ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်ကို ငှက်ဖျားကင်းစင်နိုင်ငံလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြေညာ
တရုတ်ပြည်မှာ နှစ်ပေါင်း ၇၀ နီးပါး ငှက်ဖျား တိုက်ဖျက်ရေးတွေ လုပ်ခဲ့ကြအပြီးမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က တရုတ်မှာ ငှက်ဖျားကင်းစင်ပြီ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
တရုတ်မှာ ၁၉၄၀ ပြည့်နှစ်တွေ အတွင်းက ဆိုရင် တနှစ်ကို ငှက်ဖျားရောဂါ ဖြစ်ပွားသူပေါင်း သန်း ၄၀ လောက်အထိ ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးတွေ လုပ်နိုင်ခဲ့တာကြောင့် ကူးစက်ခံရသူ ဦးရေ ကျဆင်းလာခဲ့ပါတယ်။
တရုတ်မှာ ခြင်ကတဆင့် ငှက်ဖျားပိုး ကူးစက်နေတာတွေကို ရပ်တန့်နိုင်ဖို့ အတွက် နည်းလမ်းစုံ သုံးပြီး တိုက်ဖျက်ခဲ့ကြတာ ဖြစ်ပါတယ်။
တရုတ်မှာ ၄ နှစ်အတွင်း ငှက်ဖျား ရောဂါ ဖြစ်ပွားသူ တယောက်တလေမှာ မရှိခဲ့တာကြောင့် အခုလို ငှက်ဖျားကင်းစင်ကြောင်း WHO က ကြေညာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်မှာ ဒီလို အခြေအနေ ဖြစ်လာဖို့ ခက်ခက်ခဲခဲ ကြိုးပမ်း ခဲ့ရတာ ဖြစ်တယ်လို့ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် တတ်ရို့စ် အတ်ဟန်နွန် ဂေဘရယ်ရက်စုက ပြောပါတယ်။
ဆယ်စုနှစ်များစွာ ပစ်မှတ်ထားပြီး မဆုတ်မနစ် ကြိုစား တိုက်ဖျက်ခဲ့ရတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဘေကျင်းမြို့တော်မှာတော့ အာဏာရ ကွန်မြူနစ် ပါတီက အခု သီတင်းပတ်ထဲမှာပဲ နှစ် ၁၀၀ ပြည့် အခမ်းအနားတွေ ကျင်းပဖို့ စီစဥ်နေပြီး အခု ကြေညာချက်ဟာလည်း တရုတ် လူ့အခွင့်အရေး ဆောင်ရွက်မှုတွေရဲ့ ကြီးမားတဲ့ အောင်မြင်မှု တခုဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
တရုတ် ကွန်မြူနစ် ပါတီနဲ့ တရုတ်အစိုးရဟာ ပြည်သူလူထု ကျန်းမာရေး၊ လုံခြုံရေးနဲ့ ကြီးပွားရေးတို့အတွက် အမြဲတမ်း ရှေ့တန်းတင် ဆောင်ရွက်ခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့် ရသူ Wang Wenbin က ပြောပါတယ်။
ငှက်ဖျားရောဂါ ပပျောက်အောင် တိုက်ဖျက်နိုင်ခဲ့တာဟာလည်း ကမ္ဘာ့ လူသားတွေရဲ့ ကျန်းမာရေးနဲ့ ကမ္ဘာ့ လူ့အခွင့်အရေးအတွက် တရုတ်ရဲ့ ကြီးမားတဲ့ စွမ်းဆောင်မှု တခု ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ငှက်ဖျားရောဂါဟာ ခြင်ကိုက်ခံရတာကနေတဆင့် ကူးစက်တဲ့ အသက်အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့ ကပ်ပါးပိုးတမျိုးကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။
အဲဒီ ငှက်ဖျားရောဂါ ဖြစ်ပြီ ဆိုရင် ကိုယ်အပူချိန် တက်လာပြီး ခေါင်းကိုက်တာ၊ ချမ်းတာတွေ စတဲ့ ရောဂါလက္ခဏာတွေဖြစ်လာပါတယ်။ ကုသမှုမရခဲ့ရင် ချက်ချင်း အပူကြီးလာပြီး နောက်ဆုံး အသက်ဆုံးရှုံးရတဲ့ အထိပါ ဖြစ်သွားနိုင်ပါတယ်။
ငှက်ဖျားရောဂါဟာ ကြိုတင်ကာကွယ်နိုင်သလို သေချာ ကုသမှု ပေးမယ်ဆိုရင် ပျောက်ကင်းနိုင်ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းကဆိုရင် ကမ္ဘာ့တဝန်းမှာ ငှက်ဖျားရောဂါ ဖြစ်ပွားသူပေါင်း ၂၂၉ သန်းရှိပြီး လူ ၄၀၉,၀၀၀ သေဆုံးခဲ့ရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ပြောပါတယ်။ အဲဒီထဲက ၉၄ ရာခိုင်နှုန်းဟာ အာဖရိကမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
တရုတ်အစိုးရကတော့ ငှက်ဖျားရောဂါ ကာကွယ်ဆေးတွေ၊ ခြင်ပေါက်ဖွားရာ နေရာတွေကို ဆေးဖျန်းတာနဲ့ ပိုးသတ်ပေးထားတဲ့ ခြင်ထောင်တွေ ဖြန့်ဖြူးပေးတာတွေ လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတိုင်းဟာ သူတို့ တိုင်းပြည်အတွင်း ၄ နှစ်ဆက်တိုက် ငှက်ဖျားရောဂါ ဖြစ်ပွားသူ မရှိခဲ့ရင် ငှက်ဖျားကင်းစင်ကြောင်း WHO မှာ လျှောက်ထားနိုင်ပါတယ်။
အဲဒီလို လျှောက်ထားတဲ့ အခါမှာ အထောက်အထားတွေ ပြသရမှာ ဖြစ်သလို အနာဂတ်မှာ ကူးစက်မှုတွေ မဖြစ်စေဖို့ ကြိုတင်ကာကွယ်နိုင်စွမ်း ရှိပုံကိုပါ ပြသဖို့ လိုမှာ ဖြစ်ပါတယ်။
WHO ရဲ့ အဆိုအရ တရုတ်ဟာ ကမ္ဘာပေါ်မှာ ငှက်ဖျားကင်းစင်တဲ့ ၄၀ မြောက် နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ဒီလို ကြေညာနိုင်ခဲ့တဲ့ နိုင်ငံတွေထဲမှာ အာဂျင်တီးနား၊ အဲလ်ဂျီးရီးယားနဲ့ ဥစဘက် ကစ္စတန်တို့လည်း ပါဝင်ပါတယ်။
ဒီနှစ်အစောပိုင်းက အောက်စဖို့ဒ် တက္ကသိုလ်က ဖော်စပ်နိုင်ခဲ့တဲ့ ကာကွယ်ဆေးက ဆေးစွမ်း အားဖြင့် ၇၇ ရာခိုင်နှုန်း ထိရောက်မှု ရှိတာကို ဘူကီနာဖာဆိုမှာ စမ်းသပ်စဥ် တွေ့ရှိခဲ့ရပါတယ်။ ဒါဟာ ကာကွယ်ဆေးတွေထဲမှာ ဒီလောက် အောင်မြင်မှု ရခဲ့တဲ့ ပထမဆုံး ကာကွယ်ဆေးလည်း ဖြစ်ပါတယ်။
အခု ဒီဆေးစွမ်းနဲ့ ပတ်သက်လို့ ပိုမို ခိုင်မာတိကျတဲ့ ရလဒ်တွေ ရရှိဖို့ အတွက် အာဖရိက နိုင်ငံပေါင်း ၄ နိုင်ငံမှာ ပိုမို ကြီးမား ကျယ်ပြန့်တဲ့ စမ်းသပ်မှုတွေ လုပ်နေကြပြီ ဖြစ်ပါတယ်။တ်