မိုင်းလားအထူးဒေသမှာ ဝက်တုပ်ကွေးဖြစ်လို့ ဝက်အကောင်ရေ ၂၀၀၀ သုတ်သင်ရှင်းလင်းရ

တရုတ်ပြည် ဝက်မွေးမြူရေးခြံတစ်ခုအတွင်းက ဝက်များ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တရုတ်ပြည် ဝက်မွေးမြူရေးခြံတစ်ခုအတွင်းက ဝက်များ
ရေးသားခဲ့သည်။

ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားအထူးဒေသ ၄ မှာ ပြီးခဲ့တဲ့သီတင်းပတ်ကတည်းကစလို့ ဝက်တွေ ရာနဲ့ချီ သေဆုံးနေလို့ အခြားဒေသနဲ့ ဒေသတွင်းမှာ ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေ တင်သွင်းတာ၊ ရောင်းချတာတွေကို သြဂုတ်လ ၂ ရက်နေ့ကတည်းက ပိတ်ပင်တားမြစ်ထားတယ်လို့ မိုင်းလားအထူးဒေသ (၄) NDAA အဖွဲ့က အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က ဘီဘီစီကို အတည်ပြုပြောပါတယ်။

"သုတ်သင်ရှင်းလင်းလိုက်ရတဲ့ ဝက်အကောင်ရေက ၂၀၀၀ ကျော်ရှိပြီ၊ ဒါပေမဲ့ ဝက်နဲ့ ပတ်သက်တာ အကုန်လုံးကို မရှင်းနိုင်ဘူးဆိုတော့ လောလောဆယ် ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေကို ပိတ်လိုက်ရတာပါ" လို့ NDAA အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က ပြောပါတယ်။

ပိတ်ပင်လိုက်တဲ့ ဝက်ထွက်ကုန်ပစ္စည်းတွေကတော့ ဝက်သား၊ ဆားဝက်သား၊ ဝက်သားခြောက်၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်နဲ့ ရေခဲရိုက် ဝက်သားတွေ ဖြစ်ပြီး လက်ရှိ ဒေသတွင်း သိုလှောင်ထားတဲ့ ဝက်ထွက်ပစ္စည်းတွေကိုလည်း ချိတ်ပိတ်သိမ်းဆည်းထားရမယ်လို့ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) ဒေသန္တရအုပ်ချုပ်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

အခုဖြစ်နေတဲ့ ဝက်တုပ်ကွေးဟာ အိမ်နီးချင်းနိုင်ငံက ကူးစက်လာတာဖြစ်တဲ့ အာဖရိက ဝက်တုပ်ကွေးရောဂါ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

၀က်တုပ်ကွေးကြောင့် တရုတ်ပြည်မှာတော့ ဝက်အရှင်တွေကို မြေမြုပ်သုတ်သင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၀က်တုပ်ကွေးကြောင့် တရုတ်ပြည်မှာတော့ ဝက်အရှင်တွေကို မြေမြုပ်သုတ်သင်ခဲ့

"တရုတ်ထဲမှာတော့ ကြီးကြီးကျယ်ကျယ် နှိမ်နင်းရေးတွေ လုပ်ထားတယ်၊ ဒါပေမဲ့ မိုင်းလားမှာတော့ ဝက်ထွက်ကုန်တွေကို ၁ လ၊ ၂ လ လောက်အထိ ပိတ်ထားမယ်" လို့ ဦးကြည်မြင့်က ပြောပါတယ်။

လက်ရှိမှာ အထူးဒေသ ၄ မိုင်းလားအပါအဝင် ရှမ်းပြည်အရှေ့ပိုင်းက ကျိုင်းတုံ၊ တာချီလိတ် စတဲ့မြို့တွေမှာလည်း ဝက်တွေအများအပြား သေဆုံးနေတာတွေရှိနေပါတယ်။

တာချီလိတ်မြို့နယ် ကျန်းမာရေးဌာနရဲ့ ဒုညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်စိုးက "ဝက်တွေ ဘာရောဂါနဲ့ သေနေလဲဆိုတာတော့ မသိရသေးပါဘူး၊ လောလောဆယ်မှာတော့ ဖျားနေတဲ့ ဝက်တွေရဲ့ သွေးကို ဖောက်ပြီးတော့ ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်နေပါတယ်" လို့ ပြောပါတယ်။

တကယ်တော့ အာဖရိက ဝက်တုပ်ကွေးရောဂါဟာ ဝက်အချင်းချင်း ကူးစက်တာဖြစ်ပြီး လူကို ကူးစက်မှုတော့ မရှိသေးပါဘူး။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကတော့ ဝက်တုပ်ကွေးရောဂါနဲ့ ပတ်သက်လို့ ပြည်တွင်းကို ကူးစက်မှု မရှိသေးဘူး လို့ ဘီဘီစီကို ပြောပါတယ်။

မိုင်းလားအထူးဒေသ ၄ အဖွဲ့ကတော့ လောလောဆယ်မှာလည်း ဒေသတွင်းဖြစ်နေတဲ့ ဝက်တုပ်ကွေးကို သုတ်သင်ရှင်းလင်းဖို့ ပြည်ထောင်စုအစိုးရနဲ့ တရုတ်နိုင်ငံဘက်ဆီကို အကူအညီတွေ တောင်းထားတယ်လို့ ပြောပါတယ်။

"ပြည်မကို ဒီရောဂါ မရောက်ဖို့က အရေးကြီးတယ်၊ ငြိမ်းချမ်းရေးကော်မရှင်ကနေတဆင့် အစိုးရကို အကူအညီတောင်းထားတယ်၊ တရုတ်ဘက်မှာလည်း ဒီရောဂါနဲ့ အတွေ့အကြုံရှိတော့ အကူအညီတောင်းထားတယ်၊ ကျွန်တော်တို့လည်း ရွာတွေကို ဆင်းပြီး ရှင်းလင်းရေး လုပ်နေပါတယ်" လို့ NDAA အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က ပြောပါတယ်။