ရုရှားကျူးကျော်စစ်မှာ ယူကရိန်းဘက်က စစ်ရေးပြင်ဆင်မှု ဘယ်လောက်မှန်ခဲ့သလဲ

    • ရေးသားသူ, ဖရန့် ဂါ့ဒ်နာ
    • ရာထူးတာဝန်, လုံခြုံရေးဆိုင်ရာ ဘီဘီစီသတင်းထောက်
  • ရေးသားခဲ့သည်။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲလာတဲ့ တလကျော်လာတဲ့အချိန်မှာ ယူကရိန်းဟာ အများထင်ထားသလို မဟုတ်ဘဲ ဆက်လက် ကြံ့ကြံ့ခိုင် နေနိုင်သေးတာကို တွေ့ရပါတယ်။

ယူကရိန်းစစ်တပ်အနေနဲ့ ရုရှားစစ်တပ်နဲ့ ယှဉ်မယ်ဆိုရင် တပ်သား၊ တင့်ကားနဲ့ လေယာဉ်တို့ ကအစ အဘက်ဘက်က အရေအတွက်အရ ဘယ်လိုမှ မယှဉ်နိုင်တဲ့ အနေအထားမှာရှိခဲ့တာ ဖြစ်ပါတယ်။

ဒီလို အရေအတွက်အရ အဘက်ဘက်က တပန်းရှုံးတဲ့ အခြေအနေရှိတဲ့ ယူကရိန်းစစ်တပ်ဟာ တကယ်တမ်း ရုရှားနဲ့ တိုက်တဲ့အချိန်မှာ သူတို့ဘက်က ကူပြီး ဝင်တိုက်ပေးတဲ့ အရပ်သား တိုက်ခိုက်ရေးသမားတွေနဲ့အတူ ရုရှားရဲ့ ထိုးစစ်နေရာတော်တော်များများကို တောင့်ခံထားနိုင်တာ တွေ့ရပါတယ်။

နှစ်ဖက် စစ်ရေးရည်မှန်းချက် ဘယ်လောက်အထိ အောင်မြင်ထားသလဲ

ယူကရိန်းဘက်က နယ်မြေဆုံးရှုံးမှု အများစုကို ကြည့်မယ်ဆိုရင် နိုင်ငံတောင်ပိုင်းက ကရိုင်းမီးယားဒေသတဝိုက်မှာတွေ့ရပါတယ်။

ကရိုင်းမီးယားဒေသကလည်း ယခင်က ယူကရိန်းပိုင် ဖြစ်ခဲ့ပေမယ့် ၂၀၁၄ မှာ ရုရှားက ဖဲ့ယူသွားတဲ့အတွက် ရုရှားပိုင် ဖြစ်သွားခဲ့တာပါ။

အခုလို ယူကရိန်းဘက်က ဆုံးရှုံးမှုတွေ ရှိတယ်ဆိုပေမယ့်လည်း ရုရှားကျူးကျော်စစ်ရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ မြို့တော် ကိယက်ဗ်နဲ့တကွ အဓိကမြို့ ကြီးတွေကို သိမ်းပိုက်ဖို့ ၊ ယူကရိန်းအစိုးရ နုတ်ထွက်ရေး ဖိအားပေးဖို့ ဆိုတဲ့ အရာတွေ ဖြစ်မလာဘဲ ဆုံးရှုံးခဲ့တာ တွေ့ရပါတယ်။

လက်ရှိအနေအထားမှာ ယူကရိန်းဘက်က ရုရှားပြန်ဖိတာ ခံရနိုင်ခြေလည်း ရှိနေပြီး ရုရှားထိုးစစ်ကို တောင့်ခံထားနိုင်ဖို့ လိုအပ်တဲ့ ယူကရိန်းကို အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ တင့်ဖျက်နဲ့ လေယာဉ်ဖျက် ဒုံးကျည်တွေ များများစားစား မကျန်တော့တဲ့ အခြေအနေလည်း ရောက်နေတာကို တွေ့ရပါတယ်။

ယူကရိန်းအရှေ့ပိုင်းမှာ ရှိနေတဲ့ ဝါအရင့်ဆုံး တပ်ဖွဲ့ဝင် အများစုဆိုရင်လည်း ရုရှားတပ်တွေ အဝိုင်းခံရပြီး ဖြတ်တောက် ချေမှုန်းပစ်တာ ခံရမယ့် အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။

အခုလို စစ်ရေးသာမက ယူကရိန်းနိုင်ငံသား စုစုပေါင်းရဲ့ လေးပုံတပုံလောက်ကလည်း စစ်ဘေးရှောင်နေရချိန်မှာ ယူကရိန်းစစ်တပ်က ရုရှားစစ်တပ်ကို တောင့်ခံထားနိုင်စေတဲ့ အကြောင်းအရာတွေကို လေ့လာ သုံးသပ်ကြည့်ရမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် အချက် ၄ ချက် တွေ့ရပါတယ်။

၁။ ယူကရိန်းစစ်တပ်ရဲ့ စိတ်အားတက်ကြွမှု

ရုရှားရဲ့ ကျူးကျော်စစ်မှာ ယူကရိန်းစစ်တပ်အနေနဲ့ သူတို့ရဲ့ အချုပ်အချာအာဏာ ဆက်လက် အသက်ဆက်တည်မြဲဖို့အတွက် တိုက်ရတာ ဖြစ်တဲ့အတွက် တခြားနိုင်ငံကို ဝင်ရောက် ကျူးကျော်တိုက်ခိုက်ရတဲ့ ရုရှားတပ်သားတွေနဲ့ ယှဉ်ရင် အားသွန်ခွန်စိုက် တက်တက်ကြွကြွ တိုက်ခိုက်နိုင်မှုမှာ သာပါတယ်။

ယူကရိန်းနိုင်ငံသားများ တရပ်လုံးအနေနဲ့လည်း သူတို့ရဲ့ သမ္မတနဲ့တကွ အစိုးရနောက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး ထောက်ခံနေကြရာမှာ ယခင် စစ်ရေးအတွေ့အကြုံမရှိတဲ့ အရပ်သားတွေပါ ရုရှားကျူးကျော်စစ်ကို တွန်းလှန်ဖို့အတွက် လက်နက်ကိုင်ဖို့ အသင့်ဖြစ်လာကြပါတယ်။

ယူကရိန်းအစိုးရ ကိုယ်တိုင်ကလည်း ရုရှားကို တွန်းလှန်နိုင်ဖို့ လက်နက်ကိုင်ချင်တဲ့သူတွေကို ပေးဝေမှုတွေ လုပ်နေရာမှာ အဲဒီ အကျိုးဆက်ကြောင့် ယူကရိန်း အမြဲတမ်းစစ်သားတွေက မြို့ ကြီးမြို့ငယ်တွေမှာ အထူးပြု တပ်စွဲထားဖို့ မလိုလှတော့ဘဲ ရှေ့တန်းစစ်မြေပြင်ကို အားဖြည့်နိုင်သွားပါတယ်။

အခုလို ယူကရိန်းဘက်က ရုရှားကို တိုက်ခိုက်ရာမှာ ပါဝင်နေတဲ့ စစ်သား အရပ်သားတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ရုရှားဘက်က တပ်သားအများစုက စစ်သင်တန်း ဆင်းကာစတွေ ဖြစ်နေပြီး စစ်ရေးလေ့ကျင့်ဖို့လောက်ပဲ မျှော်လင့်ထားကြတဲ့ တပ်သားသစ်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။

ဒါ့အပြင် အများစုဟာ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေမှာ အတွေ့အကြုံ လုံးဝမရှိသလောက် ဖြစ်တဲ့သူတွေ ဖြစ်နေပြီး တပ်ပြေး ပြဿနာ၊ ရိက္ခာပြတ်လပ်တဲ့ ပြဿနာနဲ့ လုယက်တဲ့ ပြဿနာတွေပါ ရှိနေတာကို သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

၂။ ယူကရိန်းအစိုးရနဲ့ ဗဟိုဦးဆောင် လှုပ်ရှားနိုင်မှု

ရုရှားအစိုးရဟာ သူတို့ရဲ့ ကျူးကျော်စစ်အစပိုင်းမှာ ယူကရိန်းပြည်တွင်းမှာ အွန်လိုင်း ဆိုင်ဘာတိုက်ခိုက်မှု အကြီးအကျယ်လုပ်ပြီး ဆက်သွယ်ရေး ကွန်ရက်ကို အဓိက ဖြတ်တောက်မယ်လို့ မျှော်မှန်းထားခဲ့ပုံရပေမယ့် တကယ်တမ်း လက်တွေ့ ဖြစ်မလာခဲ့တာကို တွေ့ရပါတယ်။

လက်တွေ့မှာ ယူကရိန်းစစ်တပ်ဟာ စစ်မျက်နှာပြင် နေရာအများအပြားရှိတဲ့ကြားက စုစည်း လုပ်ဆောင် လှုပ်ရှားမှုတွေ ဆက်လုပ်နိုင်ခဲ့ပြီး နယ်မြေဆုံးရှုံးခဲ့တဲ့ နေရာက အခြေအနေတွေနဲ့လည်း မျက်ခြေမပြတ်ဘဲ ဆက်လက် ဆက်သွယ်ထားနိုင်တာကို တွေ့ ခဲ့ကြရပါတယ်။

ယူကရိန်းအစိုးရဆိုရင်လည်း မြို့တော် ကိယက်ဗ်မှာ ထင်ထင်ရှားရှား ဆက်လက် ရပ်တည်နေနိုင်သေးတာကို တွေ့ရပြီး အစိုးရအမှတ်အသားနောက်ခံတွေနဲ့ အစိုးရ ထိပ်တန်းအဖွဲ့ဝင်တွေက ဆက်လက် တိုင်းပြည်ကို မိန့် ခွန်းပြောနေနိုင်သေးတာ တွေ့ရပါတယ်။

ဒီလို အလားအတူ အနေအထားမျိုးကို ရုရှားစစ်တပ်ဘက်မှာတော့ မတွေ့ရဘဲ ရုရှားရဲ့ ယူကရိန်းကို ထိုးစစ်ဆင်နေတဲ့ စစ်မျက်နှာ အသီးသီးဟာ ချိတ်ဆက်လှုပ်ရှားမှုကင်းမဲ့သလို ဖြစ်နေပြီး ဘယ်လို ဗဟိုဦးဆောင် စုစည်းလှုပ်ရှားမှုမျိုးမှ ရှိပုံမရတာကို တွေ့ ရပါတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် စစ်မျက်နှာအသီသီးက ရှေ့ မတိုးနိုင်ဘဲ ပိတ်ဆို့နေတဲ့ စစ်ကြောင်းတွေကို လမ်းကြောင်းရှင်းစေရာမှာ တိုက်ခိုက်မှု ဖြစ်တဲ့ ဧရိယာနဲ့ နီးကပ်လွန်းတဲ့အတွက် ရုရှားစစ်ဗိုလ်ချုပ် ငါးယောက်ထက်မနည်း တိုက်ပွဲသေဆုံးမှုအတွင်း ပါသွားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အခုလို အနေအထားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားစစ်တပ်တခုလုံးရဲ့ စိတ်ဓါတ်ကိုပါ ပိုမိုထိခိုက်စေနိုင်ပါတယ်။

ရုရှားစစ်တပ်အတွင်းမှာ တပ်ကြပ်နဲ့ တပ်ကြပ်ကြီးအဆင့် အရာရှိတွေကို အခြေအနေ အချိန်အခါအရ လိုက်လျောညီထွေ လုပ်ဆောင်ခွင့်လည်း ပေးမထားတဲ့အတွက် အထက်က အမိန့်ကို စောင့်နေရတဲ့ ပြဿနာတွေလည်း ရှိနေပါတယ်။

အဲဒီ တပ်ကြပ်နဲ့ တပ်ကြပ်ကြီးအဆင့် ရုရှားစစ်တပ်အရာရှိတွေအကြားမှာလည်း အကျင့်ပျက် ခြစားမှုနဲ့ တိုက်ရည်ခိုက်ရည် မပြည့်ဝတဲ့ ပြဿနာတွေ ရှိနေပြီး သူတို့လက်အောက်က တပ်သားတွေနဲ့ ပါ နက်နက်ရှိုင်းရှိုင်း မပြေလည်မှုတွေ ရှိနေတယ်လို့ ယူကေနိုင်ငံ လန်ဒန်တက္ကသိုလ်၊ ဘုရင့်ကောလိပ် ပါမောက္ခ မိုက်ကယ် ကလာ့ခ် က ပြောပါတယ်။

၃။ ယူကရိန်းစစ်တပ် နည်းဗျူဟာ မှန်ကန်ခြင်း

ယူကရိန်းစစ်တပ်ဟာ ရုရှားနဲ့ယှဉ်ရင် အဘက်ဘက်မှာ အရေအတွက်အရ အများကြီး အားနည်းတယ်ဆိုပေမယ့် မြေပြင်အနေအထားနဲ့တကွ ရှိတဲ့လက်နက်ကို ရုရှားတပ်တွေထက်ပိုပြီး အသုံးချနိုင်တာကို တွေ့ရပါတယ်။

ယူကရိန်းကို ဝင်လာတဲ့ ရုရှားတပ်တွေဟာ တင့်ကားတွေနဲ့တကွ ကျည်ကာ ကားတွေ တသီတသန်း ဖြည်းဖြည်းချင်း ဝင်လာပြီး အင်အားစု တိုက်ခိုက်မှုကို အဓိကထားရာမှာ ယူကရိန်းတပ်တွေကတော့ စနစ်တကျ စီစဉ်ထားပြီး ပစ်ပြီးပြေးတဲ့ စီးနင်းတိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် လုပ်နိုင်နေတာကို တွေ့ရပါတယ်။

ရုရှားတပ်တွေ ဝင်မလာခင်မှာလည်း အမေရိကန်၊ ယူကေ၊ ကနေဒါ တို့ အသီးသီးက စစ်ရေးလေ့ကျင့်ပေးသူတွေက ယူကရိန်းမှာ ကာလကြာရှည် လာနေပြီး လေ့ကျင့် သင်ကြားပေးသွားတာကလည်း အခုလို ယူကရိန်းစစ်တပ် တိုက်ခိုက်မှု ထိရောက်နေရတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။

အဲဒီ အနောက်နိုင်ငံတွေက စစ်ရေးလေ့ကျင့်ပေးသူတွေဟာ ယူကရိန်းစစ်တပ်ကို ခုခံစစ် အဓိကထား လေ့ကျင့်ပေးခဲ့ကြပါတယ်။

ဒါ့အပြင် တင့်ကားပစ် ဒုံးကျည်လက်နက်တွေဖြစ်တဲ့ အမေရိကန်ထုတ် ဂျက်ဗလင် ဒုံးကျည်၊ ဆွီဒင်ထုတ် NLAW ဒုံးကျည်နဲ့ နောက်ဆုံးပေါ် လေယာဉ်ပစ် စတင်ဂါ လက်နက်တွေကို ဘယ်လို ထိထိရောက်ရောက် သုံးရမလဲဆိုတာတွေကို အဓိက သင်ကြားပေးခဲ့ပါတယ်။

ပါမောက္ခ ကလာ့ခ်ရဲ့ အဆိုအရကတော့ ယူကရိန်းစစ်တပ်ဟာ သူတို့ရထားတဲ့ မောင်းသူမဲ့ ဒရုန်းယာဉ်ပျံ၊ အဝေးပစ်လက်နက်ကြီး၊ တင့်ကား၊ ကြည်းတပ်သား အစရှိတဲ့ တိုက်ခိုက်ရေးပိုင်း အသုံးပြုလို့ရသမျှအရာတွေကို အချိုးကျကျ ပေါင်းစပ် အသုံးပြုတဲ့အတွက် အရေအတွက်နည်းတဲ့ကြားက ထိရောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ထပ် စစ်ရေးဗျူဟာ ပညာရှင်တဦးဖြစ်ပြီး စုံစမ်းထောက်လှမ်းရေး အကြံပေး ကုမ္ပဏီ Sibylline ကို ထူထောင်သူ ဂျပ်စတင် ကရမ့်ပ် ကလည်း ယူကရိန်းတပ်တွေဟာ ရုရှားဘက်က ဝင်လာတဲ့ စစ်ယာဉ်တန်းတွေရဲ့ ထောက်ပို့ ယာဉ်တွေလို အားပျော့တဲ့ နေရာတွေကို နည်းဗျူဟာကျကျ ရွေးချယ် တိုက်ခိုက်တဲ့အတွက် အောင်မြင်နေတာ ဖြစ်ပြီး ပစ်မှတ်ကို တိတိကျကျ ပစ်နိုင်တဲ့ အနောက်နိုင်ငံတွေ ထောက်ပံ့တဲ့ လက်နက်တွေနဲ့လည်း ဒီနည်းဗျူဟာက အသုံးတည့်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ပွဲမှာ ရုရှားဘက်က ထိခိုက်သေဆုံးမှု တိတိကျကျ သတင်းရဖို့ ခက်ခဲတယ် ဆိုပေမယ့်လည်း အနည်းဆုံး လျှော့တွက်ထားတယ်လို့ ပြောလို့ရတဲ့ အမေရိကန်ဘက်က ခန့်မှန်းချက်အရ ဆိုရင်တောင် ရုရှားဘက်က တိုက်ပွဲမှာ သေဆုံးသူ ၇၀ဝ၀ ကျော် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒီအရေအတွက်ဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ အာဖဂန်စစ်ပွဲ ၁၀ နှစ်တာကာလ တပ်သား သေဆုံးမှုရဲ့ တဝက်လောက် အရေအတွက်အထိ ရောက်နေတာကို တွေ့ရပြီး တလအတွင်းမှာတင်ပဲ အခုလောက်အထိ များနေခဲ့တာ ဖြစ်ပါတယ်။

ရုရှားဗိုလ်ချုပ်တွေ စစ်မြေပြင်မှာ သေဆုံးမှုများနေရတဲ့ အကြောင်းရင်းမှာ ဆိုရင်လည်း အလွန်အောင်မြင်တဲ့ အဝေးပစ် သေနတ်နဲ့ လုပ်ကြံတဲ့ စီမံကိန်းတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူကေ ဗိုလ်မှူးချုပ်ဟောင်း တွန် ဖောက်စ်က ပြောပါတယ်။

၄။ ယူကရိန်းဘက်က သတင်းအချက်အလက်စစ်ပွဲမှာ အသာရခြင်း

ယူကရိန်းဘက်က စစ်ရေးသတင်းတွေဟာ တကမ္ဘာလုံးနီးပါးမှာ ပျံ့နှံ့ရောက်ရှိ ဖော်ပြခံနေရတဲ့အတွက် အခုလို သတင်းအချက်အလက်ရေးရာ စစ်ပွဲမှာတော့ ယူကရိန်းက ပြတ်ပြတ်သားသား အသာရနေတယ်လို့ ဆိုနိုင်ပါတယ်။

ဂျပ်စတင် ခရမ့်ပ်ရဲ့ အလိုအရ ဆိုရင် ယူကရိန်းဟာ ပြည်တွင်း သတင်းမီဒီယာ အားကောင်းအောင် ဆက်ထားနိုင်ရုံသာမက ပြည်ပ မှာပါ ပျံ့နှံ့ရောက်ရှိအောင် လွှမ်းချုံထားနိုင်ခဲ့ပြီး ဒီလိုဖြစ်လာဖို့မှာ ယူကရိန်းသမ္မတ ဇယ်လန်းစကီးရဲ့ မီဒီယာမှာ ထင်ပေါ်အောင် လုပ်ဆောင်နိုင်မှုကလည်း အဓိကကျတယ်လို့ ဆိုပါတယ်။

ယူကေနိုင်ငံက လန်ဒန်တက္ကသိုလ်၊ ဘုရင့်ကောလိပ်က ဆိုဗီယက်နောက်ပိုင်း လုံခြုံရေးဆိုင်ရာ အကြီးတန်း ပါမောက္ခ ဒေါက်တာ ရုသ် ဒေယာမွန် ကလည်း ယူကရိန်းအစိုးရဟာ အများသိတဲ့ စစ်ပွဲဖြစ်စဉ်တွေ ဘယ်လို ဖြစ်နေသလဲ ဆိုတဲ့အပေါ် ပုံဖော်လွှမ်းမိုးထားနိုင်လောက်အောင် မီဒီယာအရ လွှမ်းမိုးထားနိုင်ဖို့ ပြင်ဆင်လှုပ်ရှားမှု အားကောင်းတယ်လို့ ဆိုပါတယ်။

အင်အားနည်းတယ်လို့ အများယူဆထားခဲ့ကြတဲ့ ယူကရိန်းဘက်က ဆက်ပြီး ကြံ့ကြံ့ခံနေနိုင်ပေမယ့် လက်ရှိအသာရနေမှုတွေနဲ့ ရေရှည်မှာ မလုံလောက်နိုင်သေးပဲ အထူးသဖြင့် အနောက်နိုင်ငံတွေက ထောက်ပံ့နေတဲ့ လက်နက်ခဲယမ်း လမ်းကြောင်း ရပ်သွားမယ်ဆိုရင် အင်အားကြီးတဲ့ ရုရှားတပ်ရဲ့ ရေရှည်ထိုးစစ်ကို ဆက်လက် တောင့်ခံဖို့ တော့ မလွယ်လှပါဘူး။