နော်ဝေ သတ်ဖြတ်မှုကို ကော်မရှင်ဖွဲ့ စုံစမ်း စစ်ဆေးမယ်

နော်ဝေ ဝန်ကြီးချုပ် Jens Stoltenberg

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နော်ဝေ ဝန်ကြီးချုပ် Jens Stoltenberg
ရေးသားခဲ့သည်။

နော်ဝေနိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့ တုန်းက ဗုံးခွဲ တိုက်ခိုက်မှုနဲ့ သေနတ် ပစ်ခတ်မှုကို လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေး သွားမယ်လို့ ဝန်ကြီးချုပ် Jens Stoltenberg က ကြေညာ လိုက်ပါတယ်။

လူရဝ ကျော် အသတ်ခံရမှုနဲ့ တုန့်ပြန် အရေးယူမှု အရမ်း နှေးလွန်းတယ်လို့ စွပ်စွဲခံ နေရတဲ့ ရဲ တပ်ဖွဲ့ရဲ့ လုပ်ဆောင်မှု အနေအထား တွေကို ကော်မရှင်က စုံစမ်း စစ်ဆေး သွားမှာ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာ နှစ်ခုစလုံးမှာ လုံခြုံရေး တာဝန်ယူဖို့ ရဲဝန်ထမ်းသစ် ၁ဝဝ ထပ်ခန့်မယ် လို့လည်း သိရပါတယ်။

သေဆုံးသူတွေ အတွက် နိုင်ငံလုံး ဆိုင်ရာ အောက်မေ့ဖွယ် အခမ်းအနား တရပ် ကျင်းပမယ် ၊ ထိခိုက် နစ်နာကြေး တွေလည်း ပေးအပ် သွားမယ်လို့ ဆိုပါတယ်။

အာဏာရ လေဘာပါတီကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ အကြောင်း လက်ယာယိမ်း အစွန်းရောက် ဝါဒီသမား Anders Behring Breivik က ဝန်ခံ ပြောကြားခဲ့ ပါတယ်။