ယူကရိန်းစစ်ပွဲ- ဓာတုစစ်ပွဲကို ရင်ဆိုင်ဖို့ အမေရိကန် အကူအညီနဲ့ ယူကရိန်းကြိုပြင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတုစစ်ပွဲကို ရင်ဆိုင်ဖို့ အမေရိကန် အကူအညီနဲ့ ယူကရိန်းကြိုပြင်
စစ်ပွဲအတွင်း ဘယ်အခြေအနေမှာမဆို ကြုံလာနိုင်တဲ့ ဓာတုလက်နက် တိုက်ခိုက်မှုတွေအတွက် တစ်ကိုယ်ရည် ကာကွယ်ရေး ဝတ်စုံအသုံးအဆောင် PPE တွေကို ယူကရိန်းရဲ့ အကူအညီတောင်းမှုကြောင့် အမေရိကန်က ယူကရိန်းကို ပေးပို့ခဲ့ပါတယ်။
အဲဒီပစ္စည်းတွေထဲမှာ ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေ၊ ဘေးအန္တရာယ်အကာအကွယ် ဝတ်စုံတွေ နဲ တခြား အသုံးအဆောင်တွေ ပါဝင်မှာ ဖြစ်ပါတယ်။
စစ်ပွဲမှာ ဓာတုနဲ့ ဇီဝ လက်နက်တွေကို သုံးစွဲလာနိုင်ခြေရှိတယ်လို့ ဒီသီတင်းပတ်တွေထဲမှာ ရုရှားနဲ့ အနောက်နိုင်ငံတွေက အပြန်အလှန် စွပ်စွဲနေကြပါတယ်။
စစ်ရေးအကူအညီ ဒေါ်လာ သန်း ၃၀၀ ဖိုး ယူကရိန်းကို အမေရိကန်ထပ်ပို့မယ်
အမေရိကန်က ယူကရိန်းကို လုံခြုံရေးဆိုင်ရာ အကူအညီ ဒေါ်လာ သန်း ၃၀၀ ဖိုး နောက်ထပ် ပေးပို့မယ်လို့ ပြောပါတယ်။
နောက်ဆုံးပေးပို့မယ့်ထဲမှာ လေဆာလမ်းညွှန် ဒုံးစနစ်တွေ၊ တိုက်ပွဲဝင် ဒရုမ်းတွေ၊ ဟမ်းဗီး ဘက်စုံသုံးယာဥ်တွေ၊ ညကြည့်မျက်မှန်တွေ၊ စက်သေနတ်တွေနဲ့ ဆေးဝါးပစ္စည်းတွေ ပါဝင်ပါတယ်။
အဲဒါကြောင့် စစ်ပွဲစတဲ့ ငါးပတ် ကာလမှာ အခုဆိုရင် အမေရိကန်က ယူကရိန်းကို ပေးပို့မယ်လို့ ပြောထားတာ ဒေါ်လာ ၁.၆ ဘီလျံ ရှိပြီ ဖြစ်ပါတယ်။
ရုရှားတပ်တွေ အရေးကြီးလေဆိပ်တစ်ခုကနေ ဆုတ်သွားပြီလို့ ယူကေထောက်လှမ်းရေးပြော

ရုရှားတပ်တွေဟာ ယူကိရိန်းမြို့တော် ကိယက်ဗ်နားက ဟော့စ်တေ့ာမယ် လေဆိပ်ကနေ ဆုတ်ခွာသွားကြပြီလို့ ယူကေ စစ်ထောက်လှမ်းရေးက ပြောပါတယ်။
ရုရှားတပ်တွေ ဆုတ်ခွာနေသလို ယူကရိန်းတပ်တွေကလည်း မြို့တော် ကိဗက်ဗ်နားမှာ ဆက်ပြီး ရှေ့တိုးလာနေတယ်လို့ ယူကေ ကာကွယ်ရေး ဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။
အရှေ့ဘက်ပိုင်းတစ်လျှောက်မှာ ယူကရိန်းက ရွာတွေကို ပြန်ပြီး ရနေပါပြီ။ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပြီးနောက် ဟာကိဗ် အရှေ့ခြမ်းမှာ လုံခြုံတဲ့ လမ်းကြောင်းတစ်ခု ယူကရိန်းတပ်တွေ ရပါပြီလို့ လည်း ပြောပါတယ်။
စစ်ပွဲ စတဲ့ ဖေဖော်ဝါရီ ၂၄ ရက်တည်းက ဟော့စ်တော့မယ်မှာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး ရုရှား လေကြောင်းချီတပ်တွေက အဲဒီကုန်တင်လေဆိပ်ကို ခြေကုပ်စခန်းအဖြစ် သိမ်းဖို့ ရောက်လာခဲ့တာပါ။
ဟော့စ်တော့မယ်ဟာ မြို့သေးပေမဲ့ မဟာဗျူဟာအရ အရေးကြီးတဲ့ မြို့ဖြစ်ပါတယ်။ စစ်မဖြစ်ခင်က အဲဒါနေရာဟာ ယူကရိန်းရဲ့ အရေးအကြီးဆုံး နိုင်ငံတကာ ကုန်တင်ကုန်ချ လေဆိပ်နဲ့ အဓိက လေတပ်စခန်း တစ်ခု ဖြစ်ပါတယ်။
ပိုလန်ဘက်ထွက်ပြေးလာသူ နည်းလာပြီ၊ ယူကရိန်းဘက်ကို ပိုပြန်နေကြပြီ
စစ်ပွဲစတင်ကတည်းက လူ နှစ်သန်းခွဲနီးပါး ယူကရိန်းဘက်ကနေ ပိုလန်နိုင်ငံထဲကို ထွက်ပြေးခဲ့ကြပါတယ်။
ဒါပေမဲ့ ထွက်ပြေးလာသူတွေ နောက်ဆုံးသီတင်းပတ်တွေမှာ နည်းလာပြီး သောကြာနေ့မှာတော့ ယူကရိန်းက ပိုလန်ဘက်ကို ဝင်လာသူ ဒုတိယ အနည်းဆုံးနေ့ဖြစ်တယ်လို့ ပိုလန် နယ်ခြားစောင့်အဖွဲ့က ပြောပါတယ်။
အခုဆိုရင် ယူကရိန်းဘက်ကို ပြန်သူတွေ တိုးလာနေပြီး စစ်ပွဲ စတင်ကတည်းကဆို ပိုလန်ဘက်ကနေ ယူကရိန်းထဲကို ဝင်ရောက်သူက လေးသိန်းကျော်ရှိခဲ့ပြီး မနေ့က သောကြာနေ့မှာတော့ လူ တစ်သောင်းခွဲ ရှိပါတယ်။
ယူကရိန်းမှာ နေအိမ်စွန့်ခွာသူကတော့ လူ ၁၀ သန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ပြောပါတယ်။
လူ လေးသန်းက အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးကြတာ ဖြစ်ပြီး ကျန် ခြောက်သန်းခွဲကျော်က ပြည်တွင်းမှာပဲ စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ယူကရိန်းက ရှေးဟောင်းနယ်မြေ ၅၃ ခု ပျက်စီးခဲ့ပြီလို့ ယူနက်စကိုပြော
ကုလသမဂ္ဂယဥ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့အစည်း ယူနက်စကိုက ယဥ်ကျေးမှုအရ အရေးကြီးတဲ့နေရာ အနည်းဆုံး ၅၃ ခု စစ်ပွဲအတွင်း ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
အဲဒီထဲမှာ ခရစ်ယာန် ဘုရားကျောင်း ၂၉ ကျောင်း၊ ရှေးဟောင်း အဆောက်အအုံ ၁၆ လုံး၊ ပြတိုက် ၄ ခု၊ နဲ့ အထိမ်းအမှတ် အမှတ်အသား ၄ ခု တို့ပါပါတယ်။
အများစုက ယူကရိန်းရဲ့ အကြီးဆုံး မြို့နှစ်မြို့ဖြစ်တဲ့ ကိယက်ဗ်နဲ့ ဟာကိဗ်တို့မှ ဖြစ်ပြီး ရှေးအကျဆုံး မြို့တစ်မြို့ဖြစ်တဲ့ ချာနီဟိဗ်မြို့မှာလည်း အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။
ရုရှားပိတ်ဆို့ခံရမှုတွေရှောင်နိုင်အောင် ကူညီနေတယ်ဆိုတာ တရုတ်ငြင်း
ရုရှားကို အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရှောင်ရှားနိုင်အောင် တရုတ်က လုပ်နေတယ်ဆိုတာကို တရုတ်အကြီးတန်း သံတမန် တစ်ဦးက ဥရောပခေါင်းဆောင်တွေနဲ့ တရုတ်တို့တွေ့ဆုံအပြီးမှာ ငြင်းဆိုလိုက်ပါတယ်။
ကမ္ဘာ့စျေးကွက် ရုရှားကိုဖြတ်ပြီး ဆက်လည်ပတ်နိုင်အောင် ကူညီနေတာလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာနက ဝမ်လူတန်က ပြောပါတယ်။
ဒါပေမဲ့ အနောက်နိုင်ငံတွေကတော့ တရုတ်က ရုရှားကို ယူကရိန်းစစ်ပွဲအတွက် ရှုတ်ချဖို့ တွန့်ဆုတ်နေတာကို စိုးရိမ်နေပါတယ်။ ဒါ့အပြင် တရုတ်က ရုရှားကို အကူအညီတွေ ပေးရင် သူတို့ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ သိပ်မထိရောက်မှာကိုလည်း စိုးရိမ်နေပါတယ်။
တရုတ်ရဲ့ လုပ်ဆောင်မှုတွေကို ဥရောပ စီးပွားရေး အပိုင်းက အနီးကပ် စောင့်ကြည့်နေတယ်လို့ သောကြာနေ့မှာ ဥရောပကော်မရှင် အကြီးအကဲ အာဆူလာ ဖွန်ဒါလိုင်ယန်က ပြောပါတယ်။
နိုင်ငံအရှေ့ခြမ်းမှာ အခြေအနေ အရမ်းခက်ခဲနေတယ်လို့ ယူကရိန်း သမ္မတပြော

ဓာတ်ပုံ ရင်းမြစ်, Presidential Administration
နိုင်ငံအရှေ့ခြမ်းမှာ အင်မတန် ခက်ခက်ခဲခဲ အခြေအနေ ဆက်ဖြစ်နေတုန်းပဲလို့ ယူကရိန်း သမ္မတ ဗလိုဒီယာ ဇယ်လင်းစကီးက ပြောပါတယ်။
စနေနေ့က ဗီဒီယို မိန့်ခွန်းထဲမှာ ရုရှားတပ်တွေက မြောက်ပိုင်းကနေ နှေးကွေးပေမဲ့ ပြန်ထွက်နေကြတာ သိသာတဲ့နှုန်းနဲ့ ထွက်နေကြပြီလို့ သူက ပြောပါတယ်။
ဒါပေမဲ့ ဒါဟာ ဒွန်ဘတ်စ်နဲ့ ဟာကိဗ်ဘက်မှာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ အသစ်တွေအတွက် စုဖွဲ့ ပြင်ဆင်နေတာလို့ သူက သတိပေးလိုက်ပါတယ်။
ပြင်းထန်တဲ့ တိုက်ပွဲကြီးတွေ ရှေ့မှာ ရှိဦးမှာပါ။ စိန်ခေါ်မှုတွေကို အကုန်ကျော်လွှားခဲ့ပြီးပြီလို့ မထင်ကြနဲ့ဦးလို့ သူက ပြောပါတယ်။








