ထူးခြားမှု များစွာနဲ့ တိုကျို အိုလံပစ် ကွင်းသစ်ကြီး

ဓာတ်ပုံ ရင်းမြစ်, AFP
၂၀၂၀ တိုကျို အိုလံပစ်အတွက် ပြင်ဆင်နေတဲ့ ဂျပန်ဟာ အိုလံပစ်ဖွင့်ပွဲ မတိုင်ခင် ၇ လအလိုမှာ အားကစားပွဲတော်အတွက် လူ ၆၀၀၀၀ ဆံ့တဲ့ အိုလံပစ်အားကစားကွင်းကြီးကို တရားဝင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
၁၉၆၄ခုနှစ် ဂျပန်နိုင်ငံမှာပဲ ကျင်းပခဲ့တဲ့ တိုကျိုအိုလံပစ်တုန်းက အမျိုးသား အားကစားရုံကြီးကို ဆောက်ထားတဲ့နေရာမှာပဲ အိုလံပစ် ကွင်းသစ်ကြီးကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
ဒီအိုလံပစ် ကွင်းသစ်ကြီးက အရမ်းကို ထူးခြားခဲ့ပြီး မြေပေါ်မှာ ငါးထပ်၊ မြေအောက်မှာ နှစ်ထပ် ဆောက်ထားတာပါ။ အဲ့ဒီ ကွင်းသစ်ကြီးမှာ နွေရာသီ ရောက်ရင် နေရောင်ကို ကာကွယ်ဖို့ ကွင်းဘေးက အထပ်နေရာတွေမှာ သစ်ပင်တွေနဲ့ အလှဆင်ထားပါတယ်။
ဂျပန်ဗိသုကာ ကင်ဂိုကူမားက ဖန်တီးထားတဲ့ ဒီအားကစားကွင်းကြီးဟာ အရမ်းထူးခြားတာကြောင့် ဒီဇိုင်ဆုတွေ အများကြီး ရဖို့ ရှိနေတာပါ။ ကစားကွင်းရဲ့ အနားကွပ်အဝိုင်းနေရာတွေနဲ့ အမိုးတွေမှာ သစ်သားတွေကို သုံးထားပြီး သဘာဝနဲ့အနီးကပ် ဆက်စပ်တည်ရှိမှုကို ပြသထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဂျပန်နိုင်ငံ၊ တိုကျိုဟာ မြို့ပြဆန်လွန်းပေမယ့် ပန်းခြံတွေ စိမ်းလန်းတဲ့နေရာတွေ အများကြီးရှိတဲ့မြို့ပါ။ ဒါကြောင့်လည်း အိုလံပစ်အားကစား ကွင်းသစ်ကြီးကိုလည်း သဘာဝနဲ့ဆက်စပ်ပြီး အသုံးဝင်အောင် တည်ဆောက်ထားတာလို့ ကင်ဂိုကူမားက ဆိုပါတယ်။
ကောင်းကင်တောအုပ်လို့ ခေါ်ထားတဲ့ ငါးထပ် လူသွားစင်္ကြန် လမ်းဟာ ပေ ၁၀၀ အထက်မှာ ရှိပြီး မိုင်ဝက်လောက် ရှည်တဲ့ ကစားကွင်း ပတ်ပတ်လည် အဝန်းကို ပတ်ထားပါတယ်။ခုံတန်းလျားတွေ၊ ပန်းတွေ၊ သစ်ပင်တွေ စီတန်းထားတဲ့ ဒီလျှောက်လမ်းကနေ တိုကျိုကို အသက်ရှူ မှားလောက် အောင် ခံစားမြင်နိုင်ဖို့ ပြုလုပ်ထားသလို နေသာတဲ့နေ့ဆိုရင် အိုလံပစ် ကွင်းကြီးထဲ လျှောက်လမ်းတွေကနေ အနောက်ဘက်က ဖူဂျီတောင်ကို မြင်ရမှာဖြစ်ပါတယ်။ အိုလံပစ် အာကစား ပြိုင်ပွဲကြီး ပြီးသွားတဲ့ နောက်ပိုင်းမှာတော့ ဒီလျှောက်လမ်းကို အများပြည်သူတွေကို သုံးခွင့်ပေးမယ်လို့ အိုလံပစ် အားကစားကွင်းကို တည်ဆောက်တဲ့ ဂျပန် အားကစားကောင်စီကတော့ ဆိုပါတယ်။
ပွဲကြည့်စင်က ခုံတွေဟာ ပြေးလမ်း ကိုးလမ်း ပါတဲ့ ကွင်းပြင်ကနေ တဖြည်းဖြည်း မြင့်သွားပြီး အပေါ်ရောက်လေ စောက်က မတ်လေ ဖြစ်အောင် ပြုလုပ်ထားပါတယ်။ ဒီကွင်းသစ်ကြီးကို စုစုပေါင်း အမေရိကန် ဒေါ်လာ ၁.၄၃ ဘီလျံကျော် အကုန်အကျခံ တည်ဆောက်ထားပြီး ၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲကြီးရဲ့ ဗဟိုချက်ဖြစ်လာမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
လက်ရှိမှာတော့ တိုကျို အိုလံပစ်အတွက် ပရိသတ် ၆၈၀၀၀ ဆံ့ဝင်အောင် လုပ်ထားပြီး နောက်ပိုင်းမှာ ပရိသတ် ၈၀၀၀၀ အထိ တိုးချဲ့သွားဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒီကွင်းကြီးထဲမှာ ၁၉၆၄ တိုကျို အိုလံပစ်တုန်းက ဗိသုကာ လက်ရာ မွန် အများအပြား ချန်ထားနိုင်ခဲ့ပါတယ်။ အရင် အဟောင်းထဲကနေ အထင်ရှားဆုံးဖြစ်တဲ့ ဂရိနတ်ဘုရား မနီကီကို ကျောက်စီနံရံ ပန်းချီနဲ့ ဂန္ထဝင် ဂျပန် ဆူမိုနပန်းသမား နိုမီနိုဆူကူနေရဲ့ ကျောက်စီနံရံပန်းချီကားတွေကို ဒီကွင်းကြီးမှာ ထည့်သွင်းထားတာပါ။
ဂျပန် အိုလံပစ် ကွင်းသစ်ကြီးကို ပထမတုန်းကတော့ အီရတ်- ဗြိတိန် ဗိသုကာ ပညာရှင် ဇာဟာဟာဒစ်ရဲ့ လက်ရာနဲ့ တည်ဆောက်ဆို့ ပြင်ဆင်ခဲ့ပေမယ့် ကုန်ကျစရိတ်က အမေရိကန် ဒေါ်လ ၂ဘီလျံလောက်အထိ မြင့်တက်သွားနိုင်တာကြောင့် အဲ့ဒီ အစီစဉ်ကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာမှာ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုဘာဘေးက ဖျက်သိမ်းခဲ့တာပါ။ အဲ့ဒီနောက် ဂျပန်ဗိသုကာ ကင်ဂိုကူမားကို ရွေးချယ်ခဲ့ပြီး တည်ဆောက်စေခဲ့ပါတယ်။ မူလ ဒီဇိုင်းတုန်းက အိုလံပစ် ကွင်းကြီးဟာ မီတာ ၇၀လောက်အထိ မြင့်ပြီး တိုကျိုမြို့ ရဲ့ကောင်းကင်မြင်ကွင်းကို ထိခိုက်နိုင်ခြေ ရှိတာကြောင့် ဒီဇိုင်းသစ်မှာ ၄၇မီတာအထိ လျော့ပြီး အိုလံပစ် ကွင်းကြီးကို တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
တိုကျို အိုလံပစ် ကွင်းသစ်ကြီးကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က အများပြည်သူအတွက် ဖွင့်လှစ်ပေးခဲ့ပြီး အဲ့ဒီပွဲကို နာမည်ကျော် အပြေးချန်ပီယံဟောင်း အိုလံပစ် ရွှေတံဆိပ် ၈ ဆုရှင် ယူစိန်ဘော့ဂ်လည်း တက်ရောက်ခဲ့ပါတယ်။ တိုကျို အိုလံပစ် ကွင်းသစ်ကြီးရဲ့ ပထမဆုံးပွဲကိုတော့ လာမယ့်မယ့် ၂၀၂၀ခုနှစ်၊ ဇန်နဝါရီ ၁ မှာ ပြုလုပ်မှာပါ။ အဲ့ဒီနေ့မှာ ဂျပန် ဘောလုံးလိဂ်ပြိုင်ပွဲဖြစ်တဲ့ ဂျေလိဂ်ရဲ့ ချန်ပီယံလုပွဲ ဖြစ်တဲ့ အင်ပါရာဖလားကို ကျင်းပမှာဖြစ်ပါတယ်။ ဂျပန်ကတော့ ၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲအတွင်း သူတို့ရဲ့ ကွင်းသစ်ကြီးကို ပုံမှန်ထက် ၇လကျော် စောပြီးအောင် တည်ဆောက်နိုင်ခဲ့သလို အကောင်းဆုံး အိုလံပစ် ပြိုင်ပွဲကြီး တစ်ခုဖြစ်အောင် ကျင်းပမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နွေရာသီ အိုလံပစ်ပြိုင်ပွဲ
ဖွင့်ပွဲ - ဇူလိုင် ၂၄ရက်၊ ၂၀၂၀ခုနှစ်
ပိတ်ပွဲ - သြဂုတ်လ ၉ရက်၊ ၂၀၂၀ ခုနှစ်








