အစ္စရေး နဲ့ ပါလက်စတိုင်း - အပစ်ရပ်ဖို့ သဘောတူ

အစ္စရေးဒုံးခွင်းဒုံးတွေက ဝင်လာတဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အစ္စရေးဒုံးခွင်းဒုံးတွေက ဝင်လာတဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနေ
ရေးသားခဲ့သည်။

ဂါဇာ ဘက်က လက်နက်ကိုင်အဖွဲ့တွေနဲ့ ပစ်ခတ်မှု ၁၁ ရက်မြောက် ရှိလာချိန်မှာတော့ အစ္စရေး အစိုးရအဖွဲ့အစည်းအဝေးကနေ အပစ်ရပ်ဖို့ သဘောတူလိုက်ပါတယ်။

အပစ်ရပ်သဘောတူလိုက်တဲ့အကြောင်းကို အစ္စရေးအစိုးရက အတည်ပြုပေမယ့် ဘယ်အချိန်မှာ စပြီး အသက်ဝင်မယ်ဆိုတာကိုတော့ သဘောမတူရသေးပါဘူး။

အစ္စရေးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒီအပစ်ရပ်ရေးကို အီဂျစ်နိုင်ငံက အဆိုပြုခဲ့တာဖြစ်ပြီး "အပြန်အလှန်နဲ့ ခြွင်းချက်မရှိ" အပစ်ရပ်ရေး သဘောတူညီချက် ဖြစ်တယ်လို့ ပါပါတယ်။

အစောပိုင်းမှာတော့ ဟားမတ်လက်နက်ကိုင်အဖွဲ့ဘက်က ဒီအပစ်ရပ်သဘောတူညီမှု ဒေသအချိန် မနက် ၂ နာရီမှာ အသက်ဝင်မယ်လို့ ပြောထားပါတယ်။

ဗီဒီယို ပုံစာ, အစ္စရေး နဲ့ ပါလက်စတိုင်း တိုက်ပွဲအခြေအနေ

အစ္စရေးဘက်က အပစ်ရပ်ရေး သဘောတူလိုက်ချိန်မှာပဲ ဂါဇာဘက်က ပစ်လိုက်တဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကို အချက်ပေးတဲ့ ဥသြသံတွေ အစ္စရေးတောင်ပိုင်းမှာ ဆူညံနေတုန်းပဲလို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ဂါဇာဘက်က ပါလက်စတိုင်းမီဒီယာတွေမှာလည်း အစ္စရေးဘက်က လေကြောင်း တိုက်ခိုက်မှုတွေ ရှိနေတုန်းပဲလို့ ဖော်ပြနေကြပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်းမှာ ဂါဇာဘက်ကနေ ဒုံးကျည် အစင်း ၄၀၀၀ ကျော် အစ္စရေးဘက်ကို ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးဘက်က ပြောပါတယ်။

ဂျေရုဆလင် အရှေ့ပိုင်းမှာ စခဲ့တဲ့ တင်းမာမှုတွေကနေ နောက်ဆက်တွဲ ဖြစ်လာတဲ့ ဒီတိုက်ခိုက်မှုတွေအတွင်းမှာ ဂါဇာဘက်က ၂၃၂ ဦးနဲ့ အစ္စရေးဘက်က ၁၂ ဦး သေဆုံးခဲ့ပါတယ်။

ဟားမတ်စ်တုံ့ပြန်မှု

အစ္စရေးဘက်က ဒီအပစ်ရပ်ကြေညာမှုဟာ ပါလက်စတိုင်းတွေအတွက် "အောင်ပွဲ " ဖြစ်ပြီး အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုအတွက် ရှုံးနိမ့်မှုပဲလို့ ဟားမတ်စ်ဘက်က အရာရှိတစ်ဦးက အေပီသတင်းဌာနကို ပြောပါတယ်။

ဒါပေမဲ့ အပစ်ရပ် အသေးစိတ်ကိစ္စတွေ မလုပ်ရသေးခင် အသင့်အနေထားနဲ့ ရှိနေဦးမယ်လို့ဆိုပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်ရပ်ရေး ဆွေးနွေးမှုတွေမှာ အီဂျစ်၊ ကာတာ နဲ့ ကုလသမဂ္ဂတို့က ဦးဆောင်ပါဝင်ခဲ့ကြပါတယ်။

Map