အာဖဂန်နစ္စတန် - တာလီဘန်တွေကသိမ်းလာတာ ပြည်နယ်မြို့တော် ၁၀မြို့ရှိပြီ

တာလီဘန်တွေလက်က လွတ်အောင်ပြေးခဲ့ရပြီးတဲ့နောက် ထောင်နဲ့ချီတဲ့လူတွေ မြို့တော် ကဘူးရ်မှာ ယာယီတဲတွေထိုးပြီး ခိုလှုံနေရ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တာလီဘန်တွေလက်က လွတ်အောင်ပြေးခဲ့ရပြီးတဲ့နောက် ထောင်နဲ့ချီတဲ့လူတွေ မြို့တော် ကဘူးရ်မှာ ယာယီတဲတွေထိုးပြီး ခိုလှုံနေရ
ရေးသားခဲ့သည်။

ဗျူဟာအရအရေးကြီးတဲ့ မြို့ဖြစ်တဲ့ ဂါဇနီမြို့ကို တာလီဘန်တွေ သိမ်းသွားတဲ့နောက် သီတင်းပတ် တပတ်တာကာလအတွင်းမှာပဲ ပြည်နယ်မြို့တော် ၁၀ မြို့မြောက် သူတို့ လက်ထဲကျဆင်းသွားပါပြီ။

ဂါဇနီမြို့အုပ်ချုပ်ရေးမှူးနဲ့ ဒုတိယအုပ်ချုပ်ရေးမှူးတို့ မြို့ကနေထွက်ပြေးလာခဲ့တဲ့ နောက်ပိုင်း သူတို့ကို အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးထားပါတယ်။

နိုင်ငံတောင်ပိုင်းက တာလီဘန်ဌာနချုပ်နေရာနဲ့ မြို့တော်ကဘူးလ်ကို ဆက်သွယ် ထားတဲ့ ကဘူးလ် - ကန်ဒဟာသွား အဝေးပြေးလမ်းမပေါ်မှာ ဂါဇနီမြို့က တည်ရှိတာပါ။

ဂါဇနီကို သိမ်းလိုက်တာကိုကြည့်ပြီး တာလီဘန်တွေဟာ တဖြည်းဖြည်းနဲ့ ကဘူးလ်ကို သိမ်းဖို့ ရည်ရွယ်နေပြီလို့ မှတ်ယူနေကြပါတယ်။

နိုင်ငံအတွင်း ပြည်နယ်မြို့တော်ပေါင်း ၃၄ မြို့ ရှိရာမှာ အခုဆိုရင် ၃ ပုံ ၁ ပုံလောက်ကို တာလီဘန်တွေက ထိန်းချုပ်ထားပါပြီ။

အမေရိကန်နဲ့ တခြားနိုင်ငံခြားတပ်ဖွဲ့တွေ နှစ်ပေါင်း ၂၀ ကြာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ပြီး ဆုတ်ခွာသွားတဲ့အချိန်မှာပဲ သူပုန်တွေဟာ နေ့စဉ်နဲ့အမျှ နယ်မြေသစ်တွေကို အရှိန်ကောင်းကောင်းနဲ့ သိမ်းနေပါတယ်။

ဂါဇနီမှာ တာလီဘန်တွေက မြို့ရဲ့နေရာအများစုကို သိမ်းထားပြီး မြို့ပြင်ဆင်ခြေဖုံးက ရဲဌာနတခုမှာပဲ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေ ထိန်းထားနိုင်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တယောက်က ဘီဘီစီကို ပြောပါတယ်။

ကန်ဒဟာမြို့တွင်းမှာ ဗုဒ္ဓဟူးနေ့က တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။ တာလီဘန်တွေက သူတို့ မြို့ထဲက အကျဉ်းထောင်ကို သိမ်းထားပြီလို့ ဆိုပေမယ့် သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။

တောင်ပိုင်းက ဟဲလ်မန်းပြည်နယ် မြို့တော် လက်ရှ်ကာဂါမှာတော့ တာလီဘန်တွေက ရဲစခန်းတွေကို သိမ်းထားပြီးပါပြီ။

ပြီးခဲ့တဲ့လအတွင်း အာဖဂန်နစ္စတန်မှာ အရပ်သားပြည်သူ ၁၀၀၀ ကျော်အသတ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းက ပြည်နယ်တွေမှာ လူထောင်ပေါင်းများစွာ အိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ရပြီး ကဘူးလ်မြို့တော်ကို သွားကာ ခိုလှုံနေကြရပါတယ်။

မြို့တော် ဆင်ခြေဖုံးအရပ်တွေမှာ ယာယီတဲတွေထိုးပြီး လူတွေနေနေကြရသလို လမ်းတွေပေါ်မှာ နေကြရပါတယ်။ စွန့်ပစ်ထားတဲ့ ဂိုဒေါင်ဟောင်းနေရာတွေမှာလည်း လူတွေ ခိုလှုံနေကြရပါတယ်။

တာလီဘန်တွေက သူ့အိမ်ကို မီးရှို့လိုက်တဲ့အတွက် ခွန်ဒုဇ်ပြည်နယ်ကနေ ပြေးလာရတဲ့ အသက် ၃၅ နှစ်အရွယ် လမ်းဘေးစျေးသည်တယောက်က "ပေါင်မုန့်ဝယ်ဖို့ ဖြစ်ဖြစ်၊ ကျွန်တော့ ကလေးအတွက် ဆေးဝယ်ဖို့ ဖြစ်ဖြစ် ကျွန်တော်တို့မှာ ဘာပိုက်ဆံမှမရှိဘူး"လို့ ဘီဘီစီကို ပြောပါတယ်။

မြေပုံ

သူပုန်ထတာကို တုံ့ပြန်တဲ့အနေနဲ့ တာလီဘန်တွေသာ နိုင်ငံကို လုံးဝဥဿုံ ထိန်းချုပ် သွားမယ်ဆိုရင် ဂျာမနီက အာဖဂန်နစ္စတန်ကို သူတို့နှစ်စဉ် ပုံမှန်ပေးနေတဲ့ ဒေါ်လာ သန်း ၅၀၀ အကူအညီပေးနေတာကို ရပ်ဆိုင်းပစ်မယ်လို့ ဆိုပါတယ်။

သူတို့နိုင်ငံကို အာဖဂန်နစ္စတန်ကနေရောက်လာကာ ခိုလှုံခွင့်တောင်းထားပြီး ဆန်းစစ်မှုမအောင်မြင်တဲ့ လျှောက်လွှာရှင်တွေကို အာဖဂန်နစ္စတန်နိုင်ငံကို ပြန်ပို့ဖို့ ဆိုင်းငံ့ထားမယ်လို့လည်း ဂျာမနီက ပြောပါတယ်။ ပြင်သစ်လည်း အဲဒီ သဘောထားရှိတယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က အာဖဂန်အစိုးရဟာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါလီ မိုဟာမက် အာမက်ဒါဇာအီရဲ့ နေရာမှာ နောက်တယောက်နဲ့ အစားထိုးလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီး အာမက်ဒါဇာအီဟာ ဒီတာဝန်ကို ဇွန်လကမှ ရထားတာပါ။

အဲဒီနေ့မှာပဲ သမ္မတ အာရှရက်ဖ် ဂါနီဟာ နိုင်ငံမြောက်ပိုင်းက တာလီဘန် ဆန့်ကျင်ရေးမြို့အဖြစ် နာမည်ကျော်တဲ့ မာဇာရီ ရှာရစ်မြို့ကို လေယာဉ်နဲ့ သွားခဲ့ပါတယ်၊ အဲဒီက အစိုးရထောက်ခံသူတွေကို သွားပြီး မဟာမိတ်ဖွဲ့တာပါ။

မာဇာရီ ရှာရစ်ဟာ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်စတဲ့နိုင်ငံတွေနဲ့ နယ်စပ်ချင်း ကပ်လျက်ရှိနေပြီး တကယ်လို့သာ အဲဒီမြို့ တာလီဘန်လက်ထဲ ကျသွားရင် နိုင်ငံမြောက်ပိုင်းမှာ အစိုးရထိန်းချုပ်နိုင်မှု လုံးဝ ပြိုလဲသွားမှာ ဖြစ်ပါတယ်။

ဥဇဘက်လူမျိုး ဒေသတွင်း စစ်ခေါင်းဆောင် အဘဒ္ဒူရာရှစ် ဒေါ့စ်တန်၊ ထင်ရှားတဲ့ တာဂျစ်လူမျိုးစု ခေါင်းဆောင် အက်တာ မိုဟာမက်နို တို့ကို သမ္မတ ဂါနီက မာဇာရီ ရှာရစ်မှာ တွေ့ဆုံပြီး မြို့ကိုဘယ်လို ကာကွယ်ကြမလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

ဝါရင့် စစ်ခေါင်းဆောင် ဒေါ့စ်တန်က"တာလီဘန်တွေ မြောက်ပိုင်းကို အကြိမ်ကြိမ် လာခဲ့ ဖူးပါတယ်၊ လာတိုင်း လာတိုင်း ထောင်ချောက်ထဲဝင်သွားရတာပါပဲ"လို့ ဆိုပါတယ်။

သမ္မတ ဂါနီဟာ အာဖဂန်အမျိုးသား စစ်တပ်ကို အားဖြည့်လိုစိတ်နဲ့ ဒေသခံ လူမျိုးစု စစ်ခေါင်းဆောင်တွေကို နှစ်ပေါင်းများစွာ ချောင်ထိုးထားခဲ့တာပါ။ အခုတော့ သူအကူအညီ အသည်းအသန်လိုလာတဲ့အချိန်ဖြစ်လို့ အဲဒီသူတွေနဲ့ ပြန်ပေါင်းနေပြီလို့ ဘီဘီစီ ရဲ့ ဒေသတွင်း သတင်းထောက် အသီရာဂျန် အန်ဘာရာဆန်က ပြောပါတယ်။ ဒီသီတင်းပတ် အစောပိုင်းကလည်း သမ္မတဟာ အစိုးရလိုလားတဲ့ အရပ်သား လက်နက်ကိုင်အဖွဲ့တွေကို လက်နက်တပ်ဆင်ပေးဖို့ သဘောတူခဲ့ပါတယ်။