ဒဲရက်မက်ကေး၊ ယောက်ျားလေးတယောက်ဆီ ပို့တဲ့ စာတွေကြောင့် ထွက်ရတဲ့ စကော့တလန်ဝန်ကြီး

Derek Mackay

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စကော့တလန်ရဲ့ ဝန်ကြီးချုပ်လောင်းအဖြစ် တစ်ပြေးခဲ့တဲ့ မစ္စတာ မက်ကေး
ရေးသားခဲ့သည်။

လူမှုကွန်ရက်ပေါ်မှာတွေ့တဲ့ ၁၆ နှစ်အရွယ် ယောက်ျားလေး တဦးကို စာပို့တယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ဘက်ဂျက်အကြောင်း မိန့်ခွန်းမပြောခင် နာရီပိုင်းအတွင်းမှာပဲ စကော့တလန် ဘဏ္ဍာရေး ဝန်ကြီး ရာထူးက နုတ်ထွက်သွားပါတယ်။

ဒဲရက်မက်ကေးဟာ ဒီယောက်ျားလေးကို ခြောက်လလောက် ဆက်သွယ်နေခဲ့ပြီး ချစ်စရာကောင်းတယ်လို့ ပြောခဲ့ကြောင်း စကော့တစ်ရှ် ဆန်းသတင်းစာက ရေးသားပါတယ်။

ရူးမိုက်စွာ ပြုမူခဲ့မိတယ်လို့ မစ္စတာမက်ကေး ဝန်ခံခဲ့ပြီး တာဝန်ယူတဲ့အနေနဲ့ နုတ်ထွက်ခဲ့တာပါ။

သူဆက်သွယ်ခဲ့တဲ့ ယောက်ျားလေးနဲ့ မိသားစုကိုလည်း မက်ကေး တောင်းပန်ခဲ့ပါတယ်။

စကော့တလန်ရဲ့ ပြည်နယ် ဝန်ကြီးချုပ် နစ်ကိုလာ စတာဂျင်ကလည်း မစ္စတာမက်ကေးရဲ့ လက်မခံနိုင်စရာ အပြုအမူအကြောင်း ဖေဖော်ဝါရီလ ၅ ရက်ညနေအထိ မသိခဲ့ဘူးလို့ ပြောပါတယ်။ နောက် မက်ကေးကို ဒီလို စွပ်စွဲပြောဆိုတာတွေ ရှိသလား သတိမထားမိဘူးလို့လည်း ဆိုပါတယ်။

UK

ဓာတ်ပုံ ရင်းမြစ်, Robert Perry

ဓာတ်ပုံ ပုံစာ, စကော့တလန်လွှတ်တော်မှာ နုတ်ထွက်မှု ရိုက်ခတ်ခဲ့

နောက်ထပ် စစ်ဆေးမှုတွေ မပြီးမချင်း မစ္စတာမက်ကေးကို စကော့အမျိုးသားရေးပါတီကနေ ဆိုင်းငံ့ထားတယ်လို့လည်း မစ္စ စတာဂျင်က စကော့တလန် လွှတ်တော်မှာ ကြေညာခဲ့ပါတယ်။

မစ္စတာမက်ကေးရဲ့ အပြုအမူကြောင့် လူငယ်တယောက် ထိခိုက်နိုင်တဲ့အတွက် အမတ်ရာထူးက ထွက်ဖို့လည်း စကော့တလန် ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် ဂျက်ဆန် ကာလောက တောင်းဆိုခဲ့ပါတယ်။

မက်ကေးရဲ့လုပ်ရပ်က အာဏာအလွဲသုံးစားလုပ်တာဖြစ်ပြီး သားရဲတိရစ္ဆာန်ဆန်တယ်လို့လည်း စကော့တလန်လေဘာပါတီ ခေါင်းဆောင်က ဆိုပါတယ်။

အသက် ၄၂ နှစ် ရှိနေပြီ ဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်းက မနှစ် သြဂုတ်လကစပြီး ဒီယောက်ျားလေးကို ဆင်ကန်းတောတိုး ဆက်သွယ်ခဲ့တယ်ဆိုပြီး သတင်းစာမှာ စွပ်စွဲရေးသားခဲ့တာပါ။ ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ် ကနေ စာအစောင် ၂၇ဝ လောက် ပို့ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီစာတွေကို စာရင်းလုပ်ဖော်ပြရာမှာတော့ ဒီတပတ်ထဲမှာ ပို့တဲ့စာတောင် ပါတာ တွေ့ရပါတယ်။ ဒီစာတွေထဲမှာ စကော့တလန်လွှတ်တော်က သူ့ကို ညစာစားပွဲဖိတ်တာ၊ ရဂ်ဘီ ဘောလုံးပွဲတက်ဖို့ ဖိတ်တာတွေလည်း ပါပါတယ်။

မစ္စတာ မက်ကေးက အဲဒီယောက်ျားလေးကို ခရစ္စမတ်နေ့မှာ အကြိမ်များစွာ ဆက်သွယ်ခဲ့တယ်လို့လည်း သတင်းစာက ဖော်ပြပါတယ်။ နောက် ဆံပင်ကေအသစ်နဲ့ ကြည့်ကောင်းတယ်လို့တောင် ပြောခဲ့တယ်လို့ ဆိုပါတယ်။

စာတစောင်မှာတော့ မစ္စတာမက်ကေးက ဆယ်ကျော်သက်ကောင်လေးကို ချစ်စရာကောင်းတယ်လို့ ပြောခဲ့တယ်လို့ ပါရှိပါတယ်။ နောက်တစောင်မှာတော့ ယောက်ျားလေးက သူဟာ ၁၆ နှစ်သာ ရှိသေးကြောင်း ပြောပြီး နောက်ထပ် မကြိုးစားဖို့ မက်ကေးကို ပြောခဲ့တယ်လို့ ပါရှိပါတယ်။

Derek Mackay and Nicola Sturgeon

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မစ္စတာမက်ကေး အပြုအမူက စံမမီနိမ့်ကျနေလို့ သူ့နုတ်ထွက်လွှာကို ဝန်ကြီးချုပ်လက်ခံ

ဖေဖော်ဝါရီလ ၆ ရက်မနက်က ထုတ်တဲ့ ကြေညာချက်မှာလည်း မက်ကေးက သူ့လုပ်ရပ်တွေအတွက် အပြည့်အဝ တာဝန်ယူတယ်လို့ ဆိုပါတယ်။ သူဟာ ရူးမိုက်စွာ ပြုမူခဲ့ပြီး ဒီအတွက် တကယ် နောင်တရတယ်လို့လည်း ရေးပါတယ်။ ထိခိုက်နစ်နာခဲ့သူနဲ့ မိသားစုကိုလည်း ဝန်ချတောင်းပန်ကြောင်း ဖော်ပြခဲ့ပါတယ်။

" မနေ့ညက ဝန်ကြီးချုပ်နဲ့ တွေ့ပြီး ချက်ချင်း နုတ်ထွက်စာ တင်ခဲ့ပါတယ်။ အစိုးရတာဝန် ထမ်းဆောင်ရတာ အင်မတန် ဂုဏ်ရှိပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထောက်ခံသူတွေကို စိတ်ပျက်အောင် လုပ်ခဲ့မိတဲ့အတွက် ဝမ်းနည်းပါတယ်။" လို့ မစ္စတာမက်ကေးက ပြောကြားခဲ့ပါတယ်။

တကယ်က မစ္စတာ မက်ကေးကို စကော့တလန်ရဲ့ ဝန်ကြီးချုပ်လောင်းလို့ တော်တော်များများက တစ်ပေးထားကြတာ ဖြစ်ပါတယ်။ သူ့ဇနီးနဲ့ ၂ဝ၁၃ မှာ ပြတ်စဲခဲ့ပြီးနောက် သူ့ကိုယ်သူ လိင်တူချစ်သူအဖြစ် ကြေညာခဲ့ပါတယ်။

စကော့တလန် လွှတ်တော်မှာ နောက်နှစ် အတွက် ဘက်ဂျက်ကို တင်ပြခါနီး နာရီပိုင်းအလိုမှာ ဒီလို နုတ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

စကော့တစ်ရှ် ဆန်း သတင်းစာမှာ သူ့အကြောင်းကို မဖော်ပြခင် ဖေဖော်ဝါရီလ ၅ ရက်ညနေမှာ မစ္စတာမက်ကေးကို သတင်းစာက ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။

သူမတင်လိုက်ရတဲ့ ဘက်ဂျက်ကိုတော့ အငယ်တန်း ဘဏ္ဍာရေး ဝန်ကြီး ကိတ် ဖို့ဘ်စ်က တင်ပြဖို့ ရှိပါတယ်။