ယူကရိန်းကို ရုရှားကျူးကျော်မှု - ၁၀ ရက်မြောက်နေ့ နောက်ဆုံးရသတင်းများ

ရေးသားခဲ့သည်။

ပြည်ပရောက် ယူကရိန်းနိုင်ငံသား ၆ သိန်းကျော် တိုင်းပြည်ကာကွယ်ဖို့ ပြည်တော်ပြန်

ပြည်ပနိုင်ငံအသီးသီးကို ရောက်နေကြတဲ့ ယူကရိန်းနိုင်ငံသား ၆ သိန်းကျော်ဟာ ရုရှားကျူးကျော်စစ်စပြီးနောက်ပိုင်းမှာ ပြည်တော်ပြန်လာကြတယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးအိုလက်စ်ကီ ရက်ဇ်နီကော့ဗ်က ပြောပါတယ်။

သူတို့ဟာ အမျိုးသားတွေဖြစ်ပြီး ရုရှားရဲ့ကျူးကျော်မှုကို ခုခံကာကွယ်ဖို့အတွက် ပြည်တော်ပြန်လာကြတယ်လို့ ယူဆနိုင်ကြောင်း ယူကရိန်းဝန်ကြီးက ပြောပါတယ်။

အဲဒီထဲမှာ မော်လ်ဒိုဗာက ဘောလုံးကလပ် ရှရစ်တီရက်စပိုက အသင်းနည်းပြ ယူရီ ဗာနီဒပ်လည်း ပါဝင်ပါတယ်။ သူက အသက် ၅၆ နှစ်ရှိပါပြီ။

ရုရှားတွေ လာတိုက်နေပြီလို့ သူ့သားက သူ့ဆီဖုန်းဆက်ပြောပြီးနောက် သူပြန်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

ယူကေနိုင်ငံရောက် ယူကရိန်းနိုင်ငံသားတွေလည်း ပြန်တော်ပြန်သွားကြတဲ့သူတွေ အမြောက်အမြားရှိပါတယ်။

ရုရှားမှာ Paypal ဝန်ဆောင်မှုရပ်

စစ်ပွဲကြောင့် ရုရှားနိုင်ငံမှာ လည်ပတ်နေတဲ့ သူတို့ရဲ့ ဝန်ဆောင်မှုတွေကို ပိတ်သိမ်းတော့မယ်လို့ ကြေညာလိုက်တဲ့ ကုမ္ပဏီတွေထဲမှာ အွန်လိုင်းကနေတစ်ဆင့် ငွေပေးချေနိုင်တဲ့ ပေးပါ (Paypal) ကုမ္ပဏီ လည်း အခုနောက်ဆုံး ပါဝင်လာပြီ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံအပေါ် ရုရှားတို့ရဲ့ ကျူးကျော်ရန်လိုမှုတွေကို ရှုတ်ချနေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ ရပ်တည်တယ်လို့လည်း Paypal က ဆိုပါတယ်။

အစောပိုင်းတုန်းကလည်း ရုရှားနိုင်ငံမှာ အင်မတန် ရေပန်းစားတဲ့ တောင်ကိုရီးယား လျှပ်စစ်ကုမ္ပဏီကြီး ဆမ်ဆောင်း (Samsung) ဟာ ရုရှားနိုင်ငံဆီ တင်ပို့ရောင်းချမှုတွေကို ရပ်တန့်တော့မယ်လို့ ပြောပါတယ်။

ယူကရိန်းဒုက္ခသည်တွေကို ထောက်ပံ့ကူညီဖို့အတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီ ဒေါ်လာ ၆ သန်း လှူဒါန်းသွားမယ်လို့လည်း Samsung ဘက်က ကတိပြုထားပါတယ်။

နာမည်ကြီး ဖက်ရှင်အဝတ်အထည်တွေ ရောင်းတဲ့ Zara ကလည်း ရုရှားက သူ့ရဲ့ ဆိုင် ၅၀၀ ကျော်စလုံး ပိတ်မယ်လို့ ပြောပါတယ်။

နောက်ထပ် ကမ္ဘာကျော် တံဆိပ်တွေဖြစ်တဲ့ ပြင်သစ် ဖက်ရှင်ကုမ္ပဏီ ရှန်နဲလ် က အစ နည်းပညာကုမ္ပဏီကြီး Miscroft တို့ကလည်း ရုရှားမှာ လုပ်ငန်းလည်ပတ်မှုတွေကို ရပ်တန့်တော့မယ်လို့ ပြောထားပါတယ်။

ခါဆွန်မြို့သားတွေ ရုရှားကို ဆန္ဒပြ

ရုရှားလက်အောက် ကျသွားခဲ့တဲ့ ခါဆွန်မြို့က ဒေသခံတွေဟာ မြို့လယ်ခေါင် ရင်ပြင်မှာ ကျယ်ကျယ်လောင်လောင် ဆန္ဒပြနေကြပါတယ်။

ဒီမြို့ဟာ အခုချိန်ထိ ရုရှားသိမ်းယူနိုင်တဲ့ တစ်ခုတည်းသော မြို့ကြီး ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံသားတွေရဲ့ မျိုးချစ်စိတ်ဓာတ်ကို ဖော်ညွှန်းတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြသလို ကျူးကျော်လာတဲ့ ရုရှားတွေကိုလည်း ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုခဲ့ကြပါတယ်။

ချဉ်းကပ်လာတဲ့ လူအုပ်ကို ဟန့်တားဖို့အတွက် ရုရှားစစ်တပ်တွေဟာ လေထဲမှာ သေနတ်တွေ ပစ်ဖောက်ခဲ့ကြတာကိုလည်း လူမှုကွန်ရက်ပေါ်မှာ တက်လာတဲ့ ဗီဒီယိုတွေမှာ တွေ့ရပါတယ်။

သောကြာနေ့က မြို့လယ်ခေါင်က စျေးဝယ်စင်တာထဲမှာ ကုန်တင်ကားကြီးတွေနဲ့ ရုရှားတို့က လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ဝေမျှနေမှုကိုလည်း ခါဆွန်မြို့သားတွေက ဥပက္ခာပြုခဲ့ကြပါတယ်။

ရုရှားနဲ့ ယူကရိန်းအကြား ပထမဆုံးအကြိမ် ခေတ္တအပစ်ရပ်စဲရေး သဘောတူ

ယူကရိန်းနိုင်ငံ တောင်ပိုင်းက မာရီယူပိုလ်မြို့ နဲ့ ဗိုနိုဘာခါ မြို့နှစ်မြို့မှာ ခေတ္တအပစ်အခတ် ရပ်စဲဖို့ နှစ်နိုင်ငံအကြား သဘောတူညီခဲ့ပါတယ်။

ဒါက မြို့နှစ်မြို့အတွင်း ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်ဖို့နဲ့ ထွက်ခွာခွင့်ပေးဖို့ ရုရှားနဲ့ ယူကရိန်းအကြား ပထမဆုံးအကြိမ် ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက် ရရှိတာလည်း ဖြစ်ပါတယ်။

ဒီသဘောတူညီချက်မတိုင်ခင်ကလည်း အဲဒီမြို့တွေမှာ လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့ အကူအညီတွေပေးနိုင်မယ့် လမ်းကြောင်းတွေပြုလုပ်ပေးမယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုအပစ်ရပ်ဖို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC က ကြားဝင်ညှိနှိုင်းပေးခဲ့တာလို့ ယူကရိန်းအစိုးရဘက်က ပြောပါတယ်။

အခုလိုအပစ်ရပ်တာက ယူကရိန်းစံတော်ချိန် မနက် ၉ နာရီကနေ ညနေ ၄ နာရီထိ ဖြစ်ပြီး အဲဒီအချိန်အတွင်း မြို့ နှစ်မြို့ထဲက ပြည်သူတွေက ထွက်ခွာရမှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံအနှံ့က တခြားမြို့ကြီးတွေမှာတော့ ရုရှားရဲ့ ဗုံးကျဲတိုက်ခိုက်ခံရတာတွေ ဆက်ရှိနေပါတယ်။

ဒီယာယီအပစ်ရပ်မှုကို အခွင့်ကောင်းယူပြီး ရုရှားတပ်တွေ ရှေ့တိုးမလာဖို့လည်း ယူကရိန်းအစိုးရက သတိပေးလိုက်ပါတယ်။

ထပ်မံသိရတဲ့ သတင်းအရ - အဲဒီလို သတိပေးပြီး မကြာခင်မှာပဲ ရုရှားဘက်က ဆက်လက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပစ်ရပ် သဘောတူညီမှုလည်း ပျက်ပြယ်သွားပြီး ပိတ်မိနေသူတွေကို ကယ်ထုတ်ရေးအစီအစဉ်တွေ ဆိုင်းငံ့ထားခဲ့ရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပိုလန်ရောက်

ယူကရိန်းအပေါ် အမေရိကန်တို့ရဲ့ ထောက်ခံအားပေးမှုကို ပြသဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ ဥရောပကို ရောက်နေပြီး ဒီနေ့မှာ ပိုလန်နိုင်ငံကို ရောက်ရှိနေပါတယ်။

နေတိုးခေါ် မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့နဲ့ အီးယူ မဟာမိတ်တွေကြား ဘယ်တုန်းကမှ အခုလောက် ညီညွတ်ခဲ့တာ မရှိသလို ရုရှားနိုင်ငံအပေါ် ဆက်လက် အဆက်အသွယ် ဖြတ်တောက်သွားမယ်လို့ ပိုလန်နိုင်ငံကို မရောက်ခင်မှာ ဝန်ကြီး ဘလင်ကင်က ပြောပါတယ်။

ဒီထဲမှာ ရုရှားနိုင်ငံရဲ့ စွမ်းအင် တင်ပို့မှုတွေကို ပစ်မှတ်ထားတာရော ပါနိုင်လားလို့ ဘီဘီစီက မေးမြန်းတဲ့အခါမှာတော့ နည်းလမ်းအားလုံးကို ထည့်သွင်းစဉ်းစားသွားမယ်လို့ ပြောပါတယ်။

ဘလင်ကင်ဟာ ယူကရိန်း ပိုလန်နယ်စပ်မှာရှိတဲ့ ယူကရိန်း ဒုက္ခသည်တွေဆီ သွားရောက်ဖို့ ရှိနေပြီး လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ဘယ်လို အားဖြည့်သွားမလဲဆိုတာကိုလည်း ပိုလန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်။

ဒီခရီးစဉ်အပြီးမှာတော့ ဘောလ်တစ်သုံးနိုင်ငံနဲ့ နေတိုးအဖွဲ့ဝင် မဟုတ်တဲ့ မော်လ်ဒိုဗာနိုင်ငံတွေကို ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။

ဘီဘီစီနဲ့ မေးမြန်းခန်းမှာလည်း မစ္စတာ ဘလင်ကင်က ရုရှားနဲ့စစ်ပွဲမှာ ယူကရိန်းနိုင်မယ်လို့ သူယုံကြည်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ဒီစစ်ပွဲ ဘယ်လောက်ကြာမယ်ဆိုတာတော့ သူက မပြောပါဘူး။

ယူကရိန်းသမ္မတ အမေရိကန် ဆီးနိတ်လွှတ်တော်မှာ မိန့်ခွန်းပြောမယ်

ယူကရိန်း သမ္မတ ဗိုလိုဒီမီးယား ဇယ်လန်းစကီးဟာ ဒီကနေ့နှောင်းပိုင်းမှာ ဗီဒီယိုကနေတဆင့် အမေရိကန် အထက်လွှတ်တော်မှာ မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။

အကူအညီတွေ ပိုမိုပေးအပ်ကြဖို့ သမ္မတ ဇယ်လန်းစကီးဘက်က တောင်းဆိုသွားမယ်လို့လည်း မျှော်လင့်ရပါတယ်။

ရုရှားတို့ရဲ့ စစ်လေယာဉ်တွေနဲ့ မစ်ဆိုင်းဒုံးကျည်တွေကို ကာကွယ်ဖို့အတွက် ယူကရိန်းနိုင်ငံအပေါ် လေယာဉ်မပျံသန်းရနယ်မြေ No-Fly Zone သတ်မှတ်ပေးဖို့ နေတိုးအဖွဲ့ဘက်က သောကြာနေ့က ငြင်းဆန်ခဲ့တဲ့အပေါ် မစ္စတာ ဇယ်လန်းစကီးက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

နေတိုးမဟာမိတ်အဖွဲ့ဟာ ရုရှားတို့ရဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ အစီအစဉ်တွေကို မီးစိမ်းပြလိုက်တာပဲလို့လည်း သူက ဆိုပါတယ်။

နေတိုးအဖွဲ့ခေါင်းဆောင် ယန် စတိုတန်ဘတ်ခ်ကတော့ ယူကရိန်းမှာဖြစ်နေတဲ့ စစ်ပွဲဟာ တခြားနိုင်ငံတွေဆီ မပျံ့သွားအောင် ကာကွယ်ဖို့ နေတိုးအဖွဲ့မှာ တာဝန်ရှိတယ်လို့ ထပ်မံပြောဆိုထားပါတယ်။