ယူကရိန်းစစ်ပွဲ- ကုလ လူ့အခွင့်အရေးကောင်စီမှာ ရုရှားကို အဖွဲ့အဝင်အဖြစ်က ရပ်ဆိုင်း

ဓာတ်ပုံ ရင်းမြစ်, EPA
ကုလ လူ့အခွင့်အရေးကောင်စီမှာ ရုရှားကို အဖွဲ့အဝင်အဖြစ်က ရပ်ဆိုင်း
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကြာသပတေးနေ့က မဲခွဲခဲ့ရာမှာ ယူကရိန်းကို ရုရှားက ကျူးကျော်မှုမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး ကုလလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၉၃ နိုင်ငံက ရပ်ဆိုင်းဖို့မဲပေး၊ ၂၄ နိုင်ငံက ဆန့်ကျင်မဲပေးပြီး ၅၈ နိုင်ငံက ကြားနေမဲ ပေးခဲ့ကြပါတယ်။
အဲဒီလို အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းလိုက်တာမျိုးက ဖြစ်ခဲပါတယ်။ လစ်ဗျားနိုင်ငံကို ၂၀၁၁ ခုနှစ်မှာ အဲဒီတုန်းက ခေါင်းဆောင် မူအမ်မာ ဂဒါဖီကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို သူ့ရဲ့ သစ္စာခံတပ်တွေက အကြမ်းဖက်မှုတွေ ရှိခဲ့တယ်ဆိုပြီး ဆိုင်းငံ့ထားတာတော့ ရှိခဲ့ဖူးပါတယ်။
ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ယူကရိန်းက အင်မတန်ကျေနပ်တယ်လို့ ပြောပြီး စစ်ရာဇဝတ်ကောင်တွေကို ကုလအဖွဲ့အစည်းတွေမှာ ရှိနေဖို့ မသင့်ဘူးလို့ ပြောပါတယ်။
ရုရှားကတော့ ရပ်ဆိုင်းဖို့ ထောက်ခံမဲပေးခဲ့တဲ့ နိုင်ငံတွေနဲ့ ကြားနေမဲပေးခဲ့တဲ့ နိုင်ငံတွေဟာ နှစ်နိုင်ငံဆက်ဆံရေးမှာ "မိတ်ဆွေမဟုတ်ကြောင်းပြသတဲ့ လက္ခဏာ" ပဲလို့ သတိပေးခဲ့တာကို ရိုက်တာကမြင်တွေ့ခဲ့တဲ့ မှတ်တမ်းအရ သိရပါတယ်။
ရုရှားက ယူကရိန်းမှာ "အထူးစစ်ဆင်ရေး" လုပ်နေတယ်လို့ ပြောထားပါတယ်။ အဲဒါက ယူကရိန်းရဲ့ စစ်ရေး အခြေခံအဆောက်အဦတွေကို ဖျက်ဆီးပစ်ဖို့လို့ပြောပြီး အရပ်သားတွေကို တိုက်ခိုက်မှု ရှိတယ်ဆိုတာတွေကို ငြင်းဆိုထားပါတယ်။
ကျူးကျော်မှု ဆက်လုပ်နိုင်အောင် ရုရှားကို ဟန်ဂေရီကူညီနေတယ်လို့ ယူကရိန်းအစိုးရစွပ်စွဲ

ဓာတ်ပုံ ရင်းမြစ်, EPA
ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှုတွေ ဆက်လုပ်ဖို့ ရုရှားသမ္မတ ပူတင်ကို ဟန်ဂေရီက ကူညီနေတယ်လို့ ယူကရိန်းအစိုးရက စွပ်စွဲပြောကြားလိုက်ပါတယ်။
ယူကရိန်းနဲ့ ဟန်ဂေရီ အိမ်နီးချင်း နှစ်နိုင်ငံအကြား အငြင်းပွားမှုတွေ ပိုဆိုးဝါးလာနေချိန်မှာပဲ အခုလို စွပ်စွဲလိုက်တာပါ။
ဘူချာလို မြို့တွေမှာ ရုရှားတပ်ဖွဲ့တွေ ရက်ရက်စက်စက် ကျူးလွန်ခဲ့တာကို ဟန်ဂေရီအစိုးရက ထုတ်ဖော် ပြောဖို့ နှောင့်နှေးနေပြီး ဒါဟာ ရုရှားဘက်က သူ့အပေါ် အပြစ်မပေးဖို့ ပြောနေတာကို ပိုခိုင်မာစေတယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါ့အပြင် ရုရှားဆီက ဂက်စ်ဓာတ်ငွေ့ကို ရုရှားသုံး ငွေကြေး ရုဘဲလ်စ်နဲ့ ပေးဝယ်ဖို့ ဟန်ဂေရီက လိုလိုလားလား ရှိတယ်ဆိုပြီး ထုတ်ဖော်ပြောခဲ့တာဟာ ဥရောပသမဂ္ဂရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်စေတယ်လို့လည်း ယူကရိန်းက ဝေဖန်ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဘူဒါပက်စ်မြို့မှာ ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဖို့ ဟန်ဂေရီရဲ့ ကမ်းလှမ်းမှုကိုလည်း ယုတ်မာတဲ့ ကမ်းလှမ်းမှု ဆိုပြီး ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပယ်ချခဲ့ပါတယ်။
ဟန်ဂေရီရဲ့ နောက်တကျော့ ရွေးကောက်ခံ အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ဟာ ရုရှားသမ္မတ ပူတင်နဲ့ ဟိုးကတည်းကိုက ရင်းနှီးတဲ့ ဆက်ဆံရေး ထားရှိနေတာပါ။
ဝန်ကြီးချုပ် အော်ဘန်က ယူကရိန်းကို လက်နက် ထောက်ပံ့ဖို့ ငြင်းဆန်ခဲ့ပြီး ရုရှားဆီက ရေနံနဲ့ ဂက်စ် ဝယ်ယူတင်သွင်းမှု ဒဏ်ခတ်ပိတ်ဆို့ဖို့ကို ကန့်ကွက်နေတာပါ။ ဒါပေမဲ့လည်း ယူကရိန်းဒုက္ခသည် အများအပြားကိုတော့ ဟန်ဂေရီက လက်ခံခဲ့ပါတယ်။
ယူကရိန်းကို ကျူးကျော်မှု တစ်ဖက်သတ် စစ်ပွဲဖြစ်တယ်လို့ G7 ပြော
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဟာ ရုရှားသမ္မတ ပူတင်ဘက်က တဖက်သတ် လုပ်ခဲ့တဲ့ စစ်ပွဲ ဖြစ်တယ်လို့ G7 ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံများအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီး တွေက ပြောဆိုခဲ့ပြီး ဒီစစ်ပွဲကြောင့် ကမ္ဘာတလွှား ကုန်စည်ပစ္စည်းတွေနဲ့ အစားအသောက် စျေးတွေပေါ် အကြီးအကျယ် ထိခိုက်သွားခဲ့တယ်လို့ ထုတ်ဖော်ကြားလိုက်ပါတယ်။
နေတိုးဌာနချုပ်မှာ ပြုလုပ်တဲ့ အစည်းအဝေးအပြီးမှာ G7 အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေက စျေးနှုန်းတွေ တက်လာမှုနဲ့ အစားအစာ ပြတ်လပ်လာမှုတွေဟာ ခံနိုင်ရည်အား အနည်းဆုံးသူတွေအပေါ် အကြီးအကျယ် ထိခိုက်နေတယ်လို့ ပြောခဲ့ကြပြီး ဒီပြဿနာကို လျော့ပါးသွားစေဖို့ ကူညီထောက်ပံ့မှုတွေ လုပ်သွားပေးမယ်လို့ ကတိပြုခဲ့ကြပါတယ်။
ဒါ့အပြင် ဒီလိုကုန်စျေးနှုန်းတွေ တက်တာဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ဖြစ်ရတာဆိုတဲ့ ရုရှားရဲ့ ပြောဆိုချက်တွေဟာ မျက်နှာပြောင်တိုက် လိမ်ညာပြောဆိုမှု ဖြစ်တယ်ဆိုပြီး သူတို့က ပယ်ချခဲ့ကြပါတယ်။
ရုရှားအစိုးရအပေါ် ပိုတင်းကျပ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သူတို့ အချိန်ကိုက် ညှိနှိုင်း လုပ်သွားမယ်လို့ G7 အဖွဲ့က ပြောပါတယ်။
ယူကရိန်းမှာ ရုရှားတပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကိုလည်း G7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေက ထပ်မံ ရှုတ်ချ ပြောဆိုခဲ့ပြီး လက်သည်တရားခံတွေကို အရေးယူအပြစ်ပေးမယ်လို့ ကတိပြု ပြောခဲ့ကြပါတယ်။
ယူကရိန်း ဆေးရုံတစ်ရုံကို သိမ်းယူပြီး ရုရှားတပ်ဖွဲ့ဝင်တွေပဲကုပေးနေတယ်လို့ ယူကရိန်းပြော
ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းက ဆေးရုံတစ်ရုံကို ရုရှားတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီး အဲဒီမှာ ရုရှားတပ်ဖွဲ့ဝင်တွေကိုပဲ ဆေးကုသခွင့်ပေးနေတယ်လို့ ယူကရိန်းအစိုးရ ရှေ့နေချုပ်က ပြောပါတယ်။
မာရီယူပိုလ်မြို့နဲ့ ဇပိုရီဇ်ဇီယာမြို့အကြား အလယ်ခေါင်မှာ ရှိတဲ့ ပိုလိုဟီးမြို့က ဆေးရုံမှာ အခုလို ဖြစ်ခဲ့တာလို့ ယူကရိန်းအစိုးရ ရှေ့နေချုပ်ရုံးက ပြောပါတယ်။
ဒေသခံ လူထုကို ကြောက်လန့်အောင် လုပ်ဖို့ ရုရှားတပ်ဖွဲ့တွေက အဲဒီ ဆေးရုံမှာ မိုင်းတွေ မြှုပ်ထားတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်နက်တွေ ထပ်ပေးဖို့ နေတိုးကို ယူကရိန်းတောင်းဆိုမယ်
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရို ကူလီဘာဟာ ဘရပ်ဆဲလ်စ်မြို့မှာ ကျင်းပနေတဲ့ နေတိုး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်နေပြီး ရုရှားတို့ ကျူးကျော်တိုက်ခိုက်မှုကို တုံ့ပြန်နိုင်ရေးအတွက် နောက်ထပ် လက်နက်တွေ ထောက်ပံ့ပေးဖို့ တိုက်တွန်း တောင်းဆိုမှာ ဖြစ်ပါတယ်။
လက်နက်တွေ အမြန်ဆုံး ထောက်ပံ့ပေးခြင်းအားဖြင့် ရုရှားစစ်တပ်ကို အနိုင်တိုက်ထုတ်နိုင်ရေးကို ကူညီရာ ရောက်မှာ ဖြစ်ပြီး လူ့အသက်တွေကို ကယ်နိုင်မှာ ဖြစ်တယ်လို့ အစည်းအဝေးမတိုင်ခင် သူက ပြောသွားခဲ့ပါတယ်။
နေတိုး အတွင်းရေးမှူးချုပ် ယန် စတိုလ်တန်ဘာ့ဂ်က ယူကရိန်းနိုင်ငံအတွက် နောက်ထပ် လေကြောင်းကာကွယ်ရေး စနစ်တွေ၊ တင့်ကားပစ်လက်နက်တွေနဲ့ တခြား ထောက်ပံ့ကူညီနည်း အမျိုးမျိုးတွေ လိုအပ်တဲ့အကြောင်း နေတိုးမဟာမိတ်အဖွဲ့ဝင် နိုင်ငံတွေက ဒီအစည်းအဝေးမှာ တင်ပြမယ်လို့ ပြောပါတယ်။

ရုရှားသံတမန်တွေကို သြစတြီးယားနှင်ထုတ်မယ်
သြစတြီးယားနိုင်ငံထဲမှာ ရှိတဲ့ ရုရှား သံတမန်တွေကို သံတမန်လုပ်ရပ်နဲ့ မညီ ပြုမူ ခဲ့တယ် ဆိုပြီး သြစတြီးယားအစိုးရက နိုင်ငံထဲကနေ နှင်ထုတ်တော့မှာ ဖြစ်ပါတယ်။
ဗီယန်နာမြို့က ရုရှား သံတမန် သုံးဦးနဲ့ ဆာလ်ဇ်ဘာ့ဂ်မြို့က ရုရှား သံတမန် တစ်ဦးတို့ ဧပြီလ ၁၂ ရက်မတိုင်ခင် နိုင်ငံထဲကနေ ထွက်ခွာရမယ်လို့ သြစတြီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့တော့ အဲဒီ ကြေညာချက်ထဲမှာ ထည့်သွင်း ပြောထားတာမျိုး မရှိပါဘူး။
သြစတြီးယားနိုင်ငံ ဗီယန်နာမြို့တော်ဟာ နိုင်ငံတကာ အဖွဲ့အစည်း အများအပြား အခြေစိုက်ရာ မြို့ ဖြစ်တဲ့အတွက် တခြား ဥရောပ နိုင်ငံတွေထက် စာရင် သြစတြီးယားမှာ ရုရှား သံတမန် ပိုများများ ရှိနေတာ ဖြစ်ပါတယ်။
ယူကရိန်းအရှေ့ပိုင်းမြို့တွေကို ရုရှားက ညလုံးပေါက် အမြောက်တွေနဲ့တိုက်ခိုက်

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဟာကိဗ်၊ လူဟန့်စ်ခ်နဲ့ ဒွန်ညက်စ်ခ်ဒေသက မြို့ကြီးမြို့ငယ်တွေကို ရုရှားတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ တစ်ညလုံး အမြောက်တွေနဲ့ နောက်ထပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ရုရှားတို့က သူတို့ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို လာမယ့် သီတင်းပတ်တွေမှာ ပိုတိုးလုပ်မယ်လို့ မျှော်လင့်ရပါတယ်။
ရုရှားတွေရဲ့ လက်ချက်နဲ့ အသက်မဆုံးရှုံးအောင် ကယ်တင်ပေးကြပါလို့ လူဟန့်စ်ခ် အုပ်ချုပ်ရေးမှူးက ပြောထားပြီး အဲဒီနေရာတွေကနေ ဒေသခံတွေကို ကယ်ထုတ်ပေးဖို့ ယူကရိန်းအာဏာပိုင်တွေက အကြိမ်ကြိမ် ပန်ကြားထားပါတယ်။
အဲဒီဒေသတွေကနေ လူတွေကို ရထား၊ ဘတ်စ်ကား၊ ကိုယ်ပိုင်ကားတွေနဲ့ ကယ်ထုတ်နိုင်ရေးနဲ့ ကျန်နေသေးသူတွေအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ အခြေခံ လိုအပ်ချက်တွေ ထောက်ပံ့နိုင်ရေးကို ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။
မကြာသေးခင်အချိန်အထိ ရုရှားတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နိုင်ငံမြောက်ပိုင်းက ဒေသတွေမှာ ထိခိုက်ပျက်စီးမှု အများအပြား ဖြစ်ခဲ့တဲ့ နောက်ထပ် အထောက်အထားတွေ တွေ့ရပါတယ်။
ရုရှားတပ်ဖွဲ့တွေရဲ့ တစိတ်တပိုင်း ဒါမှမဟုတ် လုံးဝ ပိတ်ဆို့ထားတာကို သီတင်းပတ်နဲ့ချီ ခံခဲ့ရတဲ့ ချာနီဟိဗ်မြို့မှာဆိုရင် လူနေရပ်ကွက်တချို့ လုံးဝ ပျက်စီးသွားတယ်လို့ အဲဒီမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
အဲဒီမှာ ရှိတဲ့ လူတွေဟာ သောက်သုံးရေ လုံးဝ မရှိသလောက်နဲ့ အသက်ဆက်ခဲ့ရပြီး လျှပ်စစ်မီး မရှိဘဲ သီတင်းပတ်နဲ့ ချီနေခဲ့ကြရတယ်လို့ ဆိုပါတယ်။ အခုအခါ အဲဒီမှာ ဝန်ဆောင်မှု အသုံးအဆောင်တွေ ပြန်ရအောင် အာဏာပိုင်တွေက ကြိုးစားဆောင်ရွက်နေပါတယ်။








