ယူကရိန်းစစ်ပွဲ- ကိယက်ဗ်မှာ တိုက်ခိုက်မှု လျှော့တယ်ဆိုတာ တပ်တွေ ပြန်စုဖွဲ့နေတာတို့ ယူကရိန်းအကြံပေးပြော

ယူကရိန်းစစ်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

ကိယက်ဗ်မှာ တိုက်ခိုက်မှု လျှော့တယ်ဆိုတာ တပ်တွေ ပြန်စုဖွဲ့နေတာတို့ ယူကရိန်းအကြံပေးပြော

ရုရှားက ပြောတဲ့ ကိယက်ဗ်နဲ့ချာနီအက်ဗ်နားမှာ စစ်ဆင်ရေးတွေ လျှော့ချမယ်ဆိုတာကို မယုံကြည်ဘူးလို့ ယူကရိန်း သမ္မတ ဗလိုဒီမီယာ ဇယ်လင်းစကီးရဲ့ လုံခြုံရေး အကြံပေး ပုဂ္ဂိုလ်ဟောင်း အိုလက်ဇန်းဒါး ဒန်နီလွတ်ခ်က ပြောပါတယ်။

ဒီမနက် ကြားရတဲ့ ဒုံးကျည်ပစ်ခတ်သံတွေဟာ သူ့စိုးရိမ်မှုတွေ မှန်ကြောင်း ပြနေတယ်လို့ ဆိုပါတယ်။

တပ်တွေ ထပ်မတိုးလာသလို တချို့တပ်တွေ ကိယက်ဗ်ကနေ ထွက်သွားကြတယ်ဆိုတာ တပ်တွေ ပြန်စုဖွဲ့နေတာလို့ သူက ပြောပါတယ်။

ယူကရိန်းမြောက်ပိုင်းက မြို့တော်ကို တိုက်ခိုက်ရာမှာ အကြိမ်ကြိမ် ထိခိုက်ဆုံးရှုံးမှုတွေကြောင့် ရုရှားက သူတို့ စစ်ဆင်ရေးကို ယူကရိန်း အရှေ့ပိုင်းကို အဓိက ထားပြီး တိုက်နေပြီ ဖြစ်ပါတယ်။

ဗလာဒီမီယာ ပူတင်အနေနဲ့ အောင်ပွဲကို ပြဖို့လိုတာကြောင့် ရုရှားက အရှေ့ပိုင်းက ဒွန်ညက်စ်ခ်နဲ့ လူဟန့်စ်ခ် တို့ကို ရယူဖို့ အားကုန်ထုတ်လိမ့်မယ်လို့ ဒန်နီလွတ်ခ်က ပြောပါတယ်။

ဒါပေမဲ့ ရုရှားက ကိယက်ဗ်နဲ့ ချာနီအက်ဗ်ကိုလည်း လျှော့ပေးမှာ မဟုတ်ဘူး၊ စစ်ဆင်ရေးတွေ လျှော့မယ်ဆိုတာ အပြောသက်သက်ပဲလို့ သူက ပြောပါတယ်။

ရုရှားက စစ်ရေးလျှော့မယ်ဆိုတဲ့နေရာတွေက ယူကရိန်းတပ်တွေက ရှေ့တိုးလာနေပြီး နယ်မြေတွေ ပြန်ရနေတဲ့ နေရာတွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

စစ်ရှိန်လျှော့မယ်ပြောတဲ့ ချာနီဟိဗ်ကို ရုရှား ဆက်တိုက်နေတယ်လို့ မြို့တော်ဝန်ပြော

ယူကရိန်းနိုင်ငံမြောက်ပိုင်း ချာနီအက်ဗ် ဒေသနဲ့ ကိယက်ဗ် မြို့ဝန်းကျင်မှာ ရုရှားဘက်က စစ်ရေးလှုပ်ရှားမှုတွေ သိသိသာသာ လျှော့ချမယ်လို့ ရုရှားအစိုးရက ကတိပေးထားပေမဲ့ ရုရှားတပ်ဖွဲ့တွေက အဲဒီဘက်မှာ တိုက်ခိုက်မှုတွေ ဆက်လုပ်နေတုန်းပဲလို့ ချာနီဟိဗ် မြို့တော်ဝန်က ပြောပါတယ်။

ဒေသဆိုင်ရာ မြို့တော် ချာနီဟိဗ် မြို့ကိုရော အနီးအနားက ပိုသေးငယ်တဲ့ နိရှင်မြို့ကိုပါ ပစ်ခတ်ခဲ့တယ်လို့ မြို့တော်ဝန် ဗယာချာဆလပ်ဗ် ချောက်စ် က ပြောပါတယ်။

ယူကရိန်း စစ်တပ်ကတော့ ကိယက်ဗ် မြို့တော်အနားမှာ တပ်စွဲထားတဲ့ ရုရှားတပ်ဖွဲ့ တချို့ဆုတ်ခွာသွားခဲ့ပြီလို့ ပြောပါတယ်။

ဒါပေမဲ့ သမ္မတ ဇလန်းစကီးရဲ့ သမ္မတရုံးအကြံပေးပုဂ္ဂိုလ် ကတော့ ကိယက်ဗ် မြို့တော်ကိုကာကွယ်ရေးမှာပါဝင်တဲ့ ယူကရိန်း စစ်သားတွေကို ထိန်းချုပ်နိုင်ဖို့ ရုရှားအစိုးရက မြို့တော်နားမှာ ရုရှားတပ်ဖွဲ့ တချို့ကို ဆက်ထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီက ယူကရိန်း တပ်ဖွဲ့တွေကို ဝိုင်းထားဖို့ ကြိုးစားတဲ့အနေနဲ့ ရုရှားတပ်ဖွဲ့တွေကို အရှေ့ဘက်ဆီ ရွှေ့လိုက်တယ်လို့လည်း သူက ပြောပါတယ်။

ရုရှားက အဓိက သူတို့အာရုံစိုက်တဲ့ နေရာလို့ အခု ပြောနေတဲ့ နိုင်ငံအရှေ့ပိုင်း လူဟန့်စ်ခ် နဲ့ ဒွန် ညက်စ်ခ် ဒေသတို့မှာလည်း နောက်ထပ် တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

တောင်ပိုင်းဆိပ်ကမ်းမြို့ မာရီယူပိုးလ်မှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်ဖြစ်

ယူကရိန်းနိုင်ငံတောင်ပိုင်းက မာရီယူပိုးလ် ဆိပ်ကမ်းမြို့မှာ အပစ်အခတ်ရပ်စဲ ပြီး အရပ်သားတွေကို ထွက်ခွာခွင့်ပေးဖို့ ပြင်သစ်၊ တူရကီနဲ့ ဂရိ နိုင်ငံတို့က ကြားဝင် စေ့စပ်ဖို့ ကြိုးစားနေတဲ့ကြားက မြို့ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ရှိနေပါတယ်။

ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်းက မနေ့က အင်္ဂါနေ့တုန်းက ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ တယ်လီဖုန်းကတဆင့် အချိန်အကြာကြီးစကားပြောခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဥပဒေကို လေးစား လိုက်နာဖို့ တိုက်တွန်းခဲ့ပါတယ်။

မစ္စတာ ပူတင်က ယူကရိန်းတိုက်ခိုက်ရေးသမားတွေ လက်နက်ချတာနဲ့တပြိုင်နက် ဗုံးကြဲတာ ရပ်မယ်လို့ ပြောပါတယ်။

မာရီယူပိုးလ်မှာ အရပ်သား ငါးထောင်ထက် မနည်း သေဆုံးခဲ့ရတယ်လို့ ယူဆကြောင်း ကုလသမဂ္ဂ အရာရှိတစ်ယောက်က ပြောပါတယ်။

ယူကရိန်း အရာရှိတွေကလည်း ဒီအရေအတွက်လောက် သေဆုံးခဲ့ကြကြောင်း ပြောပါတယ်။

ယူကရိန်းမြေပုံ

ရုရှားဘက်က တိုက်ဖို့ ဆီးရီးယား တိုက်ခိုက်ရေးသမားတွေကို ခေါ်ယူခဲ့

ယူကရိန်းကို တိုက်ခိုက်တဲ့ စစ်ပွဲမှာ ရုရှားအတွက် ရှေ့တန်းကနေ တိုက်ပွဲဝင်ဖို့ တစ်လကို ဒေါ်လာ ခုနစ်ထောင်ပေးမယ်ဆိုပြီး ဆီးရီးယား တိုက်ခိုက်ရေး သမားတွေကို ကမ်းလှမ်းမှုတွေ ရှိခဲ့လို့ ဘီဘီစီက လေ့လာ သိရှိရပါတယ်။

အဲဒီကမ်းလှမ်းမှုကို လူ ၂၀၀ ထက် မနည်း လက်ခံခဲ့ကြတယ်လို့ သိရကြောင်း ဆီးရီးယား တိုက်ခိုက်ရေးသမားတစ်ယောက်က ပြောပါတယ်။

သူတို့က ငွေရလို့ လုပ်တာဖြစ်ပြီး နိုင်ငံရေးအရ သဘောတရားကြောင့် မဟုတ်ဘူးလို့လည်း အဲဒီလူက ဆိုပါတယ်။

ယူကရိန်းအစိုးရနဲ့ ဆီးရီးယားက အစိုးရမဟုတ်တဲ့ NGO အဖွဲ့တစ်ခုကလည်း နိုင်ငံတဝန်း အလုပ်ခန့်ထားရေးဌာန ၁၄ ခု ဖွင့်ထားတယ်လို့ ပြောပါတယ်။

ကိုယ့်ဆန္ဒအရ ပါဝင်တိုက်ခိုက်ကြမယ့်သူတွေကို Hmiemem အခြေစိုက်စခန်းမှာ လေ့ကျင့်ပေးပြီး နောက် ရုရှားကို လေကြောင်းနဲ့ ခေါ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။

အဲဒီလူတွေထဲမှာ ၉၀ ရာခိုင်နှုန်းက အသက်သေနိုင်ဖွယ်ရှိတယ်၊ တကယ်လို့ သေဆုံးသွားခဲ့ရင် သူတို့ မိသားစုတွေက ဒေါ်လာ ငါးသောင်း ရကြမယ်လို့ စောစောက ပြောခဲ့တဲ့ တိုက်ခိုက်ရေးသမားက ပြောပါတယ်။

ယူကရိန်းက လူလေးသန်းကျော် ထွက်ပြေးခဲ့

ယူကရိန်း စစ်ပွဲ စတင်ခဲ့ပြီးနောက် သီတင်း ငါးပတ် အတွင်းမှာ ယူကရိန်းကနေ လူပေါင်း လေးသန်းကျော် ထွက်ပြေးခဲ့ကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီက ပြောပါတယ်။

အဲဒီထဲက အရေအတွက် အများစုဟာ အနောက်ဘက်က ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ မော်လ်ဒိုဗာ တို့ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။

ပိုလန်တစ်နိုင်ငံထဲကို ရောက်လာသူက ၂ ဒဿမ ၃ သန်းကျော်ရှိတာတွေ့ရပါတယ်။ အဲဒီထဲက ခန့်မှန်းခြေ တစ်သန်းလောက်က ပိုလန်ကနေ တခြားနိုင်ငံတွေဆီ ဆက်သွားခဲ့ကြပါတယ်။

စစ်ပွဲဖြစ်ခဲ့တဲ့ ပထမပိုင်း သီတင်းပတ်တွေထက် အခု ဒုက္ခသည်တွေ ထွက်လာတာ နည်းသွားတယ် ဆိုပေမဲ့ ပဋိပက္ခ ဘယ်လို ဖြစ်ပေါ်ပြောင်းလဲလာမလဲ ဆိုတာ အပေါ်မူတည်ပြီး အခြေအနေတွေ ပြောင်းလဲသွားနိုင်တယ်လို့ အီးယူ အရာရှိတွေက သတိပေးနေပါတယ်။

တိုက်ခိုက်ရေးလုပ်နိုင်တဲ့ အရွယ် ယူကရိန်း အမျိုးသားတွေကို နိုင်ငံကနေ ထွက်ခွာခွင့် မပေးတဲ့အတွက် ပြည်ပကို ထွက်ပြေးလာသူ အများစုက အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်ကြပါတယ်။

ဆွေးနွေးမှုတွေ တိုးတက်နေတယ်လို့ ယူကရိန်း သမ္မတ အကြံပေးပြော

ရုရှားနဲ့ ယူကရိန်းကြားက ဆွေးနွေးမှုတွေဟာ အမှန်တကယ် တိုးတက်နေတယ်လို့ ယူကရိန်း သမ္မတရုံး ဒုတိယအကြီးအကဲ အီဟော ဆော့ဟာက ပြောပါတယ်။

တူရကီနိုင်ငံ အီစတန်ဘူလ်မှာ လုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေမှာ ရုရှားဘက်က တောင်းဆိုမှုတွေထက် ယူကရိန်းဘက်က အခြေအနေတွေကို နားထောင်ခဲ့တာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ယူကရိန်းအရှေ့ပိုင်းဒေသတွေကို တောင်းလာမယ်ဆိုရင်တော့ ယူကရိန်းဘက်က တစ်လက်မမှ ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

မိုင်ကိုလာယိဗ် အုပ်ချုပ်ရေးမှူးရုံးတိုက်ခိုက်ခံရမှု ၁၂ ဦး သေဆုံး

မိုင်ကိုလာယိဗ်အုပ်ချုပ်ရေးမှူးရုံး

ဓာတ်ပုံ ရင်းမြစ်, Reuters

ယူကရိန်းတောင်ပိုင်း ဆိပ်ကမ်းမြို့တစ်ခု ဖြစ်တဲ့ မိုင်ကိုလာယိဗ်မြို့ကို ရုရှားက မနေ့က တိုက်ခိုက်ခဲ့မှုမှာ လူ ၁၂ ဦး သေဆုံးပြီး ၃၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။

အဆောက်အအုံထဲမှာ စစ်သားတွေ မရှိဘဲ အစောင့်တွေနဲ့ ရုံးဝန်ထမ်းတွေပဲ ရှိတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

ရုရှားတို့က ဒေသ အုပ်ချုပ်ရေးမှူး ဗစ်တာလီကင်မ်ကို ပစ်မှတ်ထားခဲ့ပုံရပြီး တိုက်ခိုက်ချိန်မှာ အုပ်ချုပ်ရေးမှူး အဲဒီမှာ ရှိမနေဘူးလို့ မြို့တော်ဝန်က ပြောပါတယ်။

သတင်းအကျဥ်း

  • ကိယက်ဗ်မြို့ အပြင်ဘက်မှာ ပေါက်ကွဲသံတွေ ဒီမနက်မှာ ကြားနေရပါတယ်။ ဒီပစ်ခတ်မှုတွေကို ယူကရိန်းဘက်က ပစ်ခတ်သလား၊ ရုရှားဘက်က ပစ်ခတ်သလားဆိုတာကိုတော့ မသိရပါဘူး။
  • ရုရှားတပ်တွေဟာ ရုရှားနဲ့ ဘယ်လာရုစ် ဘက်ကို ပြန်သွားပြီး တပ်တွေ ပြန်စုဖွဲ့နေရတယ်လို့ ယူကေ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီလို တပ်တွေ မြေပြင်မှာ လျော့သွားတယ်ဆိုတာ ဒုံးတိုက်ခိုက်မှုတွေ များလာမယ့် သဘောပဲလို့လည်း ပြောပါတယ်။
  • ယူကရိန်း သမ္မတ ဗလိုဒီမီယာ ဇယ်လင်းစကီးက အင်္ဂါနေ့က ပြောဆိုဆွေးနွေးမှုတွေမှာ ရုရှားဘက်က ပြောတဲ့ ယူကရိန်းမြို့တော် ကိဗက်ဗ်နဲ့ ချာနီဟိဗ်နားမှာ စစ်ဆင်ရေးတွေ လျှော့မယ်ဆိုတာ ကောင်းတဲ့လက္ခဏာ ဖြစ်တယ်၊ ဒါပေမဲ့ ရုရှားရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကြားထဲ နစ်မွန်းသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။