ်။ အခုအခါမှာ အစိုးရဖြုတ်ချရေးအထိ ခြိမ်းခြောက်တောင်းဆိုလာနေပါပြီ။
သီရိလင်္ကာကနေ မိုင်ထောင်ပေါင်းများစွာကွာဝေးတဲ့ ပီရူးနိုင်ငံမှာလည်း အလားတူ ပြဿနာကို ရင်ဆိုင်နေရပါတယ်။ မိုင်ပေါင်းများစွာဝေးကွာလှမ်းပေမဲ့ ပြဿနာချင်းက ဆင်တူယိုးမှားပါ။ လောင်စာဆီစျေးနှုန်းနဲ့ ဓာတ်မြေသြဇာစျေးနှုန်း မြင့်တက်မှုကို မကျနပ်ကြလို့ နိုင်ငံလုံးကျွတ် ဆန္ဒပြကန့်ကွက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကစပြီး ပီရူးသမ္မတပက်ဒိုကတ်စတီလိုက မြို့တော်လီမာမှာ ကာဖျူးမိန့် ထုတ်ပြန်ထားလိုက်ရပါပြီ။
ရုရှား၊ ယူကရိန်းစစ်ပွဲကြောင့် ရေနံတစည် ဒေါ်လာ ၁၀၀ ကျော်အထိစျေးတက်သွားပြီးနောက် စီးပွားရေးအကျပ်အတည်း ရင်ဆိုင်ကြရတာဟာ တကယ်တော့ဒီနိုင်ငံတွေသာမကဘဲ တကမ္ဘာလုံးအနှံ့အပြား ခံစားနေကြရတာပါ။
ကုလသမဂ္ဂစျေးဆနှုန်းကိုကြည့်ရင် နှစ်ပေါင်း ၆၀ အတွင်းမှာ ဒီလောက်စျေးနှုန်းမြင့်တက်တာ တခါမှမကြုံဖူးသေးပါဘူး။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ နှစ် ၆၀ အတွင်းအမြင့်ဆုံးစံချိန်သစ်တင်ပြီးနောက် မတ်လရောက်တော့ ပိုလို့တောင် ဆိုးသွားပြန်ပါတယ်။ ဖေဖော်ဝါရီလ ကုန်စျေးနှုန်းထက် ၁၃ ရာခိုင်နှုန်းအထိ ရုတ်တရက် ခုန်တက်သွားပါတယ်။
ကမ္ဘာအနှံ့အပြားမှာ လူနေမှုစရိတ်ကြီးမြင့်မှုပြဿနာကို ကြီးကြီးမားမားရင်ဆိုင်နေကြရတဲ့အနက် အခြေအနေကို ရုပ်လုံးဖော်တင်ပြနိုင်ဖို့ နိုင်ငံ ၆ နိုင်ငံကလူတွေကိုရွေးချယ်ပြီး ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။
သီရိလင်္ကာ- "ငါတို့မှာ အခြေခံလိုအပ်ချက်တောင်မဖြည့်ဆည်းနိုင်ကြတော့ဘူး"

မတ်စောက်မြင့်မားစွာတက်သွားတဲ့ငွေကြေးဖောင်းပွမှု၊ ဆန်၊ဆီ၊ဆားလို မရှိမဖြစ်အခြေခံစားကုန်ကအစ ရှားပါးပြတ်လပ်မှုဟာ ပြည်သူလူထုတရပ်လုံး အဆုံးစွန်ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာစေပါတယ်။
ပြည်တွင်းစစ်ကာလမှာတုန်းက သီရိလင်္ကာနိုင်ငံသားများစွာဟာ အန္တရာယ်ထူပြောတဲ့ ပင်လယ်ပြင်ကို ဖြတ်သန်းပြီး အိန္ဒိယနိုင်ငံထဲမှာ ဒုက္ခသည်အဖြစ် သွားရောက်ခိုလှုံခဲ့ကြပါတယ်။ အခုတခါ စီးပွားရေးကပ်ဘေးက လူတွေကို နိုင်ငံထဲက မောင်းထုတ်နေပြန်ပါပြီ။
မတ်လတတိယပတ်အတွင်း အိန္ဒိယနိုင်ငံ တမီနာဒူးပြည်နယ်ထဲ ထွက်ပြေးလာကြတဲ့အထဲက ပထမဆုံးအသုတ် ၁၆ ယောက်ထဲမှာ မေရီကလျာလည်း အပါအဝင်ပါ။ ကလျာဟာ သူ့ခင်ပွန်းသည်နဲ့အတူ လေးလသားကလေးငယ်ကို ရင်ဝယ်ပိုက်ပြီး ငါးဖမ်းတဲ့ဖိုက်ဘာလှေငယ်လေးတစင်းနဲ့သာ ပင်လယ်ရေလက်ကြားကို ဖြတ်သန်းလာခဲ့ပါတယ်။
"ကုန်ပစ္စည်းအားလုံးနီးပါးစျေးတက်ကုန်ပြီရှင့်။ မရှိမဖြစ်အခြေခံစားကုန်တွေ ဥပမာကျွန်မကလေးအတွက် နို့မှုန့်လိုဟာမျိုးကအစ ဝယ်ရခက်လာပါတယ်" လို့သူက ဆိုပါတယ်။
ဖေဖော်ဝါရီလအတွင်းငွေကြေးဖောင်းပွမှုနှုန်းဟာ တရားဝင်ထုတ်ပြန်တဲ့စာရင်းအရ ၁၅.၁ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဆယ်နှစ်အတွင်းမှာအမြင့်ဆုံးပါ။ စားသောက်ကုန်သီးသန့်အတွက် ငွေကြေးဖောင်းပွမှုဆိုရင် ၂၅.၇ ရာခိုင်နှုန်းအထိရှိပါတယ်။ အဓိကစားကုန်ဖြစ်တဲ့ဆန်ရဲ့စျေးနှုန်းဟာ တကီလိုကို ၁ ဒေါ်လာအထိတက်သွားးပါတယ်။ လောင်စာဆီစျေးက ၂ ဆကျော်တက်သွားပါတယ်။
"ကျွန်မယောက်ျားက ဆေးသုတ်တဲ့သူပါ။ ဒါပေမဲ့အလုပ်မရှိတာက များပါတယ်။ တဖက်ကလည်းအဓိကစားကုန်တွေရဲ့ စျေးကသိသိသာသာတက်ကုန်တော့ ကျွန်မတို့မှာအခြေခံလိုအပ်ချက်တောင် မဖြည့်ဆည်းနိုင်တော့ပါဘူးလို့ ကလျာက ရှင်းပြပါတယ်။"
တနေ့မှာ ၁၀ နာရီကနေ ၁၂ နာရီအထိ လျှပ်စစ်မီးအဖြတ်ခံရပါတယ်။ အစိုးရက လျှပ်စစ်ဓာတ်အားချွေတာဖို့ လမ်းမီးတွေကို ပိတ်ထားပါတယ်။ မီးမမှန်တော့ မိုဘိုင်းဖုန်းတာဝါတွေလည်း အလုပ်မလုပ်တော့ဘူး။ ဆေးရုံတချို့မှာ ခွဲစိတ်ခန်းမီးမလာလို့ ခွဲစိတ်ချိန်ရွှေ့ဆိုင်းရပါတယ်။
မတ်လဒုတိယပိုင်းအတွင်းမှာ ဓာတ်ဆီနဲ့ဒီဇယ်ဝယ်ဖို့ ရှည်ရှည်လျားလျားတန်းစီစောင့်နေကြတဲ့လူအုပ်ထဲက အနည်းဆုံး ၅ ယောက်ဟာ အားပြတ်သေဆုံးခဲ့ပါတယ်။
ကလျာရဲ့ယောက်ျားလို အလုပ်ကြမ်းသမားတွေဟာ တနေ့ ၅ ဒေါ်လာ (ကျပ်တသောင်းခန့်) လောက်ရကြပါတယ်။ ဒါပေမဲ့ မိသားစု ၅ ယောက်တနေ့စားသောက်ဖို့ ကုန်ကျစရိတ်က ၈ ဒေါ်လာ (ကျပ်တသောင်းခွဲခန့်) ရှိပါတယ်။
အိန္ဒိယကိုပြေးမလာခင်မှာ ကလျာဟာ ရက်ပေါင်းများစွာ ငတ်သလောက်နီးပါးဖြစ်ခဲ့ရပါတယ်။ အခုဆိုရင် သီရိလင်္ကာအခြေအနေဟာပိုဆိုးလာပါပြီ။ တကယ်လို့သာ အခြေအနေကိုတိုးတက်ကောင်းမွန်အောင် မလုပ်နိုင်ရင် လူပေါင်းများစွာဟာ သူ့လိုဖြစ်မှာပဲလို့ ကလျာက ဆိုပါတယ်။
လက်ဘနွန်- "အမှိုက်ပုံထဲမှာလူတွေစားစရာရှာစားနေကြတယ်"

ဓာတ်ပုံ ရင်းမြစ်, Mariel Aoun
"အမှိုက်ပုံတွေထဲမှာ လူတွေဟာ စားကြွင်းစားကျန်တွေ လိုက်ရှာနေတာ မြင်ရတယ်။ သိပ်စိတ်ထိခိုက်မိပါတယ်ရှင်" လို့မာရီယယ်အွန်းက ပြောပြပါတယ်။
မာရီယယ်ဟာ အသက် ၆၄ နှစ်ရှိပါပြီ။ ဘေရွတ်မြို့မှာ အိမ်နှစ်အိမ်ရဲ့အိမ်ငှားခဝင်ငွေနဲ့ သူ့ဘာသာ ရပ်တည်ပါတယ်။ လက်ဘနွန်ဟာ ယူကရိန်းစစ်ပွဲမတိုင်ခင်ကတည်းက နိုင်ငံရေး၊ စီးပွားရေးပြဿနာတွေရှိခဲ့တဲ့နိုင်ငံပါ။ အရင်ကတည်းက ကမ္ဘာမှာ ငွေဖောင်းပွမှုနှုန်း အမြင့်ဆုံး တိုင်းပြည်တပြည် ဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာရတဲ့ နောက်ဆုံးကိန်းဂဏန်းအရ နှစ်စဉ်ငွေဖောင်းပွမှုနှုန်းက ၂၁၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။
"ယူကရိန်းစစ်ပွဲဖြစ်တော့ အခြေအနေက ပိုဆိုးလာပါတယ်။ ဆူပါမတ်ကက်တွေမှာ စားသောက်ကုန်တွေ ပျောက်ကုန်တယ်။ နှစ်ပတ်လောက်နေလို့ အစားအသောက်တွေပြန်ရောက်လာတော့ စျေး ၂ ဆဖြစ်သွားရော" လို့ မာရီယယ်က ဆိုပါတယ်။
ကိုဗစ်ကပ်ဘေးနဲ့ ၂၀၂၀ ခုနှစ်သြဂုတ်လ ဘေရွတ်ဆိပ်ကမ်း အမိုးနီးယားနိုက်တြိတ်ပေါက်ကွဲမှုကြီးတွေက စီးပွားရေးပြဿနာကို ပိုဆိုးဝါးစေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mariel Aoun
"ပေါက်ကွဲမှုကြောင့် ကျွန်မအိမ်ပျက်စီးခဲ့ပါတယ်။ ကျွန်မကဘဏ်မှာစုထားတဲ့ငွေလေးနဲ့အိမ်ပြင်ချင်တာ၊ ဒါပေမဲ့ဘဏ်က ကျွန်မငွေကိုထုတ်မပေးပါဘူး။ ကိုယ့်ငွေကိုယ်တောင်အငြင်းခံရပါတယ်။"
တကယ်တော့ဘဏ်မှာလည်း ငွေကုန်နေပါပြီ။
"အခုဆိုရင် ဒဲဘစ်ကတ်၊ ခရက်ဒစ်ကတ်တွေနဲ့ အကုန်ငွေချေလို့မရတော့ပါဘူး။ ငွေသား တဝက်ပေးရပါတယ်။"
မာရီယယ်ဟာ အရေးကြီးတဲ့အခြေခံအစားအသောက်တချို့ အိမ်မှာလှောင်ထားပါတယ်။ တခြားစားကုန်တွေကိုတော့ လျှော့ဝယ်ပါတယ်။
"ချိစ်ဆိုရင် မဝယ်တော့ပါဘူး။ အိမ်မှာပဲလုပ်ပါတယ်။ ကျွန်မသိပ်ကြိုက်တဲ့ ထောပတ်သီးဆိုရင်လည်း ဝယ်မစားနိုင်တော့ပါဘူး။"
လျှပ်စစ်မီးဆိုးဆိုးဝါးဝါးပြတ်တောက်မှုကလည်း သူ့ဘဝကိုလမ်းကြောင်းပြောင်းစေခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားသုံးနိုင်ဖို့ မီးစက်တလုံးကို ၁၂၅ ဒေါ်လာပေးဝယ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဓာတ်အားအလုံအလောက်မရပါဘူး။
"ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်ကို တပြိုင်တည်းသုံးလို့မရပါဘူး။ ချက်ပြုတ်ချင်ရင် အိမ်တွင်းအနွေးဓာတ်ပေးစက်ကိုပိတ်ထားရပါတယ်။ အလုပ်တွေတပြိုင်တည်းလုပ်မရတော့ အချိန်တွေပိုကုန်ပါတယ်။"
"ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ပစ္စည်းအားလုံး ဆယ်ဆလောက်စျေးတက်ကုန်ပါတယ်။ ဓာတ်ဆီ ၂၀ လီတာကို အရင်က လက်ဘနွန်ပေါင် ၂၀၀၀၀ ပေးရပါတယ်။ အခု ၅ သိန်းဖြစ်နေပါပြီ" လို့သူကဆိုပါတယ်။
နေ့တိုင်းမှာ သတင်းဆိုးတွေ ကြားပြီးရင်းကြားနေရတော့ မကြာခင်မှာပြန်ကောင်းလာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး သူ့မှာ မရှိတော့ပါဘူး။
တူရကီ- "ဒီ့ထက်ဆိုးလာရင်တော့ ပြေးစရာမြေမရှိတော့ဘူး"

အီဘရာဟင်ဟာ ၂၀၁၆ ခုနှစ်မှာ ဆီးရီးယားကနေ တူရကီ အီစတန်ဘူမြို့ကိုထွက်ပြေးလာသူပါ။ တခြားမြောက်မြားစွာသော ဒုက္ခသည်များနည်းတူ သူဟာလည်း တရားဝင်နေထိုင်ခွင့်အခြေအနေတခု မရသေးပါဘူး။ ဒါပေမဲ့သူဟာ အလုပ်တော့ရအောင် ရှာနိုင်ခဲ့ပါတယ်။
တူရကီရဲ့ငွေဖောင်းပွမှုဟာ ၅၄.၄၄ ရာခိုင်နှုန်းဖြစ်လာတဲ့အတွက် အနှစ် ၂၀ အတွင်းမှာအမြင့်ဆုံးနှုန်းဖြစ်ပါတယ်။ အီဘရာဟင်လို ဝင်ငွေနိမ့်ကျသူအတွက် ကိုယ့်လက်ထဲကငွေဟာ တဖြည်းဖြည်း ဝယ်နိုင်အားနည်းလာနေပါတယ်။
ပြီးခဲ့တဲ့နှစ်ထဲမှာ သူဟာ လပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။ ဒူဘိုင်းမှာအလုပ်လုပ်နေတဲ့ သူ့အစ်ကိုဆီက အထောက်အပံ့ယူခဲ့ရပါတယ်။
သူ့မိတ်ဆွေနဲ့အတူငှားနေတဲ့ အိပ်ခန်းနှစ်ခန်းတွဲပါအိမ်ကနေ အခန်းပြောင်းခဲ့ရပါတယ်။
"အခုနေရာမှာ တခြားအလုပ်သမားတွေအများကြီးနဲ့အတူမျှနေရပါတယ်။ ကျွန်တော့်အတွက် အခန်းသေးလေး တခန်းရပါတယ်။ ဒါပေမဲ့မီးဖိုချောင်နဲ့ရေချိုးခန်းအိမ်သာကို တခြားလူတွေနဲ့ အတူတူသုံးရပါတယ်။"
အီဘရာဟင်ဟာလည်း စရိတ်စကကို ကြိုးစားပြီး လျှော့သုံးနေရပါတယ်။
"သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ကော်ဖီဆိုင်ထွက်တာတောင် တလကို ၂ ကြိမ်၊ ၃ ကြိမ်လောက်ပဲ ထွက်နိုင်ပါတော့တယ်။ အပန်းဖြေသွားလာလည်ပတ်ဖို့ စိတ်ကူးထဲတောင်မထည့်ရဲပါဘူး။"
ကမ္ဘာလှည့်ခရီးသွားတွေတိုးလာနေပါတယ်။ အီဘရာဟင်ဟာ တက္ကစီဝန်ဆောင်မှု၊ ရှုခင်းကြည့်အလည်ပတ်ခရီးစဉ်၊ စျေးဝယ်ကူညီမှုဝန်ဆောင်လုပ်ငန်းတွေလုပ်ပြီး အပိုဝင်ငွေရှာပါတယ်။
"ကျွန်တော့်ရည်မှန်းချက်ကတော့ အိပ်ခန်းတခန်းပါတဲ့အိမ်တလုံးလောက်ငှားချင်တာပါ။ ဘယ်လောက်ကြာအောင် စောင့်ရမလဲတော့ မသိပါဘူး။ ငှားခတလစာဟာ ကျွန်တော့်ဝင်ငွေတလစာနဲ့ ညီမျှနေတော့ မီတာခတောင်ပေးဖို့ ကျန်မှာမဟုတ်တော့ပါဘူး။"
နဂိုကမှဒုက္ခသည်ဖြစ်တဲ့အီဘရာဟင်အအတွက် အခြေအနေဒီ့ထက်ဆိုးလာရင်ပြေးစရာမြေမရှိတော့ပါဘူး။
နိုင်ဂျီးရီးယား- "အရင်လိုဝင်ငွေရဖို့အလုပ် ၂ ဆလုပ်ရတယ်"

ဓာတ်ပုံ ရင်းမြစ်, Aisha Falke
"အားလုံးဟာစိတ်ပျက်စရာပါပဲ။ ပြဿနာက စီမံခန့်ခွဲမှုမှားနေတာပါ" လို့အိုက်ရှာဖော့ကဆိုပါတယ်။
အိုက်ရှာဖော့ဟာ အဘူဂျာမှာနေတဲ့ ကလေးနှစ်ယောက်မိခင်ပါ။ သူဟာဘလော့ဂါတယောက်ဖြစ်သလို ဖက်ရှင်ဒီဇိုင်းနာတယောက်လည်း ဖြစ်ပါတယ်။
"ဝင်ငွေတိုးတက်လာအောင် စိတ်ကူးအမျိုးမျိုးနဲ့ လုပ်ကြည့်ပါတယ်။ စိတ်မောဖို့ကောင်းပါတယ်။ စိတ်ပင်ပန်းမှုဟာ ကိုယ်ပေါ်မှာ လာပြပါတယ်။ ကျွန်မဆံပင်တွေ ဖြူကုန်တာပဲ ကြည့်လေ။"
"နောင်ဆိုရင် အခုလို လူနေမှုအဆင့်အတန်းမျိုး ရဖို့အတွက် အလုပ်ကို ဒီ့ထက်နှစ်ဆ လုပ်မှရလိမ့်မယ်။"
နိုင်ဂျီးရီးယားဟာ အာဖရိကတိုက်ရဲ့ အကြီးဆုံး ရေနံထွက်နိုင်ငံပါ။ ဒါပေမဲ့ နိုင်ဂျီးရီးယားဟာ ရေနံစိမ်းကို ချက်နိုင်စွမ်းမရှိပါဘူး။ ဓာတ်ဆီ၊ ဒီဇယ်ကို နိုင်ငံခြားပြန်သွင်းနေရတဲ့ နိုင်ငံတနိုင်ငံပါ။ ကမ္ဘာမှာလောင်စာဆီစျေးတက်တော့ နိုင်ဂျီးယားမှာလည်း လောင်စာဆီပြတ်လပ်မှု ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ မရှိမဖြစ်လူသုံးကုန်တွေနဲ့ ဝန်ဆောင်မှုတွေ အားလုံးစျေးတက်ကုန်ပါတယ်။ အခုတော့ ငွေကြေးဖောင်းပွမှုနှုန်းက ၁၆ ရာနှုန်းတောင် ရှိပါတယ်။
သူ့အိမ်ရဲ့လစဉ်အသုံးစရိတ်ဟာ တနှစ်အတွင်းမှာ တဝက်လောက်တက်သွားတယ်လို့ အိုက်ရှာဖော့ကပြောပါတယ်။
"ဆန်၊ပေါင်မုန့်၊ဟင်းသီးဟင်းရွက်၊သယ်ယူပို့ဆောင်ခ၊ အသားငါး၊ စားသုံးဆီ အကုန်လုံးစျေးကြီးကုန်တယ်။ ခါတိုင်းဆို ကြက်သားစားနေကျပါ။ အခုတော့ ကြက်သားစျေးက နှစ်ဆလောက် ခုန်တက်သွားပြီ။"
လျှပ်စစ်မီးကပြတ်၊ လောင်စာဆီကမရှိတော့ သူ့စီးပွားရေးလုပ်ငန်းကိုလည်း ထိပါတယ်။ သူဟာဖောက်သည်ကို အားကိုးလုပ်ရတာဆိုတော့ တော်တော်ခက်ခဲပါတယ်။
"ကျွန်မဖောက်သည်တွေက ပိုက်ဆံကို အဝတ်အစားအသစ်တထည်ဝယ်မယ့်အစား အစားအသောက်တို့ ဆေးဝါးတို့ ဝယ်ဖို့သုံးကြပါတယ်။ အခုချိန်မှာ အဝတ်အစားကတောင် ဇိမ်ခံပစ္စည်းလိုဖြစ်လာနေပြီလေ။ အဲဒီတော့ကျွန်မအတွက် နှစ်ဆခက်တာပေါ့။"
တန်ဇန်နီးယား- "လစာကရက် ၂၀ ပဲခံတော့တယ်"

ဓာတ်ပုံ ရင်းမြစ်, Anny Laizer
ခေတ်သစ်စီးပွားရေးအချက်အချာနေရာတွေနဲ့ဝေးတဲ့ တန်ဇန်နီးယားလိုနေရာမျိုးမှာတောင် မခံနိုင်ပါဘူး။ တန်ဇန်းနီးယားက မာဆိုင်းလူမျိုးတွေဆိုတာ တနေရာတည်းမှာ အခြေမချဘဲ လှည့်လည်သွားလာနေတဲ့သူတွေပါ။ စားသောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းကို ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ လုပ်ကိုင်ပါတယ်။ သူတို့ဟာ ကျွဲနွားမွေးမြူရေးအလုပ်ကို အဓိက လုပ်ကိုင်ကြပါတယ်။ သူတို့တောင် ကမ္ဘာ့စီးပွားရေး ကမောက်ကမဖြစ်စဉ်ရဲ့ဂယက်ကို ခံရပါသေးတယ်။
"ကျွန်မတို့ရိုးရာအစားအသောက်က နို့နဲ့အသား အဓိကပါ" လို့ အန်နီလိုင်ဇာက ဆိုပါတယ်။
လိုင်ဇာဟာ အာရူးရှားမြို့မှာနေထိုင်ပြီး NGO တခုမှာ အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ သူဟာရှေးဟောင်းနေထိုင်နည်းနဲ့ ရှင်သန်နေကြတဲ့ သူတို့လူမျိုးလူ့အသိုင်းအဝိုင်းထဲကလူအများအပြားနဲ့ အဆက်မပြတ် ထိတွေ့ဆက်ဆံနေရသူပါ။
"ပြီးခဲ့တဲ့နှစ်တုန်းက ကြက်သွန် ၅ ကီလိုကို ၂ ဒေါ်လာပဲပေးရတယ်။ အခု ၅ ဒေါ်လာ ဖြစ်သွားပြီ။ စားဆီစျေးကလည်း ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် တဝက်လောက်တက်သွားတယ်။ လျှပ်စစ်မီတာခလည်း တက်တာပဲ။ ဒီဒဏ်တွေကို ဘယ်သူမှ မခံနိုင်တော့ဘူး" လို့လိုင်ဇာက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Anny Laizer
စားကျက်မြေခြောက်ခမ်းကုန်ပြီး တိရစ္ဆာန်အစာရေစာရှားပါးသွားတဲ့အတွက် မိသားစုအများအပြားဟာ မွေးထားတဲ့ ကျွဲနွားအကောင်ရေ လျှော့ချခဲ့ကြရပါတယ်။ အဲဒါကြောင့် သူတို့ရွာကလူတချို့ဟာ မြို့တက်ပြီး လုံခြုံရေးအစောင့်လို အလုပ်မျိုးကို ရှာဖွေလုပ်ကိုင်လာကြတယ်လို့ လိုင်ဇာက ဆိုပါတယ်။
လိုင်ဇာဟာ သူ့မိဘနဲ့သူ့ညီမလေးကိုလည်း ထောက်ပံ့ရပါတယ်။ ဒါ့အပြင် သူတို့အသိုင်းအဝိုင်းထဲက တခြားလူတွေကလည်း သူ့ဆီမကြာမကြာ အကူအညီတောင်းတတ်ကြပါတယ်။
"ကျွန်မလစာက တလ ၂၅၀ ဒေါ်လာလောက် ရပါတယ်။ ရက် ၂၀ လောက်ကြာရင် လစာက အမြဲတမ်း ကုန်သွားတော့တာပဲ။ လစာထုတ်တဲ့ရက်ဆိုရင် အကူအညီတောင်းကြတဲ့ ဖုန်းခေါ်သံတွေ အများကြီးကြားရတော့ တော်တော်ရုန်းကန်ရပါတယ်။"
တောင်ကိုရီးယား- "အကြွေးမယူပါဘူး၊ အကြွေးထောင်ချောက်ထဲက ရုန်းမထွက်နိုင်မှာစိုးလို့ပါ"

ဓာတ်ပုံ ရင်းမြစ်, Lee So-jung
တောင်ကိုရီးယားမှာလည်း ၈ နှစ်အတွင်း အမြင့်ဆုံးငွေကြေးဖောင်းပွမှုကို ကြုံတွေ့နေရပါတယ်။ သတင်းခေါင်းကြီးတွေထဲမှာ ငွေဖောင်းပွမှုနှုန်းဟာ ၃.၇ ရာခိုင်နှုန်းပဲ တွေ့ချင်တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ တချို့စားသောက်ကုန်တွေရဲ့ စျေးနှုန်းက ပိုမြင့်နေပါတယ်။ အဲဒါကြောင့် လီဆိုးဂျွန်လို လူအများအပြားဟာ သူတို့ လုပ်နေကျအစီအစဉ်တွေကို ပြောင်းလဲလုပ်ကိုင်နေရပါတယ်။
"ကျွန်မကကျောင်းသူပါ။ မိဘတွေဆီက မုန့်ဖိုးရပါတယ်။ အချိန်ပိုင်းအလုပ်လုပ်ပြီး ကိုယ့်ဘာသာ တချို့တဝက် ရှာရပါတယ်။ အခုစျေးတွေတက်တော့ ကျွန်မပိုက်ဆံလေးတွေ မြန်မြန်ကုန်သွားပါတယ်။ တခါတလေမှာ နေ့လယ်စာအစား ကော်ဖီနဲ့မုန့်ပဲ စားလိုက်ရပါတယ်" လို့ လီဆိုးဂျွန်က ဆိုပါတယ်။
စားသောက်ဆိုင်တွေလည်း သူမသွားတော့ပါဘူး။ သွားရင်တောင် ဆူရှီးအစား ခေါက်ဆွဲလောက်နဲ့ပဲ ပြီးလိုက်ရပါတယ်။
တောင်ကိုရီးယားဟာ သူ့စီးပွားရေးအားကောင်းမောင်းသန်ဖြစ်လာဖို့ ပြည်ပသွင်းကုန်လောင်စာဆီအပေါ်မှာ ရာနှုန်းပြည့်မှီခိုရတဲ့တိုင်းပြည်ပါ။ ပြီးခဲ့တဲ့နှစ်မှာ လောင်စာဆီ ဒေါ်လာ ၆၇ ဘီလျံဖိုး တင်သွင်းခဲ့ရပါတယ်။ ယူကရိန်းစစ်ပွဲကြောင့် ဆီစျေးထိုးတက်သွားတော့ စီးပွားရေးနယ်ပယ်တလျှောက်လုံးမှာ ဆင့်ပွားအကျိုးသက်ရောက်မှုတွေ ဖြစ်ကုန်ပါတယ်။
"ကျွန်မတို့နိုင်ငံမှာ လူနေမှုစရိတ် မြင့်တက်လာပါတယ်။ ကျွန်မတို့မျိုးဆက်ဟာ ကျွန်မတို့နေချင်တဲ့ ကိုယ်ပိုင်အိမ်လေးတွေနဲ့ မနေနိုင်ကြတော့ပါဘူး။ ကျွန်မတို့စားချင်တာ မစားနိုင်၊ ကျွန်မတို့ဝတ်ချင်တာ မဝတ်နိုင်တော့ပါဘူး။"
လီဆိုးဂျွန်မိသားစုနဲ့ သူ့မိတ်ဆွေတချို့ဟာ အစိုးရချေးငွေယူကြပါတယ်။ လီဆိုးဂျွန်ကတော့ မယူပါဘူး။
"ကျွန်မငွေမချေးဘူး။ ဘာလို့လဲဆိုတော့ အကြွေးထောင်ချောက်ထဲ အကျမခံချင်လို့။ အကြွေးယူမယ့်အစား ကျွန်မအသုံးစရိတ်ကိုပဲ လျှော့ပါတယ်။"







