ကျွန်မယောက်ျားက နှာခေါင်းကိုဖြတ်ခဲ့တယ်

ခွဲစိတ်ပြီး အခြေအနေကို ကျေနပ်တယ်လို့ ဇာခါက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC

ဓာတ်ပုံ ပုံစာ, ခွဲစိတ်ပြီး အခြေအနေကို ကျေနပ်တယ်လို့ ဇာခါက ပြောပါတယ်။
ရေးသားခဲ့သည်။

ဒီဆောင်းပါးမှာ စိတ်မသက်သာစရာ ရုပ်ပုံတွေနဲ့ အိမ်တွင်းအကြမ်းဖက်မှုအကြောင်း ရေးသားချက်တွေ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။

သီတင်း ၁၀ ပတ်ကျော် ကြာအောင် စိတ်ပင်ပန်း ဆင်းရဲခြင်းကြီးစွာ ဖြစ်ခဲ့ပြီးတဲ့နောက် ဇာခါအတွက် မျှော်လင့်ချက် ရောင်ခြည် ပေါ်ထွန်းလာခဲ့ပါတယ်။

ဇာခါဟာ သူ့နှာခေါင်းကို လက်ကိုင်မှန် အဝိုင်းလေးထဲမှာ ပြန်တွေ့လိုက်ရပါပြီ။ ချုပ်ရိုးတွေ၊ သွေးခြည်ဥတွေ ရှိနေသေးပေမယ့် သူကျေနပ်ပါတယ်။ သူ့နှာခေါင်းကို ယောက်ျားဖြစ်သူက ဓားနဲ့ဖြတ်ခဲ့လို့ နှာခေါင်းမရှိဘဲ နေခဲ့ရတာ နှစ်လကျော်တောင် ကြာခဲ့ပြီ မဟုတ်ပါလား။

"ကျွန်မနှာခေါင်း ပြန်ရလို့ အရမ်းဝမ်းသာမိပါတယ်" လို့ ပတ်တီးပြန်လဲပေးနေတဲ့ ဆရာဝန်တွေကို သူက ပြောပြနေပါတယ်။

အာဖဂန်နစ္စတန်မှာ အမျိုးသမီးတွေအပေါ် အိမ်တွင်းအကြမ်းဖက်မှု ဆိုတာ အထူးအဆန်း မဟုတ်တော့ပါဘူး။ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့က လုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ အာဖဂန်အမျိုးသမီး ၈၇ ရာနှုန်းဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တစ်ခုခုကို ခံစားကြရတယ်လို့ ဖော်ပြထားပါတယ်။

အဆိုးဆုံး အဖြစ်အပျက်တွေမှာ ဆိုရင် အမျိုးသမီးတွေဟာ အက်ဆစ်နဲ့ အပက်ခံရတာ၊ ဓားနဲ့ အလှီးဖြတ် ခံရတာတွေတောင် ရှိပါတယ်။ လုပ်တဲ့လက်သည်ဟာ ကိုယ့်ယောက်ျား ဒါမှမဟုတ် ဆွေမျိုးသားချင်းထဲက ဖြစ်တတ်ပါတယ်။

သူ့ယောက်ျားက နှာခေါင်းကို ဖြတ်တဲ့ အချိန်မှာ ဇာခါဟာ အသက် ၂၈ နှစ်ပါ။ အိမ်ထောင်သက်က ၁၀ နှစ်ပါ။ သူတို့မှာ ၆ နှစ်သားအရွယ် သားငယ်လေး တစ်ယောက်လည်း ရှိပါတယ်။ ဇာခါ အရိုက်ခံရတာကတော့ ရိုးနေပါပြီ။ ဒါပေမဲ့ ဒီလောက်အထိ လုပ်လိမ့်မယ်လို့တော့ မထင်ခဲ့မိပါဘူး။

"ကျွန်မက အကျင့်မကောင်းတဲ့ မိန်းမလို့ သူက ပြောပါတယ်။ သူပြောသလို မဟုတ်ဘူးလို့ ကျွန်မ ပြန်ပြောခဲ့တယ်"

ဇာခါက သူ့အကြောင်း သတင်းရေးဖို့ ဘီဘီစီကို ခွင့်ပြုခဲ့ပါတယ်။ နှာခေါင်းကို ဓားနဲ့ မဖြတ်ခင်ကလည်း အိမ်တွင်း ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသေးတယ်လို့ ဇာခါက ဘီဘီစီကို ပြောပါတယ်။

ဒေါက်တာဇာမိုင်းက သူ့ကို အခမဲ့ခွဲစိတ်ကုသပေးခဲ့
ဓာတ်ပုံ ပုံစာ, ဒေါက်တာဇာမိုင်းက သူ့ကို အခမဲ့ခွဲစိတ်ကုသပေးခဲ့

အခုတော့ ဇာခါရဲ့ နှာခေါင်းကို မေ့ဆေးပေးပြီး ၃ နာရီကြာ ခွဲစိတ်ကုသမှု လုပ်ခဲ့ပြီးပါပြီ။

"ကျွန်မနှာခေါင်းကို မှန်ထဲမှာ ဒီနေ့ ကြည့်လိုက်တော့ တော်တော်ကြီး ပြန်ကောင်းလာပါပြီ"

ခွဲစိတ်ပြီး အသစ် တပ်ဆင်ထားတဲ့ သူ့နှာခေါင်းကို မှန်ထဲမှာ ပထမဆုံး တွေ့ခဲ့ပြီးတဲ့နောက်မှာ သူပြောလာတဲ့ စကားပါ။

"မခွဲစိတ်ခင်ကဆိုရင် မြင်လို့ကို မကောင်းပါဘူး"

ဒေါက်တာ ဇာမိုင်း ခန်းအာမက်ဇိုင်းဟာ အာဖဂန်နစ္စတန်မှာ မျက်နှာ အစားထိုးခွဲစိတ်ကုသမှု လုပ်နိုင်တဲ့ ဆရာဝန် နည်းနည်းလေး ရှိတဲ့အထဲက တစ်ယောက်ပါ။ ဇာခါရဲ့နှာခေါင်း တော်တော် ပြန်ကောင်းလာတာ တွေ့ရလို့ သူကျေနပ် အားရမိတယ်လို့ ဒေါက်တာဇာမိုင်းက ပြောပါတယ်။

"ခွဲစိတ်ကုသမှုရလဒ်က သိပ်ကောင်းပါတယ်။ ပိုးဝင်တာမရှိပါဘူး။ နည်းနည်းလေး ရောင်တာရှိပေမယ့် ဒါက ပြဿနာ မဟုတ်ပါဘူး" လို့ သူက ဆိုပါတယ်။

ဒေါက်တာဇာမိုင်းအတွက် ဆယ်နှစ်လောက်ကာလ အတွင်းမှာ ဒီလိုမျိုး လူနာတွေ အရင်ကလည်း ကြုံခဲ့ဖူးပါတယ်။ အရင်အမျိုးသမီးတွေဟာလည်း သူတို့ယောက်ျား၊ သူတို့အဖေ၊ သူတို့မောင်တွေ လက်ချက်ကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရသူတွေပါပဲ။

သတို့သမီးချင်း အလဲခံခဲ့ရပြီး အိမ်တွင်းအကြမ်းဖက်မှုဓားစာခံဖြစ်ခဲ့

ကုန်ပစ္စည်းချင်း တိုက်ရိုက်လဲလှယ်တဲ့ ကုန်သွယ်ရေးကို ဘာတာစနစ် လို့ ခေါ်ပါတယ်။ ဇာခါတို့ အိမ်ထောင်ရေးကလည်း ဘာတာစနစ် အိမ်ထောင်ရေးပါပဲ။

ဇာခါဟာ ကာဘူးမြို့ကနေ ၁၅၅ မိုင်ဝေးတဲ့ ခဲယာခေါ့ခရိုင်မှာ ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတာပါ။ စာရေးစာဖတ် မတတ်ပါဘူး။

သူ့အိမ်ထောင်ရေးကို သူကလေးဘဝကတည်းက သူ့ဦးလေးက ကြိုတင် စီမံခဲ့ပါတယ်။

"အဲဒီတုန်းက ကလေးပဲ ရှိသေးတာလေ။ ဘဝအကြောင်း၊ အိမ်ထောင်ရေးအကြောင်း ဘာသိမှာလဲ"လို့ ဇာခါက ပြောပြပါတယ်။

သူတို့ကို စေ့စပ်ကြောင်းလမ်းတုန်းက သူ့အသက် ဘယ်လောက် ရှိမှန်းတောင် ဇာခါ မမှတ်မိပါဘူး။ သူသဘောတူ မတူ မေးခဲ့တယ်လို့လည်း မထင်ပါဘူး။ အသက် ၁၈ နှစ်ရောက်တော့ လက်ထပ်လိုက်ရတာပါပဲ။

နှစ်တွေ တော်တော်ကြာတော့မှ သူဟာ ကုန်စ္စည်းတစ်ခုလို ဘာတာစနစ်နဲ့ အလဲခံလိုက်ရတယ်ဆိုတာ သူသဘောပေါက်လာပါတယ်။ သူ့ယောက်ျားမှာ နှမ ၄ ယောက် ရှိပါတယ်။ အဲဒီထဲက တစ်ယောက်ကို သူ့ဦးလေးက လက်ထပ်ချင်နေရာမှာ သတို့သမီးကြေး တင်မတောင်းနိုင်လို့ ဇာခါနဲ့ လူချင်း တိုက်ရိုက်ဖလှယ်တဲ့နည်းကို သုံးလိုက်တာပါ။

သူ့ယောက်ျားဟာ သူ့နှမတွေကိုလည်း ရိုက်တာပဲဆိုတာ သူသိလာပါတယ်။

ခွဲစိတ်ဖို့ပြင်ဆင်

ဇာခါရဲ့ ယောက်ျားဟာ သူနဲ့ ရွယ်တူလောက်ပါပဲ။ သူများနွားတွေကို အငှားကျောင်းတဲ့ အလုပ် လုပ်ပါတယ်။ အိမ်ထောင်ဦးကတည်းက သူ့ကို အကြမ်းဖက်နှိပ်စက်ခဲ့တာလို့ ဇာခါက ပြောပြပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကတော့ သူ့ယောက်ျား အကြမ်းဖက်တဲ့ဒဏ်ကို ဆက်သည်းမခံနိုင်တော့လို့ မိဘအိမ် ပြန်ပြေးခဲ့ပါတယ်။ သူ့ယောက်ျားကို အသိမပေးဘဲ ထွက်လာတာ ဖြစ်ပေမယ့် ယောက်ျားက လိုက်ခေါ်ပါတယ်။

အစပိုင်းမှာတော့ ဇာခါရဲ့အဖေက ပြန်မထည့်ဘူးလို့ ငြင်းပါသေးတယ်။ ဒါပေမဲ့ ဇာခါရဲ့ လုံခြုံရေးကို အာမခံပေးပါ့မယ်ဆိုပြီး လူကြီးတွေကိုယ်တိုင် လာခေါ်တော့ ပြန်ထည့်လိုက်ပါတယ်။

အိမ်ပြန်ရောက်တော့ အခြေအနေက တိုးတက်မလာတဲ့အပြင် ပိုလို့တောင် ဆိုးလာပါတယ်။

"မိဘအိမ်က ပြန်လာတော့ ထပ်ပြီး ရိုက်ပါတယ်။ ဓားမြှောင်ကိုယမ်း၊ ခြိမ်းခြောက်ရင်း ရိုက်ပါတယ်။ နှာခေါင်းကို ဖြတ်ပစ်မယ်ဆိုလို့ အိမ်နီးချင်းအိမ်ကို ထွက်ပြေးခဲ့ပါတယ်"

အိမ်နီးချင်းက ဝင်ပြောပေးပေမယ့် ခဏပဲ သက်သာရာရပါတယ်။ ဇာခါရဲ့ယောက်ျားက သူ့ကို မိဘအိမ် ပြန်ပို့ပေးမယ်လို့ ညာခေါ်ပါတယ်။ ဒါပေမဲ့ မိဘအိမ် လိုက်ပို့မပေးဘဲ တခြားအိမ်တစ်အိမ်ဆီကို ခေါ်သွားခဲ့ပါတယ်။

"ကျွန်မကို အင်္ကျီကနေ အတင်းဆွဲသွားပြီး ကိုင်း၊ မင်းဘယ်ပြေးနိုင်သေးလဲလို့ မေးပါတယ်။ အဲဒီအိမ်မှာ ခြံသေးသေးလေး ရှိပါတယ်။ အဲဒီခြံထဲခေါ်သွားပြီး သူ့အိတ်ထဲက ဓားနဲ့ ကျွန်မနှာခေါင်းကို ဖြတ်လိုက်တာပါပဲ"

ခွဲစိတ်ကုသအပြီး ပတ်တီးမဖြည်ရသေးခင်အခြေအနေ
ဓာတ်ပုံ ပုံစာ, ခွဲစိတ်ကုသအပြီး ပတ်တီးမဖြည်ရသေးခင်အခြေအနေ

သူ့ယောက်ျားက သူ့ကို သွေးအိုင်ထဲ ပစ်ထားခဲ့ပါတယ်။ သူ့အော်သံကြားတော့မှ အိမ်နီးချင်းတွေ ရောက်လာပြီး ကူညီကြပါတယ်။ လူတစ်ယောက်က သူ့နှာခေါင်းပြတ်ကလေးကို ရှာပေးပါတယ်။ သွေးတွေက ပက်ပက်စက်စက် ထွက်နေတော့ ခက်ခက်ခဲခဲ အသက်ရှူရပါတယ်။ သူ့ကို ဆေးခန်း ခေါ်သွားပါတယ်။ ဆရာဝန်က သူ့နှာခေါင်းကို ပြန်ဆက်လို့ မရတော့ဘူးလို့ ပြောပါတယ်။

လူမှုကွန်ရက်ပေါ်က အကူအညီ

ဇာခါရဲ့ရွာဟာ တာလီဘန် ထိန်းချုပ်မှု အောက်မှာရှိပါတယ်။ တိုက်ပွဲတွေ ရပ်သွားပြီး ရှုပ်ထွေးတဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဖြစ်လာတဲ့ နောက်ပိုင်းမှာတော့ နယ်ခံ နိုင်ငံရေးသမားတွေ၊ တာလီဘန် လက်နက်ကိုင်တွေရဲ့ အကူအညီနဲ့ ကာဘူးမြို့တော်ကို တက်ပြီး ဆေးကုသခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဒေါက်တာ ဇာမိုင်းဟာ ကိုဗစ် ကူးစက်ခံထားရပြီး သူ့ဇနီးလည်း ကိုဗစ်ကြောင့် ဆုံးထားပါတယ်။

ကာဘူးဆေးရုံကို ဇာခါ ရောက်တဲ့အချိန်က ဒေါက်တာ ဇာမိုင်းဟာ ဂျာလာလာဘတ်မှာ သူ့ဇနီးနာရေးကိစ္စ ပြီးလို့ အလုပ်ပြန်ဆင်းနေတဲ့ အချိန်ပါ။

"ကျနော့်ဆီ သူရောက်လာတော့ အခြေအနေက သိပ်ဆိုးပါတယ်။ သူ့နှာခေါင်းက အနာ တော်တော်ရင်းနေပါတယ်" လို့ ဒေါက်တာဇာမိုင်းက ပြောပြပါတယ်။

ဇာခါကို ရောဂါပိုးသတ်တဲ့ဆေး၊ အရောင်ကျတဲ့ဆေးတွေ ငါးပတ်ကြာ ပေးပြီး သူကာဘူးပြန်လာချိန် ဇူလိုင် ၂၁ ရက်နေ့မှာ ခွဲစိတ်မှု လုပ်ခဲ့ပါတယ်။

သူရုပ်ဆိုး အကျည်းတန်လွန်းလို့ အရမ်းကို ဝမ်းနည်းကြေကွဲခဲ့ရပါတယ်လို့ ဇာခါက ပြောပါတယ်။

ခွဲစိတ်နောက်ပိုင်း ပထမဆုံးအကြိမ် မှန်ကြည့်
ဓာတ်ပုံ ပုံစာ, ခွဲစိတ်နောက်ပိုင်း ပထမဆုံးအကြိမ် မှန်ကြည့်

ရဲက သူ့ယောက်ျားကို ဖမ်းပြီး ထောင်ချလိုက်ပါတယ်။ ဇာခါကတော့ သူ့မျက်နှာ အကောင်းအတိုင်း ပြဖြစ်လာအောင် ခွဲစိတ်ကုသခံရဖို့ကိုပဲ ဇောကပ်နေပါတယ်။

"ကျွန်မနှာခေါင်းကိုပဲ ပြန်လိုချင်ပါတယ်။ တခြား ဘာမှ မလိုချင်ပါဘူး"

အဲဒီနောက် ဇာခါရဲ့ ကံဇာတာပြန်တက်လာခဲ့ပါတယ်။ မျက်နှာမှာ သွေးအိုင်ထွန်းနေတဲ့ ဇာခါရဲ့ ဓာတ်ပုံကို ဒေါက်တာဇာမိုင်းက အွန်လိုင်း လူမှုကွန်ရက်ပေါ်ကနေ တွေ့သွားခဲ့တာပါ။

ဒေါက်တာဇာမိုင်းက ပိုက်ဆံမယူဘဲ သူအလကား ကုပေးမယ်လို့ လူမှုကွန်ရက်မှာ စာရေးပြီး ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီနောက် နယ်ခံအရာရှိတွေရဲ့ အကူအညီနဲ့ ကာဘူးကို ခေါ်လာပြီး ဆေးကုသပေးခဲ့ပါတယ်။

"ဓားနဲ့အဖြတ်ခံရတဲ့ နှာခေါင်းအလယ်ပိုင်းကို ဦးဆုံး စပြီး ပြုပြင်ပါတယ်။ နှာခေါင်းနားက အသားစ နည်းနည်းကို ယူပြီး အစားထိုး ကုသဖို့ လုပ်ပါတယ်"

အနာပျောက်ပြီး နှာခေါင်းအသစ်လည်း အစားပြန်ထည့်ပေးမယ်လို့ ဒေါက်တာဇာမိုင်းက ဇာခါကို ပြောပြပါတယ်။ ဇာခါ ၂ လလုံးလုံး ကြားချင်နေတဲ့ စကားကလည်း ဒါပါပဲ။

"သွေးလည်ပတ်မှုက ပုံမှန်ပဲ။ အာရုံကြောတွေလည်း အလုပ်လုပ်နေသေးတယ်" ဒေါက်တာဇာမိုင်းက စိတ်ချဖို့ အာမခံခဲ့ပါတယ်။

မူလပုံစံပြန်ရဖို့ အတွက် ဆီလီကွန် အစားထိုးကုသမှု ဆက်လုပ်ဖို့ လိုအပ်နေသေး
ဓာတ်ပုံ ပုံစာ, မူလပုံစံပြန်ရဖို့ အတွက် ဆီလီကွန် အစားထိုးကုသမှု ဆက်လုပ်ဖို့ လိုအပ်နေသေး

ပုံမှန်ဆိုရင် ဒီလို ကုသမှုမျိုးအတွက် ဒေါက်တာဇာမိုင်းက ဒေါ်လာ ၂၀၀၀ ယူပါတယ်။ အခုတော့ ဆေးကုသခ မယူတဲ့အပြင် ဆေးဖိုး ဒေါ်လာ ၅၀၀ လောက် ထပ်ဆောင်း ကူညီခဲ့ပါတယ်။

အခုခွဲစိတ်ကုသမှုဟာ ပထမအဆင့်ပဲ ရှိပါသေးတယ်။ နှာခေါင်းကို နဂိုပုံစံအတိုင်းနီးပါး ရလာဖို့က ဆီလီကွန် အစားထိုး ကုသမှု ဆက်လုပ်ရဦးမှာပါ။ အဲဒီအတွက် ဆေးဖိုးဝါးခကို ဇာခါမတတ်နိုင်ပါဘူး။

စိတ်ဒဏ်ရာအတွက် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးနှစ်သိမ့်မှုတွေ လုပ်ရမှာပါ။ အဲဒီအတွက် ကုန်ကျစရိတ်ကိုလည်း ဇာခါ မတတ်နိုင်ပါဘူး။ ဒါဟာ အရေးကြီးတဲ့ ကုသမှု လုပ်ငန်းစဉ် တစ်ခု ဖြစ်ပေမယ့် လူတွေက သိပ်အမှုမထားတတ်ကြပါဘူး။

အခုတော့ ဇာခါဟာ သူ့သားငယ်အတွက် စိတ်ပူနေပါတယ်။ သူ့သားငယ်ဟာ သူ့ခင်ပွန်းရဲ့ မိသားစုဆီ ရောက်နေပါတယ်။ သားလေး ဘယ်ရောက်နေသလဲ။ သူနဲ့ ပြန်မှတွေ့ရပါဦးမလားလို့ ဇာခါ တွေးနေပါတယ်။

"သားလေးကို သိပ်သတိရတာပဲ။ အစားတစ်ခုခု စားတိုင်း သူ့ကို သတိရမိတယ်"

ဇာခါရဲ့ သားလေးကို ပိုင်ဆိုင်ခွင့် ရဖို့ ကြိုးစားရမှာကို ဇာခါရဲ့ အဖေနဲ့ ဦးလေးက သိပ်စိတ်မပါလှပါဘူး။ ဇာခါ့ယောက်ျား ထောင်ကလွတ်လာရင် ကလေးနောက် လိုက်လာပြီး ဇာခါကို အန္တရာယ် ထပ်ပေးမှာ ကြောက်နေပါတယ်။ ကလေးကို ပြန်ရဖို့ ကြိုးစားမနေပါနဲ့တော့လို့ သူတို့က အကြံပေးကြပါတယ်။

"ကလေးကို ထားလိုက်ပါတော့လို့ သူတို့က ပြောတယ်။ ကျွန်မကတော့ မထားနိုင်ပါဘူး။"