အာဖဂန် ရွှေ့ပြောင်းတွေကို တူရကီ ပြန်ပို့ပြီ

ဓာတ်ပုံ ရင်းမြစ်, AFP
အာဖဂန်နစ္စတန်က ရာထောင်ချီရှိတဲ့ ရွှေ့ပြောင်း ဝင်ရောက်လာသူတွေကို စင်းလုံးငှား လေယာဉ်တွေနဲ့ ကာဘူးမြို့ကို တူရကီက စတင် ပြန်ပို့နေပါပြီ။
တူရကီကို တရားဝင် ရောက်လာသူတွေကို ကြိုဆိုပေမယ့် သူ့အဆိုအရ တရားမဝင် ရွှေ့ပြောင်း ၀င်ရောက်သူတွေကို သူတို့ဆန္ဒအရ နေရပ် ပြန်ပို့တာတွေ ဆက်လုပ်သွားမယ်လို့ တူရကီ ဝန်ကြီးချုပ် Binali Yildirim က ကာဘူးမြို့မှာ ပြောကြားခဲ့ ပါတယ်။
အခုနှစ် ပထမ သုံးလမှာတင် အာဖဂန် နစ္စတန်က စာရွက်စာတမ်းမဲ့ ရွှေ့ပြောင်း ၀င်ရောက်သူ နှစ်သောင်းနီးပါး ရှိတယ်လို့ တူရကီ လုံခြုံရေး အရာရှိတွေက ဆိုပါတယ်။
အာရှကနေ ဥရောပသွားဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းသူတွေ အတွက် တူရကီဟာ ဆုံရပ်နေရာတခု ဖြစ်ပါတယ်။
တူရကီဟာ၂၀၁၆ တုန်းက ဥရောပ သမဂ္ဂနဲ့ ညှိနှိုင်းထားချက်အရ ရွှေ့ပြောင်းဝင်ရောက်သူ ဦးရေကို လျော့ချပေးပေးဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
အခုတော့ ပထမဆုံး အသုတ်အနေနဲ့ အာဖဂန် နစ္စတန်က ပြောင်းရွှေ့ ၀င်ရောက်လာသူ ခြောက်ရာ ကို စတင် ပြန်ပို့ ပေးနေတာ ဖြစ်ပါတယ်။
အခုလို စစ်မက်ဖြစ်ပွားနေတဲ့ အာဖဂန် နစ္စတန်ကို ရွှေ့ပြောင်း ၀င်ရောက်လာသူတွေအား ပြန်ပို့ပေးနေတာဟာ အဲဒီလူတွေအပေါ် အသက်အန္တရာယ် ကျရောက်စေနိုင်တယ်လို့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။




