တရုတ် ဓာတ်အားပေး စီမံကိန်း ရန်ပွဲမှာ အလုပ်သမား တစ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရုတ်ရင်းနှီးမြှုပ်နှံမှုပါဝင်တဲ့ ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးမှာ တရုတ်အလုပ်သမားတွေနဲ့ ဘင်္ဂလားဒေ့ရှ် အလုပ်သမားတွေ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ရန်ဖြစ်ခဲ့လို့ ရဲက ဝင်ဖြိုခွင်းခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း ပြည်နယ်တစ်ခု ဖြစ်တဲ့ ပါတုယက်ခါလီမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ ရန်ပွဲမှာ တရုတ်အလုပ်သမားတစ်ယောက် သေဆုံးခဲ့တယ်လို့ ဘီဘီစီကို ရဲက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အလုပ်သမားတစ်ယောက် လုပ်ငန်းခွင်မှာ သေဆုံးမှုနဲ့ ပတ်သက်ပြီး အခုလို ရန်ပွဲဖြစ်ခဲ့တာပါ။ အဲဒီအလုပ်သမား သေဆုံးမှုကို တရုတ်တွေက ဖုံးကွယ်ဖို့ ကြိုးစားတယ်လို့ ဒေသခံ အလုပ်သမားတွေက စွပ်စွဲခဲ့ကြပါတယ်။ အဲဒီနောက် ဒီအကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။
အခြေအနေတွေ ပြန်တည်ငြိမ်သွားအောင် ရဲအင်အား ၁၀၀၀ မက သုံးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အခုနှစ်ပိုင်းတွေမှာ တရုတ်ကုမ္ပဏီကြီးတွေဟာ ဘင်္ဂလားဒေ့ရှ်မှာ အများအပြားလာပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေပါတယ်။ လမ်းတွေ၊ တံတားတွေ၊ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
တချို့နေရာတွေမှာ တရုတ်အလုပ်သမားတွေကြောင့် ဒေသခံတွေနဲ့ တင်းမာမှုတွေ ဖြစ်စေတယ်လို့ သတင်းတွေက ဆိုပါတယ်။
အခု ခိုက်ရန် ဖြစ်ပွားခဲ့တဲ့ စက်ရုံဟာ မြို့တော် ဒါကာနဲ့ ၁၂၄ မိုင် အကွာလောက်မှာ ရှိပါတယ်။ အဲဒီ စက်ရုံမှာ အလုပ်သမား ၆၀၀၀ လောက်ရှိပြီး အဲဒီထဲက ၂၀၀၀ လောက်က တရုတ်အလုပ်သမားတွေ ဖြစ်ပါတယ်။
ဇွန်လ ၁၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ် အလုပ်သမားတစ်ယောက် အမြင့်က ပြုတ်ကျသေဆုံးမှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှု ဖြစ်ခဲ့ကြပါတယ်။ အဲဒီနောက် အုပ်စုနှစ်စု ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။
ဒီတိုက်ခိုက်မှုထဲမှာ လူ ၁၀ ယောက်ထက်မက ဒဏ်ရာရခဲ့ပြီး အဲဒီထဲက ခြောက်ယောက်ဟာ တရုတ်အလုပ်သမားတွေ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။ ဒီထဲကမှ ခေါင်းထိသွားတဲ့ တရုတ်အလုပ်သမားတစ်ယောက် ဆေးရုံမှာ သေဆုံး သွားခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီလို့ ဒေသ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဖမ်းဆီးတာတွေ မလုပ်ခဲ့ဘူးလို့ဆိုပြီး အခြေအနေတွေက အခု ပြန်တည်ငြိမ်နေပြီလို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒေသခံတွေနဲ့ တရုတ်စီမံကိန်းတွေအကြား မပြေလည်မှုတွေဟာ အရင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကလည်း ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းမှာ ဆောက်နေတဲ့ တရုတ် လျှပ်စစ် ဓာတ်အားပေးလုပ်ငန်းကို ဒေသခံ ရွာသားတွေက ဆန္ဒပြကြရာကနေ ရဲက သေနတ်ပစ်ဖောက်ဖြိုခွင်းတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်မှာ လူလေးယောက် သေဆုံးခဲ့ပါတယ်။
တရုတ်အစိုးရရဲ့ ကမ္ဘာအနှံ့က အဓိက ဆောက်လုပ်ရေး စီမံကိန်းတွေဟာ ရပ်ဝန်းနဲ့လမ်း စီမံကိန်းရဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ အဲဒီစီမံကိန်းကို တရုတ်ပိုးလမ်းမသစ် အဖြစ်ရှုမြင်ကြပါတယ်။ ဒီလမ်းကြောင့် တရုတ်ရဲ့ကုန်စည်တွေကို မြန်မြန်ဆန်ဆန် စီးဆင်းစေနိုင်ဖို့ ရည်ရွယ်ပါတယ်။
ဝေဖန်သူတွေကတော့ ဒါဟာ တရုတ်ရဲ့ ပထဝီ နိုင်ငံရေးနဲ့ မဟာဗျူဟာမြောက် လွှမ်းမိုးလိုမှု အတွက် လုပ်ဆောင်ချက်လို့ သုံးသပ်ကြပါတယ်။








