နော်ဝေ လေးနဲ့မြားတိုက်ခိုက်မှု အကြမ်းဖက်မှုနဲ့ဆက်စပ်နိုင်တယ်လို့ အာဏာပိုင်တွေပြော

တိုက်ခိုက်မှုအပြီး တွေ့ရသော နံရံတခုပေါ်တွင် စိုက်နေသည့် မြားတစင်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တိုက်ခိုက်မှုအပြီး တွေ့ရသော နံရံတခုပေါ်တွင် စိုက်နေသည့် မြားတစင်း
ရေးသားခဲ့သည်။

နော်ဝေမှာ လေးနဲ့ မြားကို သုံးပြီး တိုက်ခိုက်ခဲ့သူဟာ မကြာသေးခင်ကမှ အစ္စလာမ် ဘာသာဝင်အဖြစ် ကူးပြောင်းခဲ့သူ ဖြစ်ပြီး သူ့ကို အစွန်းရောက်သွားအောင် သိမ်းသွင်းခံလိုက်ရတယ်လို့ ယူဆကြောင်း ရဲက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်မှု ဖြစ်ပုံရတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမဲ့ ဘာကြောင့် တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

၃၇ နှစ် ရှိပြီ ဖြစ်တဲ့ ဒိန်းမတ် နိုင်ငံသားတယောက်ကို နော်ဝေး တောင်ပိုင်းက ကွန်းစ်ဘဲ့ဂ် မြို့မှာ ဗုဒ္ဓဟူးနေ့ ညက အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား တယောက်တို့ကို သတ်ဖြတ်မှုနဲ့ စွပ်စွဲထားပါတယ်။ သူ့ကို ဖမ်းဆီးပြီး အဲဒီညပိုင်းမှာပဲ နာရီအနည်းငယ်ကြာ စစ်ဆေး မေးမြန်းခဲ့ကြပါတယ်။

ဒေသရဲတပ်ဖွဲ့ အကြီးအကဲ အိုလေ ဘရဲဒရက် ဆီးဗရတ် ကတော့ အဲဒီလူကို ပြီးခဲ့တဲ့ ၂၀၂၀ ကတည်းက သူတို့ ရဲအရာရှိတွေ စောင့်ကြည့်နေခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ သေဆုံးခဲ့ရသူတွေဟာ အသက် ၅၀ နဲ့ ၇၀ ကြားတွေ ဖြစ်ကြတယ်လို့ ရဲ တပ်ဖွဲ့ အကြီးအကဲက သတင်းထောက်တွေကို ကြာသပတေးနေ့ မနက်မှာ ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ၆ နာရီ ၁၂ မိနစ်မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၆ မိနစ်အကြာမှာပဲ ရဲက အဲဒီလူကို ရင်ဆိုင်ဖို့ ကြိုးစားခဲ့ပေမယ့် သူက ရဲတွေကို မြားတွေနဲ့ ပစ်ခဲ့တာကြောင့် သတိပေးတဲ့ အနေနဲ့ သေနတ်နဲ့ ပစ်ခဲ့ရပါတယ်။ အဲဒီနောက် ဒီလူ လွတ်သွားပြီး တိုက်ခိုက်မှု စတင်အပြီး ၃၅ မိနစ် အကြာ ၁၈ နာရီ ၄၇ မိနစ်မှသာ သူ့ကို ဖမ်းမိနိုင်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့အကြီးအကဲကတော့ ရဲဘက်က ပထမအကြိမ် ရင်ဆိုင်ဖို့ ကြိုးစားခဲ့စဥ်မှာပဲ တိုက်ခိုက်ခံခဲ့ရသူ ၅ ယောက်စလုံး သေဆုံးခဲ့ပြီး ဖြစ်ဖို့ များကြောင်းပြောပါတယ်။

တာဝန်ပြီးဆုံးတော့မှာ ဖြစ်တဲ့ နော်ဝေ ဝန်ကြီးချုပ် အဲနာ ဆိုးလ်ဘက်က ဒီတိုက်ခိုက်မှုဟာ အင်မတန် ထိတ်လန့်စရာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်ခဲ့သူဟာ ကွန်းစ်ဘဲ့ဂ် မြို့ရဲ့ အနောက်ပိုင်းက Coop Extra စူပါမားကက် အတွင်းမှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က တာဝန်ချိန်ပြီးဆုံးပြီး ဆိုင်ထဲ ရောက်နေတဲ့ ရဲအရာရှိတယောက်လည်း ဒဏ်ရာရသွားခဲ့ပါတယ်။

အဲဒီ ရဲအရာရှိနဲ့ တခြားဒဏ်ရာရခဲ့သူ တယောက်ကိုတော့ ဆေးရုံမှာ ကုသမှု ပေးနေပြီး အသက်အန္တရာယ်မရှိဘူးလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ၂၀၁၁ ဇူလိုင်လက အျူထွေယ ကျွန်းပေါ်မှာ ဖြစ်ခဲ့တဲ့ လက်ယာအစွန်းရောက် သမား အန်ဒါးစ် ဘဲရင်း ဘရဲရီဗစ်ရဲ့ လူ ၇၇ ယောက်သေဆုံးရတဲ့ တိုက်ခိုက်မှု ပြီးရင် အသေအပျောက် အများဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

လုံးဝ မယုံနိုင်စရာ

ကွန်းစ်ဘဲ့ဂ် မြို့တော်ဝန် ကာရီအန်းဆန်း ကတော့ လူတွေအများကြီး နေတဲ့ အရပ်မှာ ဒီလို တိုက်ခိုက်မှု ဖြစ်ခဲ့တာအင်မတန် ထိတ်လန့်တုန်လှုပ်စရာဖြစ်တယ်လို့ ဆိုပါတယ်။ နောက် အရေးပေါ် ကူညီရေး အဖွဲ့ကလည်း ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာခဲ့သူတွေကို ကူညီပေးနေကြောင်း ပြောပါတယ်။

ဒီမြို့ဟာ သူလို ကိုယ်လို သာမန်လူတွေရဲ့ လူမှုအသိုက်အမြုံ ပဲ ရှိတာလို့ သူက ပြောပါတယ်။ အခု ဖြစ်ခဲ့တဲ့ အင်မတန် စိတ်မကောင်းစရာ ကောင်းတဲ့ တိုက်ခိုက်မှုကြောင့် မြို့နေ လူထုမှာ တော်တော် တုန်လှုပ်သွားခဲ့ရကြောင်း သူက ဆိုပါတယ်။

တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တယ်လို့ သံသယရှိသူကို ဒရာ့မန် မြို့က ရဲစခန်းမှာ ထိန်းသိမ်းထားပြီ ဖြစ်ပြီး သူ့ကို ၃ နာရီကျော် စစ်ဆေး မေးမြန်းခဲ့ကြတဲ့ အကြောင်းနဲ့ သူကလည်း အာဏာပိုင်တွေ အပေါ် ကောင်းမွန်စွာ တုံ့ပြန်ခဲ့တယ်လို့ သူ့ရဲ့ ရှေ့နေ ဖရက်ဒရစ်နယူးမန်းက ပြောပါတယ်။

အဲဒီတိုက်ခိုက်ခဲ့သူဟာ ဒိန်းမတ်လူမျိုး မိခင်နဲ့ နော်ဝေလူမျိုး ဖခင်တို့က မွေးဖွားလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှူး အန်း အီရင် ဆဗိန်း မက်သီယက်ဆန်က ဒီလူဟာ ကွန်းစ်ဘဲ့ဂ် မှာ နေထိုင်လာတာ နှစ်အနည်းငယ်ရှိနေပြီလို့ TV2 သတင်းဌာနကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဝန်ကြီးချုပ် အဲနာ ဆိုးလ်ဘက်ရဲ့ ကွန်ဆာဗေးတစ် အစိုးရ သက်တမ်း နောက်ဆုံးနေ့မှာ ဖြစ်ခဲ့တာဖြစ်ပြီး လာမယ့် ကြာသပတေးနေ့မှာ လေဘာ ခေါင်းဆောင် ယွန်းနက်စ် ဂါး စတူးရ ဦးဆောင်တဲ့ ဗဟို လက်ဝဲယိမ်း ညွန့်ပေါင်းအစိုးရတက်လာတဲ့ အခါ တရားရေး ဝန်ကြီးအသစ် ဖြစ်လာမယ့်သူက အမှုကို လွှဲပြောင်းယူမှာ ဖြစ်ပါတယ်။

ယွန်းနက်စ် ဂါး စတူးရ က သူ့ရဲ့ အစိုးရသစ်ကို မကြေညာခင် နာရီပိုင်း အလိုမှာပဲ အခုတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

နော်ဝေရဲတပ်ဖွဲ့ဝင်တွေဟာ ပုံမှန်အားဖြင့် လက်နက်ကိုင်ဆောင်ထားတာမျိုး မရှိပါဘူး။ ဒါကြောင့်လည်း အခု တိုက်ခိုက်မှု ဖြစ်ပြီးနောက်မှာပဲ တနိုင်ငံလုံးက ရဲတွေအကုန် ကြိုတင်ကာကွယ်မှုအတွက် လက်နက် ကိုင်ဆောင်ကြဖို့ ရဲဌာနချုပ်ဆီက အမိန့်ထုတ်ပြန် ညွှန်ကြားလိုက်ပြီ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ကြေညာချက်ထဲမှာတော့ လောလောဆယ်မှာ အမျိုးသားအဆင့် အန္တရာယ်အနေနဲ့ ပြောင်းလဲ သတ်မှတ်လောက်တဲ့ အထောက်အထားမျိုး မတွေ့ရသေးဘူးလို့ ဖော်ပြထားပါတယ်။

Map