ယူကရိန်းကို ရုရှားကျူးကျော်မှု - ကိုးရက်မြောက်နေ့ နောက်ဆုံးရသတင်းများ

ရေးသားခဲ့သည်။

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှာ ကြုံခဲ့သလို နည်းဗျူဟာမျိုးကို ရုရှားတပ်ဖွဲ့တွေက သုံးပြီး ယူကရိန်းနိုင်ငံ မာရီယူပိုလ် ဆိပ်ကမ်းမြို့ကို ပိတ်ဆို့ထားတယ်လို့ အဲဒီမြို့ရဲ့ ဒုမြို့တော်ဝန်က စွပ်စွဲပြောကြားပါတယ်။

မြို့နေလူထုတွေ ဒုက္ခရောက်အောင် ဖန်တီးပြီး လက်နက်ချ အညံ့ခံလာအောင် ရုရှားတပ်ဖွဲ့တွေက ကြိုးစာနေတယ်လို့ ဒုမြို့တော်ဝန် ဆာဂေး အော်လော့ဗ်က ဘီဘီစီကို ပြောပါတယ်။

ရရှားတို့ရဲ့ နည်းဗျူဟာတွေထဲမှာ အမြောက်တွေနဲ့ အဆက်မပြတ် ပစ်ခတ်တာမျိုး၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေစတဲ့ အဆောက်အအုံတွေကို ထိခိုက်ပျက်စီးအောင် လုပ်တာမျိုးတွေ ပါတယ်လို့ သူက ပြောပါတယ်။

မာရီယူပိုလ်မြို့ဟာ သောက်သုံးရေ၊ လျှပ်စစ်မီး၊ မိလ္လာအညစ်အကြေး သန့်စင်မှုတွေ ပြတ်လပ်နေတာ ၃ ရက်မြောက်သွားပြီ ဖြစ်ပါတယ်။

နိုင်ငံတောင်ပိုင်းက နောက်မြို့တစ်မြို့ဖြစ်တဲ့ မီကိုလိုင်ဗ်မြို့ ဆင်ခြေဖုံးရပ်ကွက်တွေဆီကိုလည်း တိုက်ပွဲတွေ ပျံ့နှံ့ဖြစ်ပွားနေပါတယ်။

အဲဒီမြို့ဟာ အိုဒက်ဆာမြို့နဲ့ ရုရှားတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားတဲ့ ခါဆန်မြို့ အကြားမှာ ရှိပါတယ်။

ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ အရှေ့မြောက်ဘက်ပိုင်းက ဟာကိဗ်မြို့နဲ့ မြောက်ပိုင်းက ချာနီဟိဗ်မြို့တွေမှာလည်း အမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပါတယ်။ ချာနီဟစ်ဗ်မြို့မှာ ကြာသပတေးနေ့က အရပ်သား ၅၀ နီးပါး သေဆုံးခဲ့ရတယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။

ရုရှားအကြောင်း သတင်းမှားလွှင့်ရင် ထောင်ချမယ့်ဥပဒေ ရုရှားလွှတ်တော်အတည်ပြု

ရုရှားနိုင်ငံမှာ ရုရှားစစ်တပ်အကြောင်း သတင်းအမှားတွေ လွှင့်မယ်ဆိုရင် ရာဇဝတ်မှုအဖြစ် သတ်မှတ်မှာ ဖြစ်ပြီး ထောင်ဒဏ် ၁၅ နှစ် အထိ ကျခံစေနိုင်တဲ့ ဥပဒေတစ်ရပ်ကို ရုရှား အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဒါ့အပြင် အဲဒီဥပဒေအရ ကြီးမားတဲ့ ဒဏ်ကြေး ဆောင်ရဖို့ ရှိသလို ပညာပေးအကျဉ်းစခန်းနဲ့ အလုပ်ကြမ်း ပြစ်ဒဏ်တွေလည်း ကျခံရဖို့ ရှိပါတယ်။

ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဖို့ တောင်းဆိုသူတွေကိုလည်း ဒဏ်ကြေး အနည်းအပါးနဲ့ ထောင်ဒဏ်တွေ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာကို ရုရှားရဲ့ အထူးစစ်ဆင်လှုပ်ရှားမှု တစ်ခုအဖြစ်သာ ဖော်ပြကြဖို့ ရုရှား သတင်းမီဒီယာတွေကို ညွှန်ကြားထားပါတယ်။

ရုရှားနိုင်ငံမှာ လွတ်လပ်တဲ့ အမြင်သဘောထားရှိတဲ့ ရုပ်မြင်သံကြားနဲ့ ရေဒီယိုဌာနတွေကို ရုရှားအစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ပိတ်ပစ်ခဲ့ပြီး အစိုးရအပေါ် ဝေဖန်တဲ့ သီးခြားလွတ်လပ်တဲ့ သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေ တိုးလာနေပါတယ်။

လွတ်လပ်တဲ့သတင်းတင်ပြမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်မယ့်သဘော တွေ့ရတဲ့အတွက် ရုရှားမှာရှိတဲ့ ဘီဘီစီသတင်းထောက်တွေရဲ့ သတင်းပေးပို့မှုတွေကို ခေတ္တ ဆိုင်းငံ့ထားလိုက်ရကြောင်း ဘီဘီစီညွှန်ကြားရေးမှူးချုပ် တင်မ် ဒေးဗီးက ပြောပါတယ်။

ယူကရိန်းနျူကလီးယားစက်ရုံကို ရုရှားက အမြောက်တွေနဲ့ ပစ်ခတ်သိမ်းယူ

ယူကရိန်းနိုင်ငံရဲ့ အကြီးဆုံး နျူကလီးယားစက်ရုံဝင်းကို အမြောက်တွေနဲ့ ပစ်ခတ်ခဲ့စဉ်အတွင်း မီးစွဲလောင်ခဲ့အပြီး နာရီပိုင်းအကြာမှာပဲ အဲဒီ နျူကလီးယားစက်ရုံကို ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပါတယ်။

အဲဒီ ဇပိုရစ်ဇီယာ နျူကလီးယားစက်ရုံမှာ လောင်ကျွမ်းခဲ့တဲ့ မီးဟာ စက်ရုံရဲ့ အဓိကအဆောက်အအုံတွေအပေါ် ထိခိုက်တာမျိုး မရှိခဲ့ဘဲ မီးစွဲလောင်မှုကိုလည်း ငြှိမ်းသတ်လိုက်နိုင်ခဲ့ပြီလို့ ယူကရိန်း တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

အဲဒီမှာ နျူကလီးယား ဓာတ်ရောင်ခြည်တွေ တိုးမြင့်လာတဲ့ လက္ခဏာမျိုးတော့ မတွေ့ရပါဘူး။

IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီအဖွဲ့ကတော့ သူ့ရဲ့ အရေးပေါ်စခန်းကို အသင့်အနေအထား ပြင်ထားပါတယ်။

တကယ်လို့ နျူကလီးယား ဓာတ်ပေါင်းဖို တစ်ခုခုကိုသာ အမြောက်ထိမှန်ခဲ့မယ်ဆိုရင် အကြီးအကျယ် အန္တရာယ် ရှိလာလိမ့်မယ်လို့ IAEA အဖွဲ့ညွှန်ကြားရေးမှူးချုပ်က သတိပေးထားပြီး အင်အားသုံး တိုက်ခိုက်တာမျိုးကို ချက်ချင်းရပ်တန့်ဖို့ ပန်ကြားလိုက်ပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ရုရှားအစိုးရဟာ နျူကလီးယား အကြမ်းဖက် တိုက်ခိုက်တဲ့ နည်းကို သုံးနေတယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။

ယူကရိန်းနိုင်ငံရဲ့ ဝေဟင်မှာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်လိုက်မှသာ နျူကလီးယား အခြေခံအဆောက်အအုံတွေကို ရုရှားတို့ ဗုံးကြဲတိုက်ခိုက်နိုင်တော့မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

ဇပိုရစ်ဇီယာ နျူကလီးယားစက်ရုံဟာ ယူကရိန်းနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား စုစုပေါင်းရဲ့ ၅ ပုံ ၁ ပုံကျော်ကို ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။

ယူကရိန်းအတွင်းက ရုရှားရဲ့ပိုင်ဆိုင်မှုတွေ သိမ်းယူခွင့် ယူကရိန်းလွှတ်တော် အတည်ပြု

ယူကရိန်းအတွင်း ရုရှားအစိုးရကဖြစ်စေ ရုရှားနိုင်ငံသားကဖြစ်စေ ပိုင်ဆိုင်တဲ့ပစ္စည်း ဒါမှမဟုတ် အိမ်ခြံမြေတွေ တရားဝင်သိမ်းယူခွင့်ကို ယူကရိန်းလွှတ်တော်က မတ်လ ၃ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

ယူကရိန်းအစိုးရက သိမ်းယူဖို့ပြင်ထားတဲ့စာရင်းကို ယူကရိန်းရဲ့ လုံခြံရေးနဲ့ကာကွယ်ရေး ကောင်စီကို တင်ပြရမှာဖြစ်ပါတယ်။ အဲဒီကောင်စီကနေ နိုင်ငံပိုင်အဖြစ် သိမ်းယူဖို့ အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် ရှယ်ယာစျေးတွေ ကျဆင်း

ယူကရိန်းနိုင်ငံက အခြေအနေတွေကြောင့် ဒီကနေ့မနက်က ဥရောပ စတော့ရှယ်ယာ စျေးကွက်မှာ ရှယ်ယာစျေးတွေ ၃ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။

အာရှ စတော့ရှယ်ယာ စျေးကွက်တွေမှာလည်း တိုကျိုနဲ့ ဟောင်ကောင် ရှယ်ယာစျေးတွေ ၂ ရာခိုင်နှုန်းကျော် ကျခဲ့ပါတယ်။

ရုရှားဗဟိုဘဏ်က ကန့်သတ်မှုတွေ ချမှတ်ထားတာ ငါးရက်မြောက်တဲ့ ဒီကနေ့မှာ မော်စကို စတော့စျေးကွက်ကတော့ ပိတ်ထားဆဲ ဖြစ်ပါတယ်။

လူ့အခွင့်အရေးကောင်စီက ရုရှားတပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုတွေကို စုံစမ်းမယ်

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့မှုအတွင်း ရုရှားတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အတွက် အဆင့်မြင့်ကော်မရှင်တရပ် ဖွဲ့စည်းရေးကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တညီတညွတ်တည်း ထောက်ခံမဲ ပေးခဲ့ကြပါတယ်။

ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ရှုတ်ချထားတဲ့ အဲဒီ အဆိုပြုချက်အပေါ် ရုရှားနိုင်ငံ ကိုယ်တိုင်နဲ့ အီရစ်ထရီးရား နိုင်ငံတို့ကပဲ ကန့်ကွက်မဲ ပေးခဲ့ကြပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင် ၄၇ နိုင်ငံမှာ ရုရှားကို ထောက်ခံတဲ့ တရုတ်၊ ကျူးဘားနဲ့ ဗင်နီဇွဲလား အပါအဝင် ၁၃ နိုင်ငံက ကြားနေခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲအရေး အနောက်နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးဖို့ရှိ

ယူကရိန်းစစ်ပွဲအပေါ် ဘယ်လို တုန့်ပြန်ဆောင်ရွက်ကြမလဲဆိုတာ သုံးသပ်ဖို့အတွက် အနောက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်စ်မြို့မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။

ယူကရိန်းနိုင်ငံအပေါ် အားပေးကူညီနိုင်မယ့် နည်းလမ်းသစ်တွေအကြောင်း ဆွေးနွေးဖို့အတွက် နေတိုးမဟာမိတ်အဖွဲ့၊ G7 ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံများ အဖွဲ့နဲ့ ဥရောပသမဂ္ဂ အဖွဲ့တွေရဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ အစည်းအဝေးတွေ တစ်ခုပြီးတစ်ခု ကျင်းပကြမှာ ဖြစ်ပါတယ်။

နေတိုးအဖွဲ့ အစည်းအဝေးမတိုင်ခင်မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် က ယူကရိန်းပဋိပက္ခ စဖြစ်တဲ့ ပထမသီတင်းပတ်အတွင်းမှာပဲ မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေအကြား စည်းလုံးညီညွတ်မှုကို အပြည့်အဝ ပြခဲ့ကြတယ်လို့ ပြောပါတယ်။

နေတိုးအဖွဲ့ဟာ နည်းဗျူဟာ သစ်တစ်ခုအပါအဝင် အဖွဲ့ရဲ့ အနာဂတ်အစီအစဉ်တွေကို အခုအခါ စီစဉ်ရေးဆွဲနေပြီလို့ သူက ပြောပါတယ်။

အနောက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရို ကူလက်ဘာနဲ့ အွန်လိုင်းကနေ တွေ့ဆုံမှာ ဖြစ်ပြီး ကာကွယ်ရေးအကူအညီတွေ နောက်ထပ်ပေးကြဖို့ သူက ပန်ကြားမယ်လို့ ယူဆရပါတယ်။

ယူကရိန်းကနေ ဒုက္ခသည်တွေ ဆက်ထွက်လာနေ

ယူကရိန်းနိုင်ငံက ဒုက္ခသည်တွေ အိမ်နီးချင်းနိုင်ငံတွေထဲ အလုံးအရင်းနဲ့ ဝင်လာနေဆဲ ဖြစ်ပါတယ်။

အခုဆိုရင် ယူကရိန်းနိုင်ငံထဲကနေ ထွက်ပြေးလာကြတဲ့သူပေါင်း တစ်သန်းလောက် ရှိသွားပြီ ဖြစ်ပြီး အဲဒီထဲက တစ်ဝက်လောက်က ပိုလန်နိုင်ငံမှာ ခိုလှုံနေကြပါတယ်။

ယူကရိန်းနိုင်ငံကို ရုရှားက စကျူးကျော် တိုက်ခိုက်ခဲ့ချိန်ကစလို့ လူ ၆ သိန်း ၂ သောင်း ၄ ထောင်လောက် နယ်စပ်ကနေ ပိုလန်နိုင်ငံထဲ ဝင်ရောက်ခိုလှုံလာကြတယ်လို့ ပိုလန် အာဏာပိုင်တွေက ပြောပါတယ်။

ကယ်ဆယ်ရေး စခန်းတွေမှာ ပိုလန်တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ စေတနာ့ဝန်ထမ်းတွေက ဒုက္ခသည်တွေအတွက် အစားအသောက်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ အတူ ရှေ့ခရီးဆက်ဖို့ လမ်းညွှန်တာမျိုးကအစ ကူညီဆောင်ရွက် ပေးနေကြပါတယ်။

ဟန်ဂေရီနိုင်ငံကလည်း ယူကရိန်းဒုက္ခသည်တွေအတွက် နယ်စပ်ကို ဖွင့်ပေးထားပြီး သူတို့ရှေ့ဆက်ခရီးနှင်ဖို့ ရထားတွေ စီစဉ်ပေးနေပါတယ်။

စည်းလုံးညီညွတ်ကြောင်း ပြတဲ့ ရထားအဖြစ် သိကြတဲ့ အဲဒီရထားတွေနဲ့ ယူကရိန်းဒုက္ခသည်တွေကို ဘူဒါပက်စ်မြို့တော်ဆီ အခမဲ့ ပို့ဆောင်ပေးနေပါတယ်။