ရုရှားက ယူကရိန်းကို ကျူးကျော်မှု ရှစ်ရက်မြောက်နေ့ နောက်ဆုံးရ တိုက်ပွဲ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Reuters
ယူကရိန်းမြို့တော် ကိယဗ်
ကိယဗ်မြို့မှာ လွန်ခဲ့တဲ့ နာရီပိုင်းအတွင်း ကြီးမားတဲ့ ပေါက်ကွဲမှု လေးခုကို မျက်မြင်သက်သေများက ဗီဒီယိုနဲ့ ရိုက်ကူးထားနိုင်ခဲ့ပေမဲ့ ဒီပေါက်ကွဲမှုကြောင့် လူ အသေအပျောက် ရှိမရှိကို အတိအကျ မသိရသေးပါဘူး။
ဘီဘီစီ သတင်းထောက်တွေက သူတို့ရဲ့ ဘန်ကာမှာရှိတဲ့ မြေအောက် နှစ်ထပ်ကနေ ပေါက်ကွဲသံတွေ ကြားရတယ်လို့ ပြောပါတယ်။
ကိယဗ်မြို့ကို ဦးတည်လာနေတဲ့ ရုရှားစစ်ကားတန်းကြီးဟာ မနေ့ကထက် အနည်းအငယ်ရွှေ့လျားမှုရှိတာကိုတွေ့ရပြီးလောင်စာဆီနဲ့ စားနပ်ရိက္ခာပြတ်လပ်မှုတွေကြောင့် ကိယက်ဗ်မြို့အနီးအရောက်မှာ ရုရှားစစ်ယာဉ်တန်းကြီး ရပ်နားထားရကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒီ ရုရှား စစ်ယာဥ်တန်းကြီးဟာ မြို့တော် ကိယဗ်နဲ့ ကီလိုမီတာ ၃၀ ခန့် အကွာမှာ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ယူကရိန်းတောင်ပိုင်းခါဆွန်ကိုရုရှားတို့သိမ်း
ရုရှားတို့ သိမ်းထားတဲ့ ခရိုင်းမီးယားနဲ့ နီးကပ်စွာတည်ရှိတဲ့ ယူကရိန်းတောင်ပိုင်းမှာ ရုရှားတပ်ဖွဲ့တွေက အရေးပါတဲ့ ဆိပ်ကမ်းမြို့ကြီး ခါဆွန်ကို သိမ်းပိုက်ထားပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ အဓိက ဆိပ်ကမ်းမြို့ ခါဆွန် ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒီကနေ့မှာ ယူကရိန်းဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ ကျူးကျော်မှုစတင်ကတည်းက ရုရှားတို့သိမ်းပိုက်လိုက်တဲ့ ယူကရိန်းနိုင်ငံရဲ့ ပထမဆုံးသော အဓိကမြို့ကြီးတစ်မြို့လည်းဖြစ်ပါတယ်။
ခါဆွန်မြို့မှာ လူတွေပိတ်မိနေပြီး အစားအစာ သောက်ရေနဲ့ ဆေးဝါးတွေ လိုအပ်မှုရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ခါဆွန်မြို့ခံတစ်ဦးက ဒီကနေ့မှာ ရုရှားထိန်းချုပ်မှုအောက်မှု ကျရောက်အပြီး အစားအသောက်၊ ရေနဲ့ ဆေးဝါးများ အကူအညီပေးဖို့အတွက် စေတနာ့ဝန်ထမ်း စင်တာတစ်ခု ဖွင့်လှစ်ထားတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, TASS
ဆိပ်ကမ်းမြို့ မာရီယူပိုလ် မှာ နာရီပေါင်းများစွာကြာအောင် ဆက်တိုက်ပစ်ခတ်မှုဖြစ်ပွား
ဆိပ်ကမ်းမြို့ မာရီယူပိုလ်မှာ နာရီပေါင်းများစွာကြာအောင် ဆက်တိုက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လူရာနဲ့ချီ သေဆုံးမှာကို စိုးရိမ်ကြောင်း လက်ထောက်မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။ ယူကရိန်းစစ်တပ်ကတော့ ဒီမြို့ဟာ ယူကရိန်းလက်ထဲမှာပဲ ရှိနေသေးတယ်လို့ ပြောပါတယ်။
ယူကရိန်းအရှေ့မြောက်ဘက်ပိုင်း နိုင်ငံရဲ့ ဒုတိယမြို့တော် ခါကိဗ် ကို ပြင်းထန်စွာ ပစ်ခတ်မှုများလည်း ဖြစ်ပွားနေတယ်လို့သိရပါတယ်။
ယူကရိန်းကို ရုရှားကျုးကျော်မှု ၈ ရက်မြောက်နေ့မှာ ရုရှားတပ်ဖွဲ့ဝင် ၄၉၈ ဦး သေဆုံးခဲ့ပြီး ၁၅၉၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မော်စကိုဘက်ကပြောပါတယ်။
ဒါပေမဲ့ ရုရှားတပ်ဖွဲ့ဝင်တွေ သေဆုံးသူ အရေအတွက်ဟာ ဒီထက်များနိုင်တယ်လို့ ခန့်မှန်းကြပြီး ယူကရိန်းဘက်ကတော့ ယူကရိန်းက ရုရှားကို ကျုးကျော်တိုက်ခိုက်တဲ့ ရှစ်ရက်မြောက်နေ့မှာ ရုရှား တပ်ဖွဲ့ဝင် ၉၀၀၀ ခန့်သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ယူကရိန်းနိုင်ငံအရေးပေါ်ကယ်ဆယ်ရေးဌာနက ပြီးခဲ့တဲ့ ကြာသပတေးနေ့ ရုရှားတို့ကျူးကျော်ခဲ့ချိန်က စပြီး အရပ်သား ၂၀၀၀ ကျော် အသတ်ဖြတ်ခံခဲ့ရပြီလို့ ဆိုပါတယ်။ ဒီအရေအတွက် ပမာဏကို သီးခြားအတည်ပြုနိုင်တာမျိုးတော့ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, ANADOLU AGENCY
ရုရှားအစိုးရအနေနဲ့ ငွေကြေးအရ ပြန်လည် ပေးလျော်စေရမယ်လို့ ယူကရိန်းသမ္မတ ပြော
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ယူကရိန်းနိုင်ငံကို ထိခိုက်ပျက်စီးအောင် လုပ်ခဲ့တဲ့ ရုရှားအစိုးရအနေနဲ့ ငွေကြေးအရ ပြန်လည် ပေးလျော်စေရမယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
ဗီဒီယိုကနေတဆင့် ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ သမ္မတ ဇလန်းစကီးက ရုရှားအစိုးရ လျော်ကြေးငွေ ပေးဖို့ကိစ္စကို ထည့်သွင်း ပြောကြားခဲ့ပြီး ယူကရိန်းနိုင်ငံတွင်းမှာ နေအိမ်တစ်ခုစီ၊ လမ်းတစ်ခုစီကို ရုရှားအစိုးရကို ပြန်ဆောက်ခိုင်းမယ်လို့ အခိုင်အမာ ပြောသွားခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ ရုရှားတို့ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။
နိုင်ငံမြောက်ပိုင်း ကိယဗ်မြို့ဆီ သွားတဲ့ ရုရှားစစ်ကားတန်းကြီးက ရပ်ထားဆဲ ဖြစ်ပြီး တောင်ပိုင်းက စစ်ရေးဗျူဟာ အချက်အချာ ကျတဲ့ မာရီယူပိုလ် ဆိပ်ကမ်းမြို့ကိုတော့ အမြောက်တွေနဲ့ ဆက်ပစ်ခတ် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
ရုရှားတပ်ဖွဲ့တွေက မြို့ကို ဝိုင်းထားပြီး အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ အဲဒီမှာ ရှိတဲ့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီမြို့ကို စားနပ်ရိက္ခာ၊ လျှပ်စစ်မီးနဲ့ သောက်ရေသန့်တွေ ပို့ဆောင်ရေးမှာ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်မြို့နဲ့ နိုင်ငံအရှေ့မြောက်ပိုင်း ချာနီဟစ်ဗ်မြို့နဲ့ ဆူမီ မြို့တွေအပါအဝင် တခြားနေရာတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ယူကရိန်းကို ရုရှား ကျူးကျော် တိုက်ခိုက်ရတာနဲ့ ပတ်သက်လို့ ရုရှားဖြေရှင်း
နေတိုးမဟာမိတ်အဖွဲ့ထဲ ယူကရိန်း ဝင်လိုက်ရင် ရုရှားနိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်လာမယ် ဆိုတဲ့ ရုရှားအစိုးရရဲ့ သဘောထားအမြင်ကို ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က ထပ်ပြောကြားလိုက်ပြီး ယူကရိန်းကို ရုရှား ကျူးကျော် တိုက်ခိုက်ရတာနဲ့ ပတ်သက်လို့ ဖြေရှင်းချက် ပေးဖို့ ကြိုးစားခဲ့ပါတယ်။
ရုရှားရဲ့ ဖြေရှင်းချက်ကို အနောက်အုပ်စုက ကြားပေမဲ့ နားထဲ မဝင် ဖြစ်နေတယ်လို့ သူက စွပ်စွဲပြောသွားခဲ့ပါတယ်။
ယူကရိန်းအရေးနဲ့ ပတ်သက်လို့ အနောက်အုပ်စုနိုင်ငံတွေ ထိတ်လန့်တကြား ဖြစ်နေကြတာတွေ အဆုံးသတ်သွားမယ်၊ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလာ ကြမယ် ဆိုတာကို သူ့အနေနဲ့ ယုံကြည်စိတ်ချထားတယ်လို့ မစ္စတာ လက်ဗ်ရော့ဗ် က ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘဲန် ဝေါလေ့စ် က ရုရှားအစိုးရအနေနဲ့ ဆယ်စုနှစ်နဲ့ချီ ဖယ်ကျဉ် ခံထားရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ ယူကရိန်းနိုင်ငံအပေါ် တိုက်ခိုက်နေမှုတွေကို ရပ်တန့်ဖို့ သမ္မတပူတင်ကို သူက ထပ်မံ တောင်းဆိုလိုက်ပါတယ်။
ယူကရိန်းနဲ့ ရုရှား အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု ဒုတိယအကျော့အဖြစ် ဘယ်လားရုစ်နိုင်ငံ နယ်စပ်မှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိနေပါတယ်။ ဒါပေမဲ့လည်း တိုးတက်ဖြစ်ထွန်းမှု တစုံတရာ ရလာဖို့တော့ မျှော်လင့်ချက် သိပ်မရှိလှပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ပြေးဒုက္ခသည် တစ်သန်းကျော်လာ
ယူကရိန်းကို ကျုးကျော်မှု ရှစ်ရက်မြောက်နေ့မှာပဲ လူပေါင်း တစ်သန်းကျော် ယူကရိန်းက ထွက်ပြေးခဲ့ကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
စုစုပေါင်း လူ လေးသန်းအထိ နိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားနိုင်တယ်လို့ ဥရောပသမဂ္ဂက ခန့်မှန်းထားပါတယ်။
ပဋိပက္ခစတင်ကတည်းက ရုရှားနဲ့နယ်နိမိတ်ခြင်းထိစပ်နေတဲ့ ပိုလန်ကို ယခုအချိန်အထိ လူပေါင်း ၅၇၅၀၀၀ ကျော်ဝင်ရောက်လာခဲ့တယ် ပိုလန်နယ်ခြားစောင့်အေဂျင်စီက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က ယူကရိန်းကနေ ပိုလန်ကို စစ်ဘေးရှောင်သူ ၉၅၀၀၀ ရောက်ရှိလာခဲ့ပြီး တနင်္လာနေ့ကတော့ စံချိန်တင် အမြင့်ဆုံး တစ်သိန်း ထက် အနည်းငယ် ကျဆင်းသွားတယ်လို့ အေဂျင်စီက ပြောပါတယ်။
ပိုလန်မှာ ယူကရိန်းလူမျိုး တစ်သန်းနဲ့ နှစ်သန်းကြားရှိ ခန့်မှန်းခြေနေထိုင်နေကြပြီး ပိုလန်ကိုထွက်ပြေးလာသူ အများအပြားဟာ ပိုလန်က ယူကရိန်း မိသားစု ဆွေမျိုးတွေ သူငယ်ချင်းတွေနဲ့ အတူ နေထိုင်ဖို့ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။
ပိုလန်ကို ရောက်လာပြီးနေစရာမရှိသူတွေကို နိုင်ငံတစ်ဝန်းက မီးသတ်စခန်းတွေ အားကစားခန်းမတွေမှာ ယာယီနေရာထိုင်လျက်ရှိကြပါတယ်။
ပိုလန်လူမျိုးအများအပြားကလည်း သူတို့ရဲ့နေအိမ်တွေမှာ ဒုက္ခသည်တွေကို လက်ခံပြီးနေရာထိုင်ခင်းပေးဖို့ ကမ်းလှမ်းနေကြပါတယ်။
ယူကရိန်းက ဒုက္ခသည်တွေဟာ ပိုလန်၊ ရိုမေးနီးယား၊ စလိုဗက်ကီးယား၊ ဟန်ဂေရီနဲ့ မော်လ်ဒိုဗာ အပါအဝင် အနောက်ဘက်ရှိ အိမ်နီးချင်းနိုင်ငံတွေကို နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိနေပါတယ်။
ယူကရိန်းနိုင်ငံ စစ်ပွဲကနေ ထွက်ပြေးလာတဲ့ လူတွေကို ကူညီဖို့ ဒေါ်လာ ၁ ဒဿမ ၇ ဘီလီယံ အရေးပေါ် အကူအညီပေးကြဖို့ ကုလသမဂ္ဂအဖွဲ့က ပန်ကြားထားပါတယ်။
ယူကရိန်းနိုင်ငံကနေ ထွက်ပြေးလာကြသူတွေကို နိုင်ငံထဲမှာ နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ ကျန်းမာရေး ကုသစောင့်ရှောက်မှုနဲ့ ပညာသင်ကြားခွင့် အနည်းဆုံး တစ်နှစ် ပေးဖို့ စတဲ့ ယာယီကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေး အဆိုပြုချက်တွေကို အီးယူ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက ပြည်ထဲရေး ဝန်ကြီးတွေ ဘရပ်ဆဲလ်စ်မြို့မှာလည်း ဆွေးနွေးနေကြပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ ကလည်း ဂျပန်နိုင်ငံထဲမှာ မိသားစုဆွေမျိုး ဒါမှမဟုတ် မိတ်ဆွေတွေ ရှိတဲ့ ယူကရိန်းဒုက္ခသည်တွေကို ဦးစားပေးအနေနဲ့ လက်ခံသွားမယ်လို့ ပြောပါတယ်။
ခိုလှုံခွင့်တောင်းခံလာသူတွေကို လူသားချင်းစာနာတဲ့အနေနဲ့ လက်ခံဖို့ နှောင့်နှေးလေ့ရှိတဲ့အတွက် ဂျပန်အစိုးရကို လူ့အခွင့်ရေး အဖွဲ့တွေက အရင်က ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
ဂျပန်အစိုးရဟာ သူ့နိုင်ငံထဲ ခိုလှုံခွင့် တောင်းသူ ထောင်ပေါင်းများစွာထဲက တစ်နှစ်တစ်နှစ်ကို ဆယ်ဂဏန်းလောက်ပဲ လက်ခံလေ့ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းနိုင်ငံထဲမှာ အိန္ဒိယ ကျောင်းသားတွေ အခြေအနေ
ယူကရိန်းနိုင်ငံထဲမှာ အိန္ဒိယ ကျောင်းသားတွေ ဓားစာခံအဖြစ် အထိန်းသိမ်းခံထားရတယ်ဆိုတဲ့ ရုရှားရဲ့ စွပ်စွဲချက်တွေကို အိန္ဒိယအစိုးရက ပယ်ချလိုက်ပြီး ဒီလို သတင်းမျိုး လုံးဝမရထားဘူးလို့ ပြောပါတယ်။
ယူကရိန်းအစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ ပူးပေါင်းကူညီပေးမှုနဲ့ ဗုဒ္ဒဟူးနေ့တုန်းက အိန္ဒိယကျောင်းသား အတော်များများ ခါကိဗ်မြို့ကနေ ထွက်ခွာသွားကြပြီလို့ ဒေလီမြို့က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။
အဲဒီမြို့မှာ အိန္ဒိယကျောင်းသား အုပ်စုကြီးတစ်စုကို ယူကရိန်းအစိုးရက လူသားဒိုင်းလို အသုံးချပြီး ထိန်းသိမ်းထားတယ်လို့ ရုရှားအစိုးရက စွပ်စွဲထားတာပါ။
ယူကရိန်းကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့အပြီးမှာ ယူကရိန်းနိုင်ငံထဲမှာ အိန္ဒိယ ကျောင်းသား ထောင်နဲ့ချီ ပိတ်မိနေပါတယ်။
အင်္ဂါနေ့တုန်းက ခါကိဗ်မြို့ကို မစ်ဆိုင်းဒုံးနဲ့ တိုက်ခိုက်ခံခဲ့ရစဉ်အတွင်း အိန္ဒိယ ဆေးကျောင်းသား တစ်ဦး သေဆုံးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ရှိတဲ့ ရုရှားသံရုံးကတော့ ခါကိဗ်မြို့မှာရှိတဲ့ အိန္ဒိယ ကျောင်းသားတွေကို လူသားချင်း စာနာကယ်ဆယ်တဲ့ လမ်းကြောင်းတစ်ခုကနေ ရုရှားနိုင်ငံထဲ အရေးပေါ် ကယ်ထုတ်နိုင်ရေးအတွက် သူတို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြင်သစ်က ရုရှား စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီး တဦးပိုင်တဲ့ အပျော်စီး သင်္ဘောတစ်စင်း အသိမ်းခံရ
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့မှုနဲ့ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်နေရာမှာ နောက်ထပ် ရုရှားသင်္ဘောတွေ သိမ်းဆည်းမိခဲ့တယ်လို့ ပြင်သစ်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။
ရုရှား စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီး တဦး ပိုင်တဲ့ အပျော်စီး သင်္ဘောတစ်စင်းကို ပြင်သစ်နိုင်ငံတောင်ပိုင်း လာ ဆီယော့တာမြို့မှာ သိမ်းဆည်းမိခဲ့တာ ဖြစ်တယ်လို့ ပြင်သစ် စီးပွားရေး ဝန်ကြီး ဘရူနို လာမဲရ် က ပြောပါတယ်။
ဒါ့အပြင် ရုရှားနဲ့ ဆက်နွှယ်နေပေမဲ့ ပနားမား အလံလွှင့်ထူ ခုတ်မောင်းလာတဲ့ ကုန်တင်သင်္ဘောတစ်စင်းကိုလည်း ပြင်သစ် အကောက်ခွန်အရာရှိတွေက ဖမ်းဆီးမိခဲ့ပါတယ်။
ဒါဟာ ပြင်သစ်အစိုးရ သိမ်းဆည်းခဲ့တဲ့ ဒုတိယမြောက် ရုရှား ကုန်တင်သင်္ဘော ဖြစ်ပါတယ်။
အစောပိုင်းတုန်းက ရုရှား ဘီလျံနာ သူဌေးကြီး အယ်လစ်ရှာ အူစ်မနော့ဗ် ပိုင်တဲ့ ဧရာမ အပျော်စီးသင်္ဘောကြီး တစင်းကို ဂျာမန် အာဏာပိုင်တွေက သိမ်းဆည်းမိခဲ့တယ်လို့ Forbes မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။
သံထည်လုပ်ငန်းရှင် သူဌေးကြီး မစ္စတာ အူစ်မနော့ဗ် ဟာ ရုရှားအစိုးရနဲ့ ဆက်နွှယ်ပတ်သက်နေမှုနဲ့ ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ အထင်ကရ ရုရှားစီးပွားရေးလုပ်ငန်းရှင်ကြီး ၂၅ ဦးထဲမှာ တစ်ဦး အပါအဝင် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
H&M ရုရှားက လုပ်ငန်းတွေရုပ်သိမ်း
ရုရှားနိုင်ငံမှာနိုင်ငံတကာ ကုမ္ပဏီတွေရဲ့ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းတာ နုတ်ထွက်တာတွေအပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်းသူတို့ရဲ့လုပ်ငန်းတွေ ရပ်ဆိုင်းတာတွေရှိနေပါတယ်။
H&M နာမည်ကျော် ဖက်ရှင်အဝတ်အထည်ဆိုင်ဟာ ရုရှားနိုင်ငံမှာ ရောင်းချမှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ ဒီကနေ့ ကြေညာခဲ့ပါတယ်။ ဆိုင်ခွဲပေါင်း ၁၅၀ ကျော်နဲ့ နိုင်ငံအတွင်းမှာ အလွန်ရေပန်းစားတဲ့ အဝတ်အထည်ရောင်းတဲ့ဆိုင်ဖြစ်ပြီး ရုရှားနိုင်ငံမှာ ဆိုင်ခွဲအရေအတွက် အများဆုံးဖွင့်ထားတဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဆယ်နိုင်ငံထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင်ကမ္ဘာ့ဘဏ်က ရုရှားနဲ့ ဘယ်လားရုစ်က သူတို့ ရဲ့စီမံကိန်းနဲ့ လုပ်ငန်းအစီအစဉ်အားလုံးကို ချက်ခြင်း ရပ်ဆိုင်းလိုက်ကြောင်းလည်း ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ကမ္ဘာ့စျေးကွက်မှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့စျေးတွေ ဆက်တက်
ကမ္ဘာ့စျေးကွက်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့စျေးတွေဆက်တက်နေဆဲ ဖြစ်ပါတယ်။ဘရန့် ရေနံစိမ်းစျေးဟာ ၁၀နှစ်အတွင်း အမြင့်ဆုံးအဖြစ် တစ်စည်ကို ၁၁၉ ဒေါ်လာကျော် ဖြစ်သွားခဲ့ပါတယ်။
ဥရောပမှာ သဘာဝဓာတ်ငွေ့စျေးဟာလည်း ရုတ်တရက် ထိုးတက်သွားခဲ့ပါတယ်။
အလျူမီနီယမ်နဲ့ ကျောက်မီးသွေးတို့လို တခြား ကုန်စည်စျေးတွေလည်း မြင့်တက်နေပါတယ်။
လောလောဆယ်မှာ အမေရိကန်အစိုးရက ရုရှားဆီက ရေနံနဲ့ သဘာဝဓာတ်ငွေ့စျေးတင်ပို့မှုကို ဒဏ်ခတ်ပိတ်ဆို့တာမျိုး မလုပ်သေးပေမဲ့ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့မှုကြောင့် ရုရှားအပေါ် ဆန့်ကျင်အရေးယူမှုတွေ တိုးလာနေချိန်မှာ ကုန်သွယ်လောကနဲ့ ငွေကြေး အသိုင်းအဝိုင်းအတွင်း ရုရှားကုန်စည်တွေကို ဝယ်ယူဖို့ကို လက်တွန့်နေကြပါတယ်။
ရုရှားလူမျိုးတွေ သူတို့ရဲ့ နိုင်ငံသုံး ရူဘဲလ်ငွေတွေ ထုတ်ရောင်းမှာကို တားဆီးဖို့ ကြိုးစားတဲ့အနေနဲ့ ရူဘဲငွေနဲ့ နိုင်ငံခြားငွေ လဲရင် ကော်မရှင်ခ ၃၀ ရာခိုင်နှုန်း ပေးဖို့ ရုရှားဗဟိုဘဏ်က သတ်မှတ်လိုက်တယ်လို့ သတင်းတွေက ဆိုပါတယ်။








