စစ်ရေးတင်းမာမှုလျှော့ဖို့ ရုရှား တပ်ရော၊ လက်နက်တွေပါ ပြန်ရုပ်သိမ်းဖို့လိုမယ်လို့ နေတိုးအကြီးအကဲပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ရေးတင်းမာမှု လျှော့ချနိုင်ဖို့ဆိုရင် ရုရှားအနေနဲ့ တပ်တွေရုပ်တာနဲ့ စစ်လက်နက်ပစ္စည်းတွေ ပြန်သိမ်းတာတွေလုပ်ဖို့လိုတယ်လို့ နေတိုးအကြီးအကဲက ပြောပါတယ်။
စစ်ရေးတင်းမာမှုအမှန်တကယ်လျှော့ချချင်တယ်ဆိုရင် ယူကရိန်းနယ်စပ်က ရုရှားတပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ရုပ်သိမ်းဖို့လိုတယ်လို့ နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ယန်းစတိုလ်တန်ဘာ့ဂ်ကပြောခဲ့ပြီး အောက်ပါအကြောင်းအရာတွေကိုလည်း သူက ဆက်ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ စစ်အေးတိုက်ပွဲနောက်ပိုင်းမှာ ယူကရိန်းနိုင်ငံအတွင်းနှင့် နိုင်ငံ အနီးတစ်ဝိုက်မှာ အရင်က မကြုံစဖူးလောက်အောင် သူတို့ တိုက်ခိုက်ရေးတပ်ဖွဲ့တွေကို စုစည်းခဲ့ပါတယ်။ အခု တိုက်ခိုက်မှုအသစ်အတွက်လည်း အားလုံးအဆင်သင့်ဖြစ်နေပါပြီ။
ဒါပေမယ့် ရုရှားဟာ အကျဉ်းအကျပ်အခြေအနေက နောက်ပြန်ဆုတ်ဖို့ ၊ စစ်ပွဲ ပြင်ဆင်နေတာတွေကို ရပ်တန့်ပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ စတင်အဖြေရှာဖို့ အချိန်ကျန် ပါသေးတယ်။
သံတမန်ရေးအရ ဆက်လက်လုပ်ဆောင်ချင်တဲ့ အရိပ်အယောင် လက္ခဏာ တွေ ရုရှားမှာ ရှိနေပါသေးတယ်။ ဒီအချက်ကိုတော့ သတိကြီးကြီးနဲ့ အကောင်းမြင်ဖို့လိုပါတယ်။ ဒါပေမဲ့ မြေပြင်အခြေအနေအရ အခုအချိန်အထိတော့ ရုရှားဘက်ကနေ တင်းမာမှု လျှော့သွားပြီဆိုတဲ့ အရိပ်အယောင်တွေ မတွေ့ရသေးပါဘူး ။
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမှာ နှစ်ရက်ကြာ လုပ်မယ့် မဟာမိတ်အဖွဲ့တွေရဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ မှာ သတင်းထောက်တွေကို သူက ပြောခဲ့တာပါ။
"ကျွန်တော်တို့အနေနဲ့ ခံစစ်အနေအထားကို မြှင့်တင်ဖို့ " လည်းလိုတယ်လို့ သူက ဆိုပါတယ်။
ဂျာမနီဟာ ရုရှားရဲ့ အဓိက မိတ်ဖက်လို့ ပူတင်ပြော

ရုရှားသမ္မတ ဗလာဒီမီယာပူတင်နှင့် ဂျာမန်ဝန်ကြီးချုပ် အိုလက်ရှော့ဇ်တို့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ဒီကနေ့ တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ ပူတင်က ဂျာမနီဟာ ရုရှားနိုင်ငံရဲ့ အဓိက မိတ်ဖက်နိုင်ငံဖြစ်တယ်လို့ အစပြုပြောဆိုခဲ့ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးခိုင်မာစေလိုတယ်ဆိုတဲ့သဘောပြခဲ့ပါတယ်။
ဥရောပလုံခြုံရေးနှင့် ဒုံးကျည်ကိစ္စတွေ ဆွေးနွေးဖို့ ရုရှားအဆင်သင့်ရှိတယ်လို့လည်း ပူတင်က ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဂျာမန်ဝန်ကြီးချုပ် အိုလက်ရှော့ဇ်က ယူကရိန်းနယ်စပ်မှာ ရုရှားတပ်တွေ တပ်စွဲထားတာဟာ ခြိမ်းခြောက်မှုတစ်ခုလို့ ရှုမြင်ပြီး သူ့အနေနဲ့ နားမလည်နိုင်ဘူးလို့ ပြောပါတယ်။
ပြီးတော့ ဒေသတွင်းမှာ "စစ်ရေးတင်းမာမှုတွေကို လျှော့ချဖို့ " တောင်းဆိုခဲ့ ပြီး "စစ်ပွဲဖြစ်မလာဖို့ အရေးကြီးတယ်" လို့ပြောခဲ့ပါတယ်။
နယ်မြေစိုးမိုးရေးကိစ္စဟာ "အပေးအယူလုပ်လို့မရ"တဲ့ကိစ္စလို့ ပြောခဲ့ပြီး တွေ့ဆုံပြောဆိုမှုတွေဖြစ်လာဖို့ သူမျှော်လင့်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲတွေဟာ "လမ်းဆုံး" တဲ့သဘောမျိုးလည်း မဖြစ်ရဘူးလို့ လည်း သူက ထပ်ဖြည့်ပြောပါသေးတယ်။
သမ္မတပူတင်ကတော့ ဥရောပတိုက်ထဲမှာ စစ်ဖြစ်လာနိုင်မယ့်အခြေအနေ ခင်ဗျားအနေနဲ့ တားဆီးပေးနိုင်မလားဆိုတဲ့ မေးခွန်း အခုလိုပြန်ဖြေပါတယ်။
သူတို့မျိုးဆက်ဟာ ဥရောပတိုက်ထဲမှာ စစ်ပွဲတစ်ခုဖြစ်လာဖို့ ကို စိတ်ကူးနဲ့တောင် တွေးကြည့်လို့မရဘူးလို့ အစောပိုင်းမှာ ဂျာမန်ဝန်ကြီးချုပ် အိုလက်ရှော့ဇ်ပြောခဲ့တာတွေကို ကိုးကားပြီး ပြန်ဖြေခဲ့ပါတယ်။
ဒါပေမယ့် ၁၉၉၀ ခုနှစ်တွေအတွင်းမှာ နေတိုးအဖွဲ့က စခဲ့တဲ့ ယူဂိုဆလားဗီးယားစစ်ပွဲကို ဥရောပတိုက်ထဲမှာကြုံခဲ့ရတယ်လို့ သူက ထောက်ပြပါတယ်။
ရုရှားက စစ်မဖြစ်ချင်တာကြောင့် စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်ကို စဖို့ အဆိုပြုချက်တွေကို တင်ပြခဲ့တယ်လို့ ပူတင်ကပြောခဲ့ပြီး ရုရှားရဲ့ အဆိုပြုချက်တွေကို အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုမျိုး မရဘူးလို့ ဆိုပါတယ်။
ဒါ ပေမယ့် နေတိုးအဖွဲ့၊ အမေရိကန်တို့ နဲ့ ဆွေးနွေးရမယ့် ကိစ္စတွေ ကျန်ရှိနေသေးတယ်လို့ သူက ထပ်ပြောပါတယ်။
ဂျာမန်ဝန်ကြီးချုပ် အိုလက်ရှော့ဇ် က "တိုးတက်မှုတွေရလာစေဖို့ အပြုသဘောဆောင်တဲ့ လုပ်ပိုင်ခွင့်တစ်ခုနဲ့စေ့စပ်ညှိနှိုင်းသူတွေကို ဗလာဒီမာပူတင်ကို စေလွှတ်စေချင်တယ်လို့ ထပ်ပြောပါတယ်။
လုံခြုံရေးကိစ္စဟာ ရုရှားနဲ့အတူပူးပေါင်းလုပ်ဆောင်မှ အောင်မြင်မှုရနိုင်မယ်"လို့ လည်း ဂျာမန်ဝန်ကြီးချုပ်က ပြောပါတယ်။
နေတိုးအဖွဲ့နဲ ဥရောပတနိုင်ငံတွေဟာ ဘယ်လိုအခက်အခဲမျိုးရှိရှိ အဖြေတစ်ခုရနိုင်ဖို့ ပူးပေါင်းကြိုးစားနေကြတယ်လို့ လည်း သူက ဆိုပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်ချက်တွေဟာ သတ္တိရှိဖို့နဲ့ အားလုံးက တာဝန်ယူဖို့ လိုပါတယ်လို့ သူက ပြောပါတယ်။
"ဥရောပတိုက်ထဲမှာ စစ်ပွဲတစ်ပွဲမဖြစ်လာဖို့ကိစ္စကို ကျွန်တော်တို့အနေနဲ့ သေချာအောင် လုပ်ရပါမယ်။ "
နေတိုး အဖွဲ့ဝင်တိုးချဲ့နေမှုကို ပူတင် မေးခွန်းထုတ်

လွန်ခဲ့တဲ့ နှစ်၃၀ အတွင်းမှာ နေတိုးအဖွဲ့ ချဲ့ထွင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး လက်ခံနိုင်ဘူးလို့ ပြောခဲ့ပေမဲ့ အခုတော့ ဒီကိစ္စက "ကျွန်တော်တို့ရဲ့ တံခါးဝအထိကို"ရောက်လာပြီလို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။
ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် ဘယ်တော့ လက်ခံမှာလဲဆိုတာကိုလည်း ပူတင်က မေးခွန်းထုတ်ပါတယ်။
ယူကရိန်းနိုင်ငံဟာ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ လျှောက်လွှာတင်တဲ့အဆင့်တောင် မရောက်သေး တဲ့အတွက် အဖွဲ့ဝင်ဖြစ်လာဖို့ အချိန် အများကြီးလိုသေးတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
"ဒီမေးခွန်းကို အခု ဖြေဖို့လိုတယ်။ ဒီညှိနှိုင်းမှုဖြစ်စဉ်မှာ ဒီမေးခွန်း အဖြေရဖို့လိုတယ်လို့ ပူတင်ကပြောပါတယ်။
"ကျွန်တော်တို့ရဲ့ စိုးရိမ်မှုကို ကျွန်တော်တို့ မိတ်ဆွေတွေကလည်း ကြားရပြီးတော့ ဒီကိစ္စကို အလေးအနက်ထားဆောင်ရွက်ကြမယ်လို့ မျှော်လင့်ပါတယ်။"
နေတိုးအဖွဲ့ထဲကို ယူကရိန်းနိုင်ငံကို မထည့်ပါဘူးလို့ အနောက် အုပ်စုကို အာမခံဖို့ ရုရှားက အဓိက တောင်းဆိုနေတာဖြစ်ပါတယ်။








