ဘင်္ဂလားဒေ့ရှ် မြို့တော် ဒါကာမှာ မီးအကြီးအကျယ် လောင်၊ လူဒါဇင်နဲ့ချီ သေဆုံး
ဘင်္ဂလားဒေ့ရှ် မြို့တော် ဒါကာက ရှေးဟောင်း ရပ်ကွက် တစ်ခုမှာ အလျင်အမြန် တောက်လောင်ခဲ့တဲ့ မီးကြောင့် အနည်းဆုံး လူ ၆၉ ဦး သေဆုံးခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ ညနေပိုင်းက အထပ် အများအပြားရှိတဲ့ အဆောက်အအုံ တစ်ခုမှာ မီးစတင်လောင်ကျွမ်းခဲ့တယ် ပြောပါတယ်။ အဲဒီ အဆောက်အအုံရဲ့ အထပ် တစ်ခုမှာ မီးလောင်လွယ်တဲ့ ဓာတု ပစ္စည်းတွေ သိုလှောင်ထားတယ် လို့ သတင်းတွေကဆိုပါတယ်။
မီးက စတင်လောင်ကျွမ်းပြီးနောက်ပိုင်းမှာ အလျင်အမြန်ပဲ တခြား အဆောက်အအုံတွေကို ကူးစက်သွားတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်တွင်း မီဒီယာတွေက ရေးသားကြပါတယ်။
ကြာသပတေးနေ့ မနက်ပိုင်းမှာ တော့ မီးကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ အာဏာပိုင်တွေက ဘီဘီစီကို ပြောပါတယ်။
ဓာတ်ငွေ့ ပေါက်ကွဲရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်နိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် မီးသတ်ဌာနရဲ့ အကြီးအကဲ အလီအာမက်က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။
မီးစတင်လောင်ခဲ့တဲ့ အဆောက်အအုံရဲ့ မြေညီထပ်မှာ ဆိုင်ခန်းတွေ ရှိပြီး ပထမထပ်မှာတော့ ပလတ်စတစ်၊ အလှကုန်ပစ္စည်းနဲ့ ရေမွှေးတွေ သိုလှောင်ထားတယ်လို့ ဒေသခံ သတင်းဌာန ဝက်ဘ်ဆိုဒ် BDNews24 က ဖော်ပြပါတယ်။
အဆောက်အအုံရဲ့ အခြား အထပ်တွေမှာတော့ မိသားစုဝင်တွေ နေထိုင်ခဲ့ကြပါတယ်။
မီးလောင်ခဲ့တဲ့ ရပ်ကွက် ချော့ခ်ဘဇားက ဒါကာမြို့တော်မှာ ရာစုနှစ်တွေချီ သက်တမ်း ရှိခဲ့ပြီး အဆောက်အအုံတွေက တစ်ခုနဲ့ တစ်ခု ထိလုမတတ် နီးကပ်ကာ လမ်းတွေကလည်း အလွန် ကျဉ်းမြောင်းလှပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ရင်းမြစ်, Reuters
မီးက ဆက်စပ်နေတဲ့ အဆောက်အအုံတွေ တလျှောက် ဆက်တိုက် လောင်ကျွမ်းခဲ့တယ်လို့ မီးသတ် အကြီးအကဲ မစ္စတာ အာမက်က ပြောပါတယ်။
မီးလောင်ချိန်မှာ လမ်းတွေပေါ်မှာ ယာဉ်ကြော ပိတ်ဆို့နေလို့ မီး အလျင်အမြန် ကူးစက်တာကို လူတွေအနေနဲ့ လွတ်အောင် ထွက်မပြေးနိုင်ခဲ့ဘူးလို့ သူက ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ အဆောက်အအုံ အပြင်ဘက်က လူတွေလည်း ပါတယ်လို့ ဒါကာ မြို့တော် ရဲတပ်ဖွဲ့ ဒုတိယ ရဲမင်းကြီး အီဗရာဟင်ခန်းက အေအက်ဖ်ပီကိုပြောပါတယ်။ စားသောက်ဆိုင် တစ်ဆိုင်က စားသုံးသူ တချို့နဲ့ မင်္ဂလာပွဲ တစ်ခုက ဧည့်သည် တချို့ သေဆုံးခဲ့တယ် ဆိုပါတယ်။
သေဆုံးသူ အများစုကတော့ အဆောက်အအုံ အတွင်းမှာ ပိတ်မိပြီး မီးလောင်ဒဏ် ခံခဲ့ရတယ်လို့ သတင်းတွေက ရေးသားကြပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အဆောက်အအုံတွေ ဘေးကင်းလုံခြုံမှု ကင်းမဲ့တာက စဉ်ဆက်မပြတ် ဖြစ်ပေါ်နေတဲ့ ပြဿနာ တစ်ရပ် ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် တုန်းကလည်း ဒါကာမြို့တော်က အထည်ချုပ်စက်ရုံတွေ ရှိရာ ရာနာပလာဇာ အဆောက်အအုံ ပြိုကျခဲ့လို့ လူ ၁,၁၀၀ ကျော် သေဆုံးခဲ့ရပြီး လူထောင်ချီလည်း ဒဏ်ရာ ရခဲ့ပါတယ်။









