ဟိုဆနီ မူဘာရက် - အီဂျစ်သမ္မတဟောင်း အသက် ၉၁ မှာကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, Reuters
စစ်တပ်က ၂၀၁၁ ခုနှစ်မှာ ဖြုတ်ချခဲ့တဲ့ အီဂျစ်သမ္မတဟောင်း ဟိုဆနီ မူဘာရက်ဟာ အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုမှာ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။ သူ ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိပါပြီ။
သူဟာ အီဂျစ်မှာ လူထု အုံကြွမှု မဖြစ်ခင်အထိ ဆယ်စုနှစ် သုံးစု အာဏာ စွဲကိုင်ထားခဲ့ပါတယ်။
သူဟာ အဲဒီ အီဂျစ် တော်လှန်ရေးအတွင်းမှာ ဆန္ဒပြသူတွေကို သတ်ဖြတ်မှုအတွက် အပြစ်ရှိတယ်ဆိုပြီး ပြစ်ဒဏ်စီရင်ခံရပါတယ်။ မူဘာရက်ဟာ ဆန္ဒပြသူ ၉၀၀ သေဆုံးခဲ့မှုအတွက် တာဝန်ရှိတယ်ဆိုပြီး ၂၀၁၂ ခုနှစ်မှာ ထောင်တစ်သက်ကျခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီ စီရင်ချက်ကို ပယ်ဖျက်ခံရပြီး ၂၀၁၇ မတ်လမှာ လွတ်လာခဲ့ပါတယ်။
သူသေဆုံးတာကို အီဂျစ်အစိုးရပိုင် မီဒီယာက အင်္ဂါနေ့မှာ အတည်ပြုခဲ့ပါတယ်။ သူဟာ စစ်တပ်ဆေးရုံ တစ်ခုမှာ ကွယ်လွန်သွားတယ်လို့လည်း အင်္ဂါနေ့ အစောပိုင်းမှာ အယ်လ်ဝတ်တန် ဝက်ဆိုက်က ရေးသားခဲ့ပါတယ်။
မူဘာရက်ဟာ ဇန်နဝါရီ လကုန်ပိုင်းလောက်မှာ ခွဲစိတ်မှု တစ်ခု ခံယူခဲ့ပြီး သက်သာလာတဲ့အခါမှာတော့ သူ့ရဲ့ မြေးနဲ့အတူ ဓာတ်ပုံ ရိုက်တင်ခဲ့ပါသေးတယ်။
ယခုဆောင်းပါးတွင် Instagram မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Instagram ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of Instagram post
စနေနေ့ကအထိ မူဘာရက်ဟာ အထူးကြီးကြပ်စောင့်ရှောက်ခန်းမှာ ရှိနေတုန်းပဲလို့ သူ့ရဲ့သား အယ်လာက ပြောခဲ့ပါတယ်။
မူဘာရက်ဘယ်သူလဲ
၁၉၂၈ မှာ မွေးဖွားခဲ့တဲ့ မူဘာရက်ဟာ လေတပ်ကို ဆယ်ကျော်သက် အရွယ်ကတည်းက ဝင်ခဲ့ပါတယ်။ နောက် ၁၉၇၃ အာရပ်-အစ္စရေး စစ်ပွဲမှာ အရေးပါတဲ့ နေရာက ပါခဲ့ပါတယ်။
အီဂျစ်သမ္မတ အန်ဝါ ဆာဒတ်လုပ်ကြံခဲ့ရတဲ့အတွက် နောက် ၁၀ နှစ် မပြည့်ခင်မှာပဲ မူဘာရက် သမ္မတ ဖြစ်လာပါတယ်။ နောက်တော့ မူဘာရက်ဟာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ အရေးကြီးတဲ့ နေရာက ပါခဲ့ပါတယ်။
သူ့လက်ထက်မှာ စစ်တပ် ရံပုံငွေတွေ ဒေါ်လာ ဘီလျံချီရခဲ့ပေမဲ့ အလုပ်လက်မဲ့၊ ဆင်းရဲမွဲတေမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေ ဆက်တိုးလာခဲ့ပါတယ်။
တူနီးရှားမှာ လူထု ဆန္ဒပြမှုတွေ ဖြစ်လို့ သမ္မတ ဖြုတ်ချခံရပြီးတဲ့နောက် အီဂျစ်မှာလည်း မကျေနပ်မှုတွေကနေ ဆန္ဒပြမှုတွေ၂၀၁၁ ဇန်နဝါရီမှာ ဖြစ်လာခဲ့ပါတယ်။ နောက် ၁၈ ရက် အကြာမှာ ရာထူးကနေ ဖြုတ်ချခံရပါတယ်။
မူဘာရက် ပြုတ်ကျအပြီး တစ်နှစ်အကြာမှာ အစ္စလာမစ်ဝါဒီ နိုင်ငံရေး သမား မိုဟာမက် မော်စီ သမ္မတ ဖြစ်လာပါတယ်။
ဒါဟာ အီဂျစ်မှာ ပထမဆုံး ဒီမိုကရေစီနည်းနဲ့ ရွေးကောက်ခံပြီး သမ္မတ ဖြစ်လာတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီသမ္မတသစ် ရာထူးမှာ တစ်နှစ်တောင် မခံခဲ့ပါဘူး။
လူထု ဆန္ဒပြမှုတွေ ဖြစ်လို့ ဗိုလ်ချုပ်ကြီး အက်ဘ်ဒယ်လ် ဖာတာ အယ်လ်စီစီ ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီး ရာထူးက ဖြုတ်ချခံရပါတယ်။
ဗိုလ်ချုပ်ကြီး အယ်လ်စီစီ ရွေးကောက်ပွဲ နှစ်ကြိမ် အနိုင်ရခဲ့ပြီး သမ္မတဟောင်း မော်စီကတော့ ၂၀၁၉ မှာ ထောင်ထဲမှာပဲ သေဆုံးခဲ့ပါတယ်။








