ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းစစ်ပွဲ - စကားလုံးတွေနဲ့ စစ် ကျယ်ပြန့်အောင်မလုပ်ကြဖို့ ပြင်သစ်သမ္မတသတိပေး
စကားလုံးတွေနဲ့ ယူကရိန်းစစ် ကျယ်ပြန့်အောင်မလုပ်ကြဖို့ ပြင်သစ်သမ္မတသတိပေး
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က စကားလုံးတွေနဲ့ ယူကရိန်းကစစ်ကို ပိုပြီးကျယ်ပြန့်အောင် မလုပ်ကြဖို့ သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားခေါင်းဆောင် ဗလာဒီမီယာပူတင်ကို သားသတ်သမားလို့ ခေါ်လိုက်ပြီး ပူတင်ရာထူးမှာ ရှိမနေသင့်ဘူးလို့ ပြောခဲ့ပါတယ်။
မက်ခရွန်က အားလုံးရည်ရွယ်သင့်တာက ယူကရိန်းမှာ စစ်ရပ်စဲပြီး ရုရှားတပ်တွေဆုတ်ခွာသွားဖို့ ဖြစ်တယ်လို့ ပြင်သစ်မီဒီယာကို ပြောကြားခဲ့ပါတယ်။
အဲဒီလို ဖြစ်ဖို့ဆိုရင် စကားလုံးတွေနဲ့ရော အပြုအမူတွနဲ့ပါ စစ်ကို ကျယ်ပြန့်အောင်လုပ်လို့မရဘူးလို့ ပြောပါတယ်။
မစ္စတာဘိုင်ဒန်က မိန့်ခွန်းထဲမှာ ရေးမထားတဲ့ စကားလုံးတွေကို ပိုလန်ကိုရောက်နေတုန်း ပြောလိုက်ပြီးတဲ့နောက်မှာ အမေရိကန် အနေနဲ့ ရုရှားမှာ အစိုးရအပြောင်းအလဲ ဖြစ်အောင်လုပ်ဖို့ မူ ရှိမထားပါဘူးဆိုပြီး အမေရိကန်အရာရှိတွေက ရှင်းပြခဲ့ပါတယ်။
မက်ခရွန်ဟာ ယူကရိန်းစစ်စဖြစ်ချိန်ကတည်းက သမ္မတပူတင်နဲ့ အဆက်အသွယ်ရှိနေခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်း ပူတင်နဲ့သူစကားပြောပြီး အကြီးအကျယ်ဗုံးကြဲခံနေရတဲ့ မာရီယူပိုးလ်မြို့က အရပ်သားတွေ ထွက်ခွာနိုင်ဖို့ စီစဉ်မယ်လို့လည်း ပြောပါတယ်။
ယူကရိန်း-ရုရှား ဆွေးနွေးပွဲအသစ် တူရကီမှာ လုပ်မယ်
မနက်ဖြန် မတ်လ ၂၈ ရက် တနင်္လာနေ့မှာ ယူကရိန်း နဲ့ ရုရှား ညှိနှိုင်းသူတွေ တူရကီမှာ မျက်နှာချင်းဆိုင် ဆွေးနွေးကြမယ်လို့ ယူကရိန်းညှိနှိုင်းရေးအဖွဲ့က ပြောပါတယ်။
အဖွဲ့ဝင် ဒေးဗစ် အာရာခါမီးယားက ဆွေးနွေးပွဲတွေဟာ တနင်္လာနေ့က ဗုဒ္ဓဟူးနေ့အထိ ပြုလုပ်သွားမယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးတင်ထားပါတယ်။
ရုရှားဘက်က ကျူးကျော်စစ်ကို စတင်ခဲ့ပြီးတဲ့နောက် နှစ်ဘက် ဆွေးနွေးပွဲတွေဟာ အလွန်အမင်းခက်ခဲခဲ့တယ်လို့ ယူကရိန်းက ပြောထားပါတယ်။
ပထမအကြိမ်ဆွေးနွေးပွဲတွေကို ရုရှားရဲ့ မဟာမိတ်ဖြစ်တဲ့ ဘယ်လာရုစ်နိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။ တူရကီကလည်း ယူကရိန်းမှာ ဖြစ်နေတဲ့စစ်ပွဲ ရပ်တန့်အောင် သံတမန်ရေးနည်းလမ်းတွေနဲ့ ကြားဝင် စေ့စပ်ပေးနေခဲ့ပါပြီး ဒီလအစောပိုင်းက တူရကီက အန်တာလျာမြို့မှာ ရုရှား၊ ယူကရိန်းနဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။
ရုရှားက ယူကရိန်းကို နှစ်ခြမ်းခွဲပစ်ဖို့လုပ်နေတယ်လို့ ယူကရိန်းထောက်လှမ်းရေး ပြော
ယူကရိန်းတစ်နိုင်ငံလုံးကို သိမ်းပိုက်ဖို့ ကြိုးစားတာ မအောင်မြင်တဲ့အတွက် ရုရှားက သူတို့ထိန်းချုပ်တဲ့အပိုင်းကို ယူပြီး ယူကရိန်းကို နှစ်ခြမ်းဖြစ်အောင် ကြိုးစားနေတယ်လို့ ယူကရိန်းရ့ စစ်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲက ပြောလိုက်ပါတယ်။
ရိုက်တာသတင်းတစ်ပုဒ်မှာ ထောက်လှမ်းရေးမှူးချုပ် ကီရိုင်လို ဘူဒါနော့ဗ်ရဲ့ ပြောကြားချက်ကို ဖော်ပထားပါတယ်။ သူက ရုရှားဟာ ယူကရိန်းမှာ တောင်နဲ့ မြောက်ကိုရီးယားလို ခွဲခြားတာမျိုးလုပ်နေတယ်လို့ဆိုပြီး မကြာခင် ယူကရိန်းတပ်တွေဟာ ရုရှားထိန်းချုပ်ထားတဲ့ နယ်မြေမှာ ပျောက်ကြားစစ်ဆင်ရေးတွေ လုပ်သွားမယ်ဆိုပြီးလည်း ပြောထားပါတယ်။
ရုရှားမှာ အစိုးရပြောင်းအောင်လုပ်ဖို့ အမေရိကန်မရည်ရွယ်ပါဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ပြော
စနေနေ့က ပိုလန်နိုင်ငံဝါဆောမြို့မှာ ရောက်နေတုန်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ရုရှားသမ္မတ ဗလာဒီမီယာပူတင် "ရာထူးမှာဆက်နေလို့ မဖြစ်ဘူး" လို့ ပြောခဲ့ပါတယ်။
ဒါဟာ သမ္မတပူတင်အနေနဲ့ ယူကရိန်းကို ဖြစ်စေ တခြားနိုင်ငံတွေကိုဖြစ်စေ ရန်လိုတဲ့စစ်ဆင်မှုမျိုး လုပ်ဖို့ အတွက် အာဏာမရှိသင့်ဘူးလို့ သမ္မတက ပြောတာပဲဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အစ္စရေးကို သွားရောက်စဉ် ဒီကနေ့မှာ ရှင်းပြခဲ့ပါတယ်။
"ခင်ဗျားတို့သိတဲ့အတိုင်းပဲ ကျွန်တော်တို့ အမေရိကန်အနေနဲ့ ရုရှားမှာဖြစ်စေ၊ တခြားနိုင်ငံတွေမှာဖြစ်စေ သူတို့ အစိုးရကို ပြောင်းလဲအောင်လုပ်ဖို့ မူဝါဒမရှိဘူးဆိုတာ ထပ်ခါတလဲလဲ ပြောထားပြီးပါပြီ" လို့ လည်း ဘလင်ကင်က ဆိုပါတယ်။
"ဒီနေရာမှာလည်း တခြားနေရာတွေမှာလိုပဲ သက်ဆိုင်ရာနိုင်ငံတွေက ပြည်သူတွေရဲ့ ဆန္ဒ၊ ရုရှားပြည်သူတွေရဲ့ ဆန္ဒသဘောထားအတိုင်းပါပဲ" လို့ သူကဆက်ပြောခဲ့ပါတယ်။
ယူကရိန်းက ဒေသ ရုရှားနဲ့ပေါင်းဖို့ လူထုဆန္ဒခံယူပွဲလုပ်မယ်
ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ရုရှားထောက်ခံမှုနဲ့ ကိုယ့်ဟာကိုယ်ခွဲထွက်ထူထောင်ထားတဲ့ လူဟန့်စ်ပြည်သူ့သမ္မတနိုင်ငံကို ရုရှားနိုင်ငံထဲ ပူးပေါင်း မပေါင်း မကြာခင်လူထုဆန္ဒခံယူပွဲပြုလုပ်ဖို့ စီစဉ်နိုင်မယ်လို့ အဲဒီဒေသက ခွဲထွက်ရေးခေါင်းဆောင် လီယိုနစ် ပါဆက်ချနစ်ကပြောတဲ့အကြောင်း ရုရှားနိုင်ငံပိုင် ရီယာသတင်းဌာနက ဆိုပါတယ်။
လူဟန့်စ်နဲ့ ဒွန်းညက်စ်ဒေသတို့ ယူကရိန်းက ခွဲထွက်ပြီး လွတ်လပ်ရေးယူကြတာကို အသိအမှတ်ပြုကြောင်း ဖေဖေါ်ဝါရီလတုန်းက ရုရှားသမ္မတ ပူတင်က ကြေညာခဲ့ပါတယ်။
ယူကေ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ ယူကရိန်းစစ်ပွဲ နောက်ဆုံးအခြေအနေ
-ရုရှားတပ်တွေဟာ ယူကရိန်းထဲက လူနေထူထပ်တဲ့ အရပ်သားတွေ နေရာ ဒေသတွေအပါအဝင် နိုင်ငံအနှံ့ကို ဆက်ပြီး တိုက်ခိုက်မှုတွေ လုပ်နေတယ်။
-ရုရှားလေတပ်က သူတို့လေပိုင်နက်ထဲကနေပဲ ယူကရိန်းနိုင်ငံထဲကို ပစ်ခတ်နေတယ်။ ဒါက ယူကရန်းလေပိုင်နက်ထဲဝင်လာရင် သူတိုလေယာဉ်တွေကို အောက်ဘက်က ပစ်ခံရမှာကို ရှောင်ဖို့ ဖြစ်တယ်။
-ရုရှားသုံးနေတဲ့ လေကြောင်းပစ်လက်နက်တွေရဲ့ ပစ်မှတ်ကို ထိမှန်နိုင်စွမ်းက ၄၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်၊ ဒါကြောင့် ရုရှားတပ်တွေဟာ သမားရိုးကျ လက်နက်မျိုးတွေကို ပိုထုတ်သုံးလာတယ်လို့ အမေရိကန်တွေဘက်က ပြောတယ်။
ယူကရိန်းကာကွယ်ရေးတပ်ကလည်း သူတို့ရဲ့ ဖေ့စ်ဘုတ်မှာ နောက်ဆုံးရ အချက်တွေဆိုပြီး တင်လာပါတယ်။ အဲဒီထဲက တချို့က -
-နိုင်ငံအရှေ့တောင်ပိုင်းက ဆိပ်ကမ်းမြို့ မာရီယူပိုးလ်မှာရှိတဲ့ အရပ်ဘက်နဲ့ စစ်ဘက်အဆောက်အဦတွေကို ရုရှားတပ်တွေက ဆက်တိုက်နေတယ်။
-မြို့တော်ကိယက်ဗ်ရဲ့ ဆင်ခြေဖုံးအရပ်တွေကိုလည်း ပစ်ခတ်နေပြီး မြို့လယ်ခေါင်ကို ပစ်ခတ်တာမျိုးလည်း ရှီတယ်။
-ရုရှားရဲ့ မဟာမိတ်ဖြစ်တဲ့ အိမ်နီးချင်းမှာ ဘယ်လာရုစ်မှာ တပ်ဖွဲ့တွေက ဒေသ သုံးခုမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတယ်။