အာဖဂန် မြောက်ပိုင်းက ပြည်နယ်မြို့တော်ကို တာလီဘန်တို့ သိမ်းပိုက်

အာဖဂန် အစိုးရတပ်တွေဟာခွန့်ဒုဇ်ပြည်နယ်မှာ အကြီးအကျယ် ထိုးစစ်ဆင်တာခံရပြီး ပြည်နယ်မြို့တော်ကို တာလီလန်တို့သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အာဖဂန် အစိုးရတပ်တွေဟာခွန့်ဒုဇ်ပြည်နယ်မှာ အကြီးအကျယ် ထိုးစစ်ဆင်တာခံရပြီး ပြည်နယ်မြို့တော်ကို တာလီလန်တို့သိမ်းပိုက်
ရေးသားခဲ့သည်။

အစိုးရတပ်ဖွဲ့တွေနဲ့ အပြင်းအထန်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းကမြို့တော် ဖြစ်သလို အာဖဂန်နစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့တွေက တစ်ခုပါဝင်တဲ့ ခွန်ဒုဇ်မြို့ကို တာလီဘန်တို့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ခွန်ဒုဇ်မြို့ရဲ့ လေဆိပ်ဟာ တာလီဘန်စစ်သွေးကြွတွေ လက်ထဲကို ရောက်သွားခဲ့ပြီး တာလီဘန်အဖွဲ့ရဲ့အလံကို မြို့လယ်မှာ လွှင့်ထူထားတာကို တွေ့ရတယ်လို့ ဒေသခံအရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဆောက်အအုံတွေနဲ့ စျေးဆိုင်တွေ မီးတွေလောင်နေကြပြီး အခြေအနေတွေဟာ ရှုပ်ထွေးပြီး ပရမ်းပတာဖြစ်နေတယ်လို့လည်း သတင်းတွေကဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ ကတည်းက ဒေသအလိုက် မြို့တော် ၄ ခုဟာ တာလီဘန်တွေ လက်ထဲကျသွားခဲ့ပြီး အခု ခွန်ဒုဇ်မြို့ကို သိမ်းပိုက်နိုင်တာဟာ အခုနှစ်ထဲမှာ တာလီဘန်တွေအတွက် အရေးပါတဲ့အနိုင်ရရှိမှု တစ်ခုဖြစ်ပါတယ်။

အာဖဂန်အရာရှိတွေကတော့ အစိုးရတပ်ဖွဲ့တွေဟာ တာလီဘန်လက်ထဲရောက်သွားတဲ့ မြို့တွေမှာ ဆက်လက်ရှိနေသေးကြောင်းနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း အခိုင်အမာပြောပါတယ်။

အမေရိကန်နဲ့ နိုင်ငံတကာတပ်တွေဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ နှစ်၂၀ ကြာစစ်ဆင်ရေးတွေအပြီး အခုနှစ်ထဲ ပြန်လည်ဆုတ်ခွာခဲ့အပြီးမှာ နိုင်ငံတစ်ဝန်း တိုက်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေ ပြန်လည် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

တာလီဘန်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက နိုင်ပွဲတွေ သိသိသာသာရလာခဲ့တာဖြစ်ပြီးတော့ နိုင်ငံရဲ့ ကျေးလက်ဒေသတောပိုင်းက မြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပြီး အခုအခါမှာတော့ သူတို့ဟာနိုင်ငံရဲ့မြို့ကြီးတွေနဲ့ အဓိက မြို့တွေကို ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းက အဓိကမြို့ကြီးတွေနဲ့ တောင်ပိုင်းက ကန်ဒါဟာနဲ့ လက်ရှ်ကာဂါ မြို့တွေမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေခဲ့ပါတယ်။

no tag

အခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အာဖဂန်နစ္စတန်နိုင်ငံက ထောင်ပေါင်းများစွာသော အရပ်သားတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

အာဖဂန်က အရှေ့မြောက်ပိုင်းမြို့တော် အဲဆာဒါဗတ်မြို့က စာသင်ကျောင်းတွေမှာ ကလေးငယ်တွေနဲ့ အရွယ်မရောက်သေးသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ခိုလှုံနေကြရပါတယ်။

"ကျွန်တော် တို့ရွာကို ဗုံးတွေအများကြီးကျတယ်။တာလီဘန်တွေ ရွာကိုဝင်လာပြီး အကုန်ဖျက်ဆီးပစ်တယ်၊ ကျွန်တော် တို့ကို ကယ်မဲ့ ကူမဲ့သူ မရှိလို့ အိမ်တွေကိုထားပြီး ရွာကနေထွက်လာခဲ့ရတာ အခုကလေးတွေရော မိသားစုဝင်တွေပါ မြေကြီးပေါ်မှာ အိပ်နေရတယ်"လို့ စစ်ဘေးရှောင်ဒုက္ခသည်တစ်ဦးက အေဖက်ပီကို ပြောပါတယ်။

"ရွာမှာ တိုက်ပွဲတွေဖြစ်နေတုန်း ကျွန်တော်ရဲ့ ခုနှစ်နှစ်အရွယ်သမီးလေး အပြင်ကို ရောက်နေပြီးပျောက်သွားတယ်၊သူ အသက်ရှင်နေသေးလား သေသွားပြီလားဆိုတာ အခုထိမသိရသေးဘူး"လို့လည်း အခြားစစ်ဘေးရှောင်တစ်ဦက‌ ပြောပါတယ်။

ပါကစ္စတန်နယ်စပ်အနီး အဲဆာဒါဗတ်မြို့က ကျောင်းတစ်ခုမှာ စစ်ဘေးရှောင်ကလေးငယ်များခိုလှုံနေကြ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပါကစ္စတန်နယ်စပ်အနီး အဲဆာဒါဗတ်မြို့က ကျောင်းတစ်ခုမှာ စစ်ဘေးရှောင်ကလေးငယ်များခိုလှုံနေကြ

အမေရိကန်တို့ကလည်း တာလီဘန်တပ်တွေရှိတဲ့နေရာကို လေကြောင်းက အပြင်းအထန်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။အာဖဂန် အစိုးရအရာရှိတွေကတော့ တာလီဘန်စစ်သွေးကြွတွေဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ပြောပါတယ်။ တာလီဘန်တို့ဘက်ကတော့ လေကြောင်းက တိုက်ခိုက်မှုတွေဟာ လက်ရှ်ကာဂါ မြို့မှာရှိတဲ့ ဆေးရုံ နှစ်ရုံနဲ့ စာသင်ကျောင်းတစ်ခုကို ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။

အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်သံရုံးက တာလီဘန်တွေရဲ့" အာဖဂန်မြို့တွေကို အကြမ်းဖက်တဲ့ ထိုးစစ်သစ်" ကိုရှုတ်ချခဲ့ပြီး သူတို့အဖွဲ့ရဲ့ အုပ်ချုပ်မှုကို အတင်းအဓမ္မပြဌာန်းတာကို လက်မခံနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလက စတင်ခဲ့တဲ့ တာလီဘန်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေမှာ အခု ခွန်ဒုဇ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တာဟာ တာလီဘန်တွေအတွက် အရေးပါတဲ့ တိုးတက်မှုတစ်ခုဖြစ်ပါတယ်။

ခွန်ဒုဇ်မြို့ဟာ နိုင်ငံ မြောက်ပိုင်းပြည်နယ်ရဲ့ အရေးပါတဲ့ ထွက်ပေါက်တစ်ခုဖြစ်ပါတယ်။ ခွန်ဒုဇ်ပြည်နယ်ဟာ အာဖဂန်မြို့တော် ကာဘူလ်း အပါအဝင် အခြားမြို့ကြီတွေနဲ့

အဝေးပြေးလမ်းတွေ ချိတ်ဆက်ထားပြီးတော့ မဟာဗျူဟာ အရ အရေးပါသလို တာဂျစ်ကစ္စတန်နဲ့လည်း နယ်နမိတ်ချင်း ထိစပ်နေပါတယ်။

၁၉၉၆ ခုနှစ်ကနေ အမေရိကန် ဝင်လာတဲ့ ၂၀၀၁ ခုနှစ်ကာလအတွင်း တာလီဘန်တို့ အာဖဂန်ကို အုပ်စိုးခဲ့ပြီး သူတို့ဟာ လူ့အခွင့်အရေးများစွာကို ချိုးဖောက်ခဲ့တယ်၊ တခြားယဉ်ကျေးမှု တွေကို ဖျက်ဆီး နှိပ်ကွပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အများ အပြားရှိခဲ့ပါတယ်။

အစ္စလာမ်မစ် ပြစ်ဒဏ်ပေးမှုတွေကို သူတို့က ထောက်ခံအားပေးခဲ့ပြီး ရုပ်မြင် သံကြားတွေ၊ ရုပ်ရှင်တွေ မကြည့်ရ၊ သီချင်းနဲ့ ဂီတကို နားမထောင်ရ စတဲ့ တားမြစ်ချက်တွေကို လုပ်ဆောင်ခဲ့သလို အသက် ၁၀ နှစ် ကျော်တဲ့ မိန်းကလေးတွေ ကျောင်းတက်တာကို ပိတ်ပင်ခဲ့ပါတယ်။