တရုတ်ကျောင်းသားတွေရဲ့ ကျူရှင်ခ တစ်နှစ် ဒေါ်လာ ၁၄ သန်းပေးသွားမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟောင်ကောင်က အချမ်းသာဆုံး သူဌေးကြီး လီကာရှင်းက တရုတ်တက္ကသိုလ်တစ်ခုမှာ တက်နေတဲ့ ကျောင်းသားတွေအထဲက အတန်းတစ်တန်းက ကျောင်းသားအကုန်လုံးအတွက် ကျောင်းလခတွေပေးသွားမယ်လို့ ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်က ရှန်တိုးတက္ကသိုလ်မှာ ၂၀၁၉ ခုနှစ် ပညာသင်နှစ်ကစလို့ တက်ရောက်ကြမယ့် ကျောင်းသားတွေအတွက် ကျောင်းလခကို ငါးနှစ်စာ ပေးသွားမှာ ဖြစ်ပြီး သူတည်ထောင်ထားတဲ့ လီကာရှင်းဖောင်ဒေးရှင်းကတဆင့် ပေးသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်က ချမ်းသာကြွယ်ဝသူတွေကို စာရင်းပြုစုတဲ့ ဖော့ဘ်စ်မဂ္ဂဇင်းရဲ့ အဆိုအရ မစ္စတာလီကာရှင်းရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ ၃၀.၄ ဘီလျံရှိတယ်လို့ ဆိုပါတယ်။ မစ္စတာလီဟာ အခုဆို အသက် ၉၀ ရှိပါပြီ။
ပြီးခဲ့တဲ့လကလည်း အမေရိကန်က ဘီလျံနာသူဌေးကြီး ရောဘတ် အက်ဖ်စမစ်က အမေရိကန်ကောလိပ်တစ်ခုက အတန်းတစ်တန်းမှာ ရှိတဲ့ ကျောင်းသားတွေ ချေးယူထားတဲ့ ကျောင်းချေးငွေတွေ အားလုံးကို သူက စိုက်ထုတ်ပြန်ဆပ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ကျောင်းသား ၄၀၀ လောက်ရဲ့ ချေးငွေတွေကို သူက ပြန်ပေးလိုက်တာပါ။
အခု မစ္စတာလီ စိုက်ထုတ်ပေးမယ့် ငွေက တစ်နှစ်ကို ယွမ် သန်း ၁၀၀၊ အမေရိကန်ဒေါ်လာနဲ့ ၁၄ သန်းခွဲလောက်ရှိပါတယ်။
အခုအစီအစဉ်ဟာ မိသားစုတွေကို ငွေကြေးဝန်ထုပ်ဝန်ပိုးပိစေခြင်းက သက်သာစေပြီး ကျောင်းသူကျောင်းသားတွေဟာလည်း သူတို့ဝါသနာပါရာကို လေ့လာသင်ကြားလို့ ရှုပ်ထွေးနက်ရှိုင်းလာနေတဲ့ ကမ္ဘာ့စီးပွားရေးရဲ့ စိမ်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ပိုအဆင်သင့်ဖြစ်လာစေလိမ့်မယ်လို့ မျှော်လင့်ကြောင်း လီကာရှင်းဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စူပါမင်း
မစ္စတာလီဟာ ဆင်းရဲတဲ့ဘဝကနေ ကြွယ်ဝချမ်းသာလာသူပါ။ သူ ငယ်ငယ်က စက်ရုံတွေမှာ တံမျက်စည်းလှည်းသူ လုပ်ခဲ့ရပါတယ်။ အခုတော့ ဖော့ဘ်စ်မဂ္ဂဇင်းစာရင်းအရ ၂၀၁၉ ခုနှစ်မှာ သူဟာ ကမ္ဘာ့အချမ်းသာဆုံးသူတွေစာရင်းမှာ နံပတ် ၂၈ မှာ ရှိပါတယ်။
သူဟာ သူ့စီးပွားရေး လုပ်ငန်းအရပ်ရပ်ကနေ ပြီးခဲ့တဲ့နှစ်က အနားယူခဲ့ပြီး သားအကြီးဆုံး ဗစ်တာလီကို လုပ်ငန်းတွေ ဦးစီးဖို့ လွှဲပေးခဲ့ပါတယ်။
မစ္စတာလီရဲ့ CK Hutchison Holdings နဲ့ CK Asset Holdings ကုမ္ပဏီတို့ဟာ ဂြိုဟ်တုဆက်သွယ်ရေး၊ စွမ်းအင်လုပ်ငန်းနဲ့ ကုန်တိုက်ကြီးတွေစတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေတာပါ။
မစ္စတာလီဟာ တရုတ်ပြည်မကြီးမှာ ပထမဆုံး သွားရောက်ရင်းနှီးမြုပ်နှံတဲ့ သူဌေးကြီးတွေထဲက တစ်ဦးဖြစ်ပြီး အဲဒီမှာ အိမ်ခြံမြေရောင်းဝယ်ရာက သူ့ရဲ့ ဓနအင်အားတိုးပွားလာတာဖြစ်ပါတယ်။
သူ့ကို ယူကေအစိုးရကလည်း ၂၀၀၀ ခုနှစ်မှာ ဆာဘွဲ့ပေးခဲ့ပါတယ်။ သူ့ရဲ့ စီးပွားရေးနယ်ပယ်မှာ အောင်မြင်မှု စွမ်းဆောင်နိုင်မှုတွေကြောင့် စူပါမင်းဆိုတဲ့ အနွတ္တသညာကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။
မစ္စတာလီမတိုင်ခင် ကျောင်းသားတွေကို ငွေကြေးထောက်ပံ့ကူညီခဲ့သူ အမေရိကန် နည်းပညာလုပ်ငန်း ကုဋေကြွယ်သူဌေးကြီးကတော့ ရောဘတ် အက်ဖ်စမစ်ပါ။
ပြီးခဲ့တဲ့လက ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့က တက္ကသိုလ်ကျောင်းဆင်းပွဲမှာ သူက ဘွဲ့ယူကျောင်းသားတွေကို သူတို့မှာ တင်နေတဲ့ ကျောင်းစရိတ်အကြွေးတွေကို သူအားလုံး စိုက်ပြီး ဆပ်ပေးမယ်လို့ ကြေညာလိုက်လို့ ကျောင်းသားတွေ အံ့အားတသင့် အပျော်ကြီး ပျော်သွားခဲ့ကြပါတယ်။
အဲဒီအတွက် သူက ဒေါ်လာ သန်း ၄၀ လောက် စိုက်ပေးမှာ ဖြစ်ပါတယ်။ အကြွေးကျေသွားကြမယ့် ကျောင်းသားကတော့ ၄၀၀ လောက်ရှိပါတယ်။









