မာသာထရီဆာရဲ့ပရဟိတအဖွဲ့ ကို နိုင်ငံခြားကရန်ပုံငွေရယူမှု အိန္ဒိယအစိုးရ ပိတ်ပင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မာသာထရီဆာတည်ထောင်ခဲ့တဲ့ ပရဟိတအဖွဲ့ကို နိုင်ငံခြားက ရန်ပုံငွေရယူနိုင်ခွင့်ပြုထားတဲ့ လိုင်စင်ကို အိန္ဒိယအစိုးရက သက်တမ်း မတိုးပေးတော့ပါဘူး။
The Missionary of Charity လို့ ခေါ်တဲ့အဖွဲ့မှာ သီလရှင်သောင်းချီရှိပြီး စွန့်ပစ်ခံကလေးငယ်တွေ စောင့်ရှောက်ရေးဂေဟာတွေ ထူထောင်တာ၊ ကျောင်းတွေ၊ ဆေးခန်းတွေနဲ့ ကုသရေးဆောင်တွေဖွင့်လှစ်ပေးတဲ့ လုပ်ငန်းတွေ လုပ်ပေးနေပါတယ်။
ခရစ္စမတ်နေ့မှာတော့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ပရဟိတအဖွဲ့ရဲ့ နိုင်ငံခြားရန်ပုံငွေရရှိခွင့် မှတ်ပုံတင်ကို သက်တမ်းမတိုးပေးတော့ဘူးလို့ ကြေညာပါတယ်။ အကြောင်းပြချက်ကတော့ "ဆိုးတဲ့အကျိုးဆက်တွေရှိနေတဲ့ ရရှိမှု" တွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
သဘောထားတင်းမာတဲ့ ဟိန္ဒူအဖွဲ့တွေက မာသာထရီဆာရဲ့ ကက်သလစ်မစ်ရှင်အဖွဲ့ဟာ သူတို့လုပ်ငန်းတွေကို အကြောင်းပြပြီး လူတွေကို ခရစ်ယာန်ဘာသာထဲ သိမ်းသွင်းနေတယ်လို့ စွပ်စွဲနေတာ ကြာပါပြီ။
ပရဟိတအဖွဲ့ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုပါတယ်။
တနင်္လာနေ့မှာတော့ အဖွဲ့က ထုတ်ပြန်ချက်တစ်ခုထုတ်ပြီး သူတို့ရဲ့ သက်တမ်းတိုးဖို့ လျှောက်လွှာကို ငြင်းပယ်ခံရတယ်ဆိုတာကို အတည်ပြုပါတယ်။ အခု "အခြေအနေကို မဖြေရှင်းနိုင်သေးခင်မှာ" သူတို့ရဲ့ နိုင်ငံခြားက ထောက်ပံ့ပေးနေတဲ့ ငွေစာရင်းအကောင့်တွေကို အသုံးပြုမှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။
အစောပိုင်းတုန်းကတော့ အနောက်ဘင်္ဂလားပြည်နယ်ဝန်ကြီးချုပ် မာမာတာ ဘနာဂျီက အစိုးရဟာ ပရဟိတအဖွဲ့ရဲ့ ဘဏ်စာရင်းတွေကို ပိတ်ထားတယ်လို့ဆိုပြီး တွစ်တာမှာ ရေးတင်ခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ အစိုးရကရော ပရဟိတအဖွဲ့ကပါ ဘဏ်စာရင်းတွေ ပိတ်ခံထားရတယ်ဆိုတာ မဟုတ်ပါဘူးလို့ ရှင်းခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုလ်ကတ္တားအခြေစိုက် ပရဟိတအဖွဲ့ကို ၁၉၅၀ ခုနှစ်မှာ မာသာထရီဆာက တည်ထောင်ခဲ့တာပါ။ ရိုမန်ကက်သလစ်သီလရှင်ကြီး မာသာထရီဆာဟာ သူ့ဇာတိ မက်ဆီဒိုးနီးယားကနေ အိန္ဒိယကို ရွှေ့လာပြီး အဲဒီမှာ အခြေစိုက်နေထိုင်သွားခဲ့ပါတယ်။
မာသာထရီဆာရဲ့ ပရဟိတအဖွဲ့က ကမ္ဘာမှာ အထင်ရှားဆုံး ကက်သလစ်ပရဟိတအဖွဲ့တစ်ခု ဖြစ်ပါတယ်။ မာသာထရီဆာဟာ သူ့ရဲ့ လူသားချင်းစာနာထောက်ကူတဲ့ လုပ်ရပ်တွေကြောင့် ၁၉၇၉ မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပြီး သူကွယ်လွန်ပြီးလို့ ၁၉ နှစ်အကြာ ၂၀၁၆ ခုနှစ်မှာတော့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က သူ့ကို သူတော်စင်တစ်ပါးအဖြစ် သတ်မှတ်ကြေညာပေးခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့အစိုးရက နိုင်ငံထဲမှာ အခြေစိုက်တဲ့ ပရဟိတအဖွဲ့တွေ၊ အစိုးရနဲ့မသက်ဆိုင်တဲ့ အဲန်ဂျီအိုအဖွဲ့တွေ ရနေတဲ့ နိုင်ငံခြားထောက်ပံ့ငွေတွေကို ကန့်သတ်ဖို့ ကြိုးစားနေခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း အဲဒီလိုကန့်သတ်မှုတွေကနေ Greenpeace သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုံ့ဆော်လှုပ်ရှားမှုအဖွဲ့နဲ့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တွေရဲ့ ဘဏ်စာရင်းတွေ ပိတ်ခံရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
လူနည်းစု ဘာသာ၀င်တွေ ပစ်မှတ်ထားခံရ
တစ်ခါ အိန္ဒိယမှာ လူနည်းစုဘာသာဝင်တွေ တိုက်ခိုက်ခံရမှုတွေလည်း အတော်များများဖြစ်ခဲ့တာ တွေ့ရပါတယ်။ Evangelical Fellowship of India ရဲ့ စာရင်းတွေအရ တိုက်ခိုက်မှုအများဆုံးဟာ နိုင်ငံတောင်ပိုင်းက ကာနာတာကားပြည်နယ်မှာ ဖြစ်ခဲ့ပြီး ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု အကြိမ် ၄၀ နီးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီနှစ်ထဲမှာပဲ ဟိန္ဒူအစွန်းရောက်အဖွဲ့တွေက ခရစ္စမတ်ပွဲတော် ကျင်းပတာကို နိုင်ငံရဲ့ နေရာတချို့မှာ နှောင့်ယှက်ဟန့်တားတာတွေ လုပ်ခဲ့ကြပြီး ပြင်ပမှာ ဘာသာရေးအရစုဝေးပွဲတွေကို ကန့်ကွက်တာတွေ လုပ်ခဲ့ပါတယ်။ အိန္ဒိယမြောက်ပိုင်းမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ခု မှာလည်း ဟိန္ဒူအမျိုးသားရေး ကြွေးကြော်သံတွေ ဆေးနဲ့ မှုတ်ပြီး ရေးသွားတာမျိုး ရှိခဲ့ပါတယ်။
အိန္ဒိယရဲ့ လူများစုက ဟိန္ဒူဘာသာဝင်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ခရစ်ယာန်ဘာသာဝင်လည်း ၂၄ သန်းလောက်ရှိပါတယ်။ လူဦးရေရဲ့ ၂ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဒါဟာ ဖိလစ်ပိုင်ပြီးရင် အာရှမှာ ကက်သလစ်ဘာသာဝင်အများဆုံးရှိတဲ့ နိုင်ငံပါ။
ဟိန္ဒူတွေကို ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာထဲ သွင်းဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေကလည်း ဒါကို တားဆီးဖို့ကြိုးစားတာတွေ ရှိပါတယ်။ အာဏာရ ဘီဂျေပီပါတီအစိုးရဖွဲ့ထားတဲ့ ပြည်နယ်တွေမှာ လက်ထပ်ထိမ်းမြားပြီး ဘာသာကူးပြောင်းမှုကို တားမြစ်တဲ့ ဥပဒေတွေပြဋ္ဌာန်းထားပြီး တချို့ကလည်း ပြဋ္ဌာန်းဖို့ စီစဉ်နေတာမျိုးတွေ လုပ်နေကြပါတယ်။








