ဝက်သွေးတွေကြောင့် တောင်ကိုရီးယားကမြစ် အနီရောင်ပြောင်းသွား

ဓာတ်ပုံ ရင်းမြစ်, Yeoncheon Imjin River Civic Network
အာဖရိက ဝက်တုပ်ကွေး မပြန့်ပွားအောင် တောင်-မြောက် ကိုရီးယား နယ်စပ်နားမှာ ဝက်တွေ သတ်ဖြတ်ရာက ထွက်လာတဲ့ သွေးတွေလွှမ်းသွားတဲ့ တောင်ကိုရီးယားနိုင်ငံက မြစ်တစ်စင်း အနီရောင်ပြောင်းသွားခဲ့ပါတယ်။
တောင်ကိုရီးယား အာဏာပိုင်တွေက အာဖရိက ဝက်တုပ်ကွေး မပြန့်ပွားအောင် ဝက်အကောင်ရေ ၄၇,၀၀၀ ကို သတ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
သတ်ဖြတ်ထားတဲ့ ဝက်တွေကို မြေမြှုပ်စွန့်ပစ်ပေမယ့် မိုးသည်းသည်းမဲမဲ ရွာခဲ့လို့ ဝက်သွေးတွေက အနီးအနားက အင်ဂျင်း မြစ်ထဲကို စီးဝင်ကုန်တာ ဖြစ်ပါတယ်။
အာဖရိက ဝက်တုပ်ကွေးဟာ ကူးစက်မှု မြင့်မားပြီး ကုသလို့ မရတဲ့ ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါ ကူးစက်ခံရတဲ့ ဝက်တွေဟာ အသက်ရှင်တယ်ဆိုတာ လုံးဝ မရှိသလောက်ဖြစ်တဲ့ ရောဂါပါ။ ဒါပေမဲ့ ဒီရောဂါက လူတွေအတွက်တော့ အန္တရာယ် မရှိပါဘူး။
အခုလို မြစ်ထဲကို ဝက်သွေးတွေ စီးဝင်ကုန်လို့ တခြား တိရစ္ဆာန်ကို ကူးစက်မှာ စိတ်ပူနေကြပေမဲ့ ဒါမျိုး မဖြစ်နိုင်နိုင်ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အခု သတ်ဖြတ်လိုက်တဲ့ ဝက်တွေက ရောဂါ ကူးစက်မခံရခင် သတ်လိုက်တာဖြစ်လို့ ဒီသွေးတွေကနေ မကူးစက်နိုင်ဘူးလို့ ပြောတာ ဖြစ်ပါတယ်။
အာရှ တစ်လွှားက ကူးစက်မှု
အခုလို ဝက်တွေကို သုတ်သင်ရှင်းလင်းတာကို နိုဝင်ဘာ ၉၊ ၁၀ ရက်တွေမှာ လုပ်ခဲ့တာပါ။ နောက် ဒီဝက်တွေကို တောင်-မြောက် ကိုရီးယား နယ်စပ်နားက မြေမြှုပ်တဲ့နေရာဆီကို ထရပ်ကား အတော်များများနဲ့ စွန့်ပစ်ခဲ့တာပါ။
တောင်ကိုရီးယားမှာ အာဖရိက ဝက်တုပ်ကွေး ကူးစက်တာကို မကြာသေးခင်ကမှ တွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒီကူးစက်မှုဟာ လုံခြုံရေး အင်မတန် တင်းကြပ်ထားတဲ့ တောင်-မြောက် နယ်စပ်အနီး စစ်မက်ကင်းစင်ဇုန် နားက ဝက်တွေ တောင်ကိုရီးယားဘက်ကို ရောက်လာပြီး ကူးစက်တယ်လို့ ယူဆပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြောက်ကိုရီးယားမှာတော့ ဒီကူးစက်မှုကို မေလက စတွေ့ခဲ့တာပါ။ ဒါကြောင့် တောင်ကိုရီးယားက ဒီကူးစက်မှုကို မပြန့်ပွားအောင် တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေပါတယ်။ ဒီလို လုပ်ရာမှာ နယ်စပ် အတားအဆီးတွေနားလည်း ပါဝင်ပါတယ်။
ဒါကြောင့် တောင်ကိုရီးယားစစ်သားတွေကိုလည်း စစ်ကင်းမဲ့ဇုန်ကို ဖြတ်ဝင်လာမယ့် တောဝက်တွေကို သတ်ဖြတ်ပစ်ဖို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်။
အဲဒီလို ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားပေမဲ့လည်း တောင်ကိုရီးယားမှာ အာဖရိက ဝက်တုပ်ကွေး ကူးစက်တာကို စက်တင်ဘာလ ၁၇ ရက်မှာ ပထမဆုံး စတွေ့ခဲ့ပါတယ်။ အခုဆိုရင် ကူးစက်ခံရတာတွေ့ရှိမှု ၁၃ ခုထိ ရှိနေပါပြီ။ တောင်ကိုရီးယားမှာ ဝက်မွေးခြံ ၆၇၀၀ ရှိပါတယ်။
ဒါ့အပြင် တခြား အာရှ နိုင်ငံ တော်တော်များများမှာလည်း အာဖရိက ဝက်တုပ်ကွေး ကူးစက် ပြန့်နှံ့ခဲ့ပါတယ်။ ဒီထဲမှာ တရုတ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင် နိုင်ငံတို့လည်း ပါပါတယ်။ ဒီပြန့်ပွားမှုတွေကြောင့် ဝက်တွေကို သုတ်သင်ရှင်းလင်းခဲ့ရာမှာ တရုတ် တစ်နိုင်ငံတည်းမှာတင် ဝက်ကောင်ရေ တစ်သန်းကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။









