ယူကရိန်းနယ်စပ်ကနေ တပ်တချို့ ဆုတ်ခွာနေပြီလို့ ရုရှားပြော

ဘယ်လာရုစ်မှာ စစ်ရေးလ့ကျင့်နေတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Anadolu Agency

ဓာတ်ပုံ ပုံစာ, ဘယ်လာရုစ်မှာ စစ်ရေးလ့ကျင့်နေတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေ
ရေးသားခဲ့သည်။

ယူကရိန်းနယ်စပ်မှာတပ်စွဲထားတဲ့ သူတို့ တပ်ဖွဲ့ဝင်အချို့ လေ့ကျင့်မှုတွေအပြီးမှာ သက်ဆိုင်ရာ အခြေစိုက်စခန်းတွေကို ပြန်ဆုတ်လာနေပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့တယ်လို့ အင်တာဖက်စ် သတင်းဌာနက ဖော်ပြပါတယ်။

ဒါပေမယ့် ရုရှားနိုင်ငံတစ်ဝန်းမှာတော့ အကြီးစားစစ်‌ရေးလေ့ကျင့်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲပဲဆိုတာ အင်တာဖက်စ်က ထပ်ပြောထားပါတယ်။

"ဖေဖော်ဝါရီ ၁၅ ရက်ဟာ အနောက်နိုင်ငံတွေရဲ့ စစ်ဝါဒဖြန့်မှု ကျရှုံးသွားတဲ့နေ့အဖြစ် သမိုင်းတွင် သွားမှာ ဖြစ်တယ်။ ကျည်တစ်ချက်မှ မပေါက်ရဘဲနဲ့ သူတို့ကို သိက္ခာချ၊ ဖျက်ဆီးခဲ့တာ"လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မာရီယာ ဇာခါရိုဗာက ပြောပါတယ်။

ယူကရိန်းနယ်စပ်နား ဆုတ်ခွာလာတဲ့ တင့်ကားတွေနဲ့ သံချပ်ကာယာဉ် အများအပြားကိုလည်း ဗီဒီယိုရိုက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

အင်တာဖက်စ် သတင်းဌာနကတင်ပြတဲ့ သတင်းမှာ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီဂေါကိုနာရှန်ကော့ဗ်က အခုလို ပြောပါတယ်။

တာဝန် ပြီးဆုံးသွားတဲ့ တောင်ပိုင်းနဲ့ အနောက်ပိုင်း စစ်ခရိုင်တွေက တပ်ဖွဲ့တွေဟာ ရထားနဲ့ မော်တော်ကားတွေကိုသုံးပြီး တပ်ပြောင်းရွှေ့မှုတွေကို စတင်လုပ် ဆောင်နေပြီ ဖြစ်သလို ဒီနေ့မှာ သူတို့ စခန်းတွေဆီကို စတင်ပြောင်းရွှေ့မှာ ဖြစ်ပါတယ် ။ စစ်ကြောင်းကြီးတွေထဲက သီးခြားတပ်ဖွဲ့တွေကလည်း ခြေလျင် ထွက်ခွာကြဖို့ ရှိပါတယ်။

ဒါပေမယ့် တချို့ စစ်ရေးလေ့ကျင့်မှုတွေကတော့ ဆက်လက်လုပ်ဆောင်ဆဲဖြစ်တယ်လို့ ပြောပါတယ်။

တပ်ဖွဲ့ဝင်တချို့ ရုပ်သိမ်းလိုက်တယ်လို့ဆိုပေမယ့် ရုရှားစစ်တပ်ဟာ စစ်ဆင်ရေးလေ့ကျင့်မှုအနေနဲ့ အကြီးစားလေ့ကျင့်မှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ အဲ့ဒီလေကျင့်မှုမှာ ရေယာဉ်တွေနဲ့ ဝေဟင်တပ်တွေ အားလုံးလည်း ပါဝင်နေပါတယ်။

ဒေသတွင်း နောက်ထပ် အကြီးစားစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ရုရှား-ဘီလာရုစ် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကလည်း ဖေဖော်ဝါရီ ၂၀ ရက်ကျမှ ပြီးဆုံးမှာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ယူကရိန်နယ်စပ်က ထွက်ခွာသွားတဲ့ ရုရှားတင့်ကားတွေ

ရုရှားဟာ ဘီလာရုစ်က စစ်ရေးလေ့ကျင့်မှုမှာ သူတို့ တပ်ဖွဲ့ဝင် ၃၀,၀၀၀ ပါဝင်နေပြီး ယူကရိန်းနယ်စပ်အနီးမှာ တပ်ဖွဲ့ဝင် ၁၃၀,၀၀၀ ခန့် တပ်ချထားပါတယ်။

နိုင်ငံတကာ တုံပြန်မှုများ

ရုရှားတပ်တွေ ဆုတ်ခွာမှုကို ဗြိတိန်က စောင့်ကြည့်နေ

ဗြိတိန်အစိုးရက ယူကရိန်းနယ်စပ်ကနေ ရုရှားတပ်တွေ ဘယ်အတိုင်းအတာအထိ ဆုတ်ခွာနေတယ်ဆိုတာကို စောင့်ကြည့်နေပြီး ကျူးကျော်ဝင်ရောက်နိုင်မှုဆက်ရှိနိုင် မရှိနိုင်ဆိုတာ အဲ့ဒီအခြေအနေအရ သိလာမှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ခုကလည်း ဆိုပါတယ်။

ဂျာမန်ဝန်ကြီးချုပ် ရုရှား ရောက်လာပြီ

သံတမန်ရေးဆက်လက်ကြိုးပမ်းမှုအနေနဲ့ ဂျာမန်ဝန်ကြီးချုပ် အိုလက်ရှော့ဇ်ဟာ ရုရှား သမ္မတ ဗယ်လ်ဒီမီယာ ပူတင်နှင့် တွေ့ဆုံဖို့ စီစဉ်ထားတဲ့အတိုင်း မော်စကိုမြို့ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

အစည်းအဝေးမတိုင်မီမှာ ကရင်မလင်တံတိုင်းရှိ အညတရ စစ်သည် ဂူဗိမာန်က လွမ်းသူ့ပန်းခွေချ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

မျက်စိနဲ့ မြင်ရမှ ယုံမယ်လို့ ယူကရိန်းပြော

ရုရှားနိုင်ငံအနေနဲ့ နယ်စပ်မှာ တပ်ဖြန့်ထားတဲ့ သူတို့ တပ်ဖွဲ့အားလုံးကို ပြန်လည် ဆုတ်ခွာရမယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာက ပြောပါတယ်။

"ကျွန်တော်တို့မှာ သတ်မှတ်ချက် တခုရှိတယ်၊ ကြားတာနဲ့တင်မယုံပါနဲ့၊ မြင်ရမှ ယုံပါ" လို့ ရုရှားတပ်ဖွဲ့ဝင်တချို့ အခြေစိုက်စခန်းတွေကို ပြန်သွားနေပြီဆိုတဲ့ သတင်းထွက်လာပြီးနောက် သူက သတင်း သတင်းထောက်တွေကို ပြောခဲ့တာပါ။ "ရုရှားတပ်တွေဆုတ်တာကို မြင်ရမှ စစ်ဖြစ်ဖို့ အရှိန်လျော့သွားပြီလို့ ကျွန်တော်တို့ ယုံကြည်ပါမယ်" လို့ ဆိုပါတယ်။

အီးယူလည်း အနီးကပ် စောင့်ကြည့်နေ

ရုရှားတပ်တွေ ဆုတ်ခွာနေပြီဆိုတာနဲ့ ဘရပ်ဆဲလ်က ဥရောပသမဂ္ဂရုံးကလူတွေ အတွက်တော့ စိတ်သက်သာယာရတဲ့ပုံ မပေါ်သေးပါဘူး။

သံတမန်တွေအနေနဲ့ အခုကိစ္စကို သိသာထင်ရှားတဲ့ စစ်ရေးအရှိန်လျှော့မှု အစ လို့သဘောထားပြီး အခြေအနေကို စောင့်ကြည့်နေကြပါတယ်။

သတိထားရမယ့် အချက်ကတော့ ဆုတ်သွားတဲ့ တပ်ဖွဲ့ဝင်တွေဟာ သူတို့ ဆုတ်သွားရုံတင်မက စစ်လက်နက်ပစ္စည်းတွေကိုပါ တခါတည်းယူသွားလားဆိုတာပါ။

ဒါကြောင့် ဒီနေ့မှာ ဥရောပကော်မရှင်က ကြီးကြီးမားမား ပြတ်ပြတ်သားသား ထုတ်ပြန်ချက်တွေကို ထွက်လာဖို့ မရှိပါဘူး၊။

ရုရှားတပ်ဆုတ်သတင်းကြောင့် ရေနံစျေးကျ

ယူကရိန်းနယ်စပ်မှာတပ်စွဲ ထားတဲ့ သူတို့တပ်ဖွဲ့ဝင်အချို့ အခြေစိုက်စခန်းတွေကို ပြန်ဆုတ်နေပြီဆိုတာ ရုရှားက ထုတ်ပြောခဲ့ပြီးနောက် ခုနစ်နှစ်အတွင်း မြင့်တက်နေတဲ့ ရေနံစျေးနှုန်းတွေ ဒီနေ့မနက်မှာ ၂ ဒသမ ၅ ရာခိုင်နှုန်းနီးပါး ကျဆင်းလာပါတယ်။

ပထဝီဝင်နိုင်ငံရေးတင်းမာမှုတွေ ဖြေလျော့လာတယ်ဆိုတဲ့ လက္ခဏာတွေ ကြောင့်လည်း ရေနံစိမ်း တစ်စည် ၉၂.၈၈ ဒေါ်လာစျေးကို ကျဆင်းသွားပါတယ်။

မတည်ငြိမ်တဲ့အချိန်တွေမှာ လုံခြုံစိတ်ချရတဲ့ ပိုင်ဆိုင်မှုတစ်ခုအဖြစ်သဘောထားကြတဲ့ ရွှေစျေးနှုန်းကလည်း ၀.၅% ကျသွားပြီး တစ်အောင်စ ဒေါ်လာ ၁၈၆၀ စျေး မှာရှိနေပါတယ်။