အန်ဒီရူအီ ကို နိုင်ပြီး ဟဲဗီးဝိတ် ချန်ပီယံ ပြန်ဖြစ်လာတဲ့ အန်တိုနီဂျော့ရှုဝါ

ဓာတ်ပုံ ရင်းမြစ်, AFP
စနေနေ့ကတော့ ဟဲဗီးဝိတ်တန်းက လက်ဝှေ့ပွဲ တစ်ပွဲ ထိုးသတ်ခဲ့ကြပြီး ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။ အာရှတိုက်၊ အရှေ့အလယ်ပိုင်းက ဆော်ဒီအာရေဗျနိုင်ငံမှာ လက်ရှိ ဟဲဗီးဝိတ်တန်းက လက်ရှိ WBA, WBO, IBF, IBO ချန်ပီယံ မက္ကဆီကို-အမေရိကန်နိုင်ငံသား အန်ဒီ ရူအီနဲ့ ဗြိတိန်က ချန်ပီယံဟောင်း အန်တိုနီ ဂျော့ရှုဝါ တို့ မကျေပွဲအဖြစ် ထိုးသတ်ခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ဇွန်လတုန်းက အမေရိကန်နိုင်ငံ၊ လတ်စ်ဗေးဂတ်စ်မှာ မထင်မှတ်ဘဲ ချန်ပီယံ အန်တိုနီ ဂျော့ရှုဝါ ကို အနိုင်ယူခဲ့တဲ့ အန်ဒီ ရူအီဟာ သူ့ရဲ့ခါးပတ် ကာကွယ်ပွဲ အဖြစ် ပြန်ထိုးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦး ဘယ်နိုင်ငံမှာ မကျေပွဲ ပြန်ပြီး ထိုးသတ်မယ်ဆိုတာကို အချိန်တော်ကြာ ဆွေးနွေးခဲ့ကြပြီး နောက်ဆုံး အရှေ့အလယ်ပိုင်းက ဆော်ဒီနိုင်ငံမှာ ထိုးသတ်ဖို့ သဘောတူခဲ့ကြတာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲ ၂၃ပွဲမှာ မထင်မှတ်ဘဲ ပထမဆုံး ရှုံးပွဲတွေ့ခဲ့တဲ့ လန်ဒန်ဖွား အင်္ဂလန်နိုင်ငံသား ဂျော့ရှုဝါ ဟာ ၆လကျော်အတွင်း အပြင်းအထန် လေ့ကျင့်ခဲ့ပြီး မကျေပွဲကို အနိုင်ရဖို့ ပြင်ဆင်ခဲ့တာပါ။ အန်ဒီ ရူအီကတော့ ချန်ပီယံဖြစ်ခဲ့တုန်းကထက် ကိုယ်အလေးချိန်ပိုလာခဲ့သလို ပြင်ဆင်မှုပိုင်း အားနည်းခဲ့တယ်လို့ မီဒီယာတွေက ပွဲမတိုင်ခင်မှာကတည်းက ဝေဖန်ခဲ့ကြတာပါ။
စနေနေ့က ထိုးသတ်ခဲ့တဲ့ အဲ့ဒီပွဲမှာ ရူအီက သူ့ထက် အရပ်မောင်းကောင်းပြီး လက်တံပိုရှည်တဲ့ ဂျော့ရှုဝါ ကို အသာစီး မထိုးနိုင်ခဲ့သလို ဗြိတိန် လက်ဝှေ့သမားရဲ့ လျင်မြန်နဲ့ လှုပ်ရှားမှုတွေကို မလိုက်နိုင်ဘဲ ခက်ခက်ခဲခဲ ထိုးသတ်ခဲ့ရတာပါ။ ဂျော့ရှုဝါ ကတော့ ပထမ ပွဲတုန်းကလို မဟုတ်ဘဲ နည်းဗျူဟာ ကျကျ ထိုးသတ်ခဲ့သလို ခံစစ်ကို ပိုအသားပေးပြီး အမှတ်ပေးယူသွားခဲ့တာပါ။ အစောပိုင်း ၇ချီအထိ ဂျော့ရှုဝါကပဲ အချီတိုင်းကို အသာရခဲ့ပြီး ဦးဆောင်ခဲ့ပါတယ်။ ရူအီကတော့ နောက်ပိုင်းမှာ အလဲထိုးဖို့ ကြိုးစားခဲ့ပေမယ့် ဂျော့ရှုဝါ က ပါးပါးနပ်နပ်နဲ့ပဲ ၁၂ချီ အပြီးထိ ထိုးသတ်ခဲ့ပါတယ်။ ပွဲအပြီး အရှုံးအနိုင် မပေါ်ခဲ့လို့ အမှတ်နဲ့ ဆုံးဖြတ်ရာမှာတော့ ဒိုင်လူကြီး ၃ဦးစလုံးကတော့ ၁၁၈-၁၁၀မှတ်၊ ၁၁၈-၁၁၀မှတ်၊ ၁၁၉-၁၀၉မှတ်နဲ့ ဂျော့ရှုဝါကို အနိုင်ပေးခဲ့ပါတယ်။ ၃၀နှစ် ရှိပြီဖြစ်တဲ့ အန်တိုနီ ဂျော့ရှုဝါ အတွက် ဟဲဗီးဝိတ် ချန်ပီယံဆုကို ဒုတိယအကြိမ် ရခဲ့တာဖြစ်ပြီး WBA, WBO, IBF, IBO ဟဲဗီးဝိတ်တန်းတွေရဲ့ ချန်ပီယံ ပြန်ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ပရော်ဖက်ရှင် လက်ဝှေ့သက်တမ်းတစ်လျောက် လက်ဝှေ့ပွဲပေါင်း ၂၄ပွဲ ထိုးထားတဲ့ ဂျော့ရှုဝါ ဟာ ၂၃ပွဲနိုင်ထားကာ ၂၁ပွဲ အလဲထိုးထားပြီး ၁ပွဲသာ ရှုံးထားသူဖြစ်ပါတယ်။ အန်ဒီ ရူအီကလည်း ၃၅ပွဲမှာ ၃၃ပွဲနိုင်ခဲ့ကာ ၂ပွဲရှုံးထားသူဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ တစ်ပွဲစီ အနိုင်ရထားကြလို့ တတိယမြောက်ပွဲကို ဆက်ပြီး ထိုးသတ်မှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့ ဂျော့ရှုဝါက ဆုကြေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ အထိရရှိခဲ့ပြီး ရှုံးခဲ့တဲ့ ရူအီက အမေရိကန် ဒေါ်လာ ၁၀သန်းကျော် ရခဲ့ပါတယ်။ ဂျော့ရှုဝါရဲ့ ပွဲစီစဉ်သူ အက်ဒီကတော့ သူတို့နှစ်ဦးရဲ့ မကျေပွဲ အပြင် လက်ရှိ ဟဲဗီးဝိတ်တန်းက နာမည်ကျော်တွေဖြစ်တဲ့ WBC ချန်ပီယံ ဒီအွန်တေ ဝေါ်လ်ဒါ၊ ရှုံးပွဲမရှိသေးတဲ့ ချန်ပီယံဟောင်း တိုင်ဆန် ဖြူရီတို့နဲ့ ထိပ်တိုက် ပွဲလည်း ဖြစ်လာနိုင်တယ်လို့ ဆိုခဲ့ပါတယ်။




