ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပဲရစ် မာစတာ စီးရီးမှာ ၅ကြိမ်မြောက် ချန်ပီယံ ဖြစ်တဲ့ ဂျိုကိုဗစ်
ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ပဲရစ် မာစတာ တင်းနစ် ပြိုင်ပွဲမှာတော့ ဆားဘီးယားက နိုဗတ် ဂျိုကိုဗစ် ဗိုလ်စွဲခဲ့ပါတယ်။ ၃၂နှစ် အရွယ်ရှိတဲ့ ဂျိုကိုဗစ်ဟာ ဖိုင်နယ်မှာ ကနေဒါနိုင်ငံက လူငယ် တင်းနစ်သမား ရှာပိုဗာလော့ဗ်ကို ၂ပွဲပြတ် နိုင်ပြီး ချန်ပီယံဖြစ်ခဲ့တာပါ။ မနှစ်တုန်းက ဖိုင်နယ်အထိ တက်ခဲ့ပြီးမှ ဒုတိယပဲ ရခဲ့တဲ့ ဂျိုကိုဗစ် အတွက်တော့ ဒီပြိုင်ပွဲမှာ ၅ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့တာပါ။
ဂျိုကိုဗစ်ဟာ အဓိက ပြိုင်ဖက် ရာဖာ နာဒါးလ်နဲ့ ကမ္ဘာ့အဆင့် ၁နေရာအတွက် အပြိုင်ဖြစ်နေချိန်မှာ ဆီမီးဖိုင်နယ်ပွဲအပြီး လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာပြီး နှုတ်ထွက်သွားတဲ့ နာဒါးလ်ကြောင့်ရှာပိုဗာလော့ဗ်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဖိုင်နယ်မှာ ၆-၃၊ ၆-၄ နှစ်ပွဲပြတ်နဲ့ လွယ်လွယ်ကူကူနိုင်ခဲ့တဲ့ ဂျိုကိုဗစ်အတွက်တော့ ဒီနှစ် ရာသီအတွင်း ဂရန်စလန် ချန်ပီယံ ၂ကြိမ် အပါအဝင် ပြိုင်ပွဲ ၅ခုမှာ ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ တင်းနစ် ကစားသမား သက်တမ်းတစ်လျောက် အမှတ် ၁၀၀၀ ပေးတဲ့ မာစတာ ပြိုင်ပွဲတွေမှာ ၃၄ကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့တာဖြစ်ပြီး ATP တင်းနစ်ပြိုင်ပွဲတွေမှာ ၇၂ကြိမ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဂရန်စလန် ၁၆ကြိမ် ချန်ပီယံဖြစ်ထားတဲ့ ဂျိုကိုဗစ်ဟာ လက်ရှိမှာတော့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁နေရာမှာ ဆက်ရှိနေမှာ ဖြစ်ပေမယ့် တနင်္လာနေ့ အသစ်ထုတ်ပြန်မယ့် အဆင့်သတ်မှတ်ချက်မှာတော့ နဒါးလ်နောက် ဒုတိယနေရာကို ကျသွားမှာ ဖြစ်ပါတယ်။ နာဒါးလ်နဲ့ ဂျိုကိုဗစ်တို့ဟာ ရာသီကုန်မှာ ဘယ်သူ ကမ္ဘာ့အဆင့် ၁နေရာနဲ့ အဆုံးသတ်ကြမလဲ အပြိုင်ဖြစ်နေကြတာဖြစ်ပြီး ရာသီပိတ် ATP World Tour Final ကို လာမယ့် ၁၀ရက်နေ့၊ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။
ဂျိုကိုဗစ်ဟာ လန်ဒန်မှာ ကျင်းပမယ့် ရာသီပိတ် ပြိုင်ပွဲကိုတော့ ၅ကြိမ် ဗိုလ်စွဲထားဖူးပြီး ပြီးခဲ့တဲ့နှစ် ဖိုင်နယ်မှာတော့ ရှုံးထားပါတယ်။ နာဒါးလ်ကတော့ မာစတာစီးတီး ပြိုင်ပွဲတွေမှာ ၃၅ကြိမ်နဲ့ အအောင်မြင်ဆုံး ကစားသမားဖြစ်ပေမယ့် ရာသီပိတ်ပွဲကိုတော့ တစ်ကြိမ်မှ ချန်ပီယံမဖြစ်သေးဘဲ ရှိနေတာပါ။ ဂျိုကိုဗစ်ဟာ ရာသီပိတ်မှာ ကမ္ဘာ့အဆင့် ၁နဲ့ ၅ကြိမ် အဆုံးသတ်ဖူးပြီး နာဒါးလ်ကတော့ ၄ကြိမ် ရဖူးပါတယ်။
ပဲရစ် မာစတာ နောက်ဆုံး ၅နှစ် ချန်ပီယံများ
၁) ဂျိုကိုဗစ် ( ဆားဘီးယား) - ၂၀၁၉
၂) ကာရန် ( ရုရှား) - ၂၀၁၈
၃) ဂျတ်ဆော့ ( အမေရိကန်) - ၂၀၁၇
၄) မာရေး (ဗြိတိန် ) - ၂၀၁၆
၅) ဂျိုကိုဗစ် ( ဆားဘီးယား) - ၂၀၁၅
မာစတာစီးရီး အောင်မြင်မှု
၁) နာဒါးလ် ( စပိန် ) - ၃၅ကြိမ်
၂) ဂျိုကိုဗစ် ( ဆားဘီးယား) - ၃၄ကြိမ်
၃) ဖက်ဒါရာ ( ဆွစ်ဇာလန် ) - ၂၈ကြိမ်
၄) အီဗန် လန်ဒယ် ( ချက်) - ၂၂ကြိမ်
ရာသီပိတ် ကမ္ဘာ့အဆင့် ၁များ
၁) ဆမ်းပရပ်စ် ( အမေရိကန် ) - ၆ကြိမ်
၂) ဂျေမီကော်နာ ( အမေရိကန်) - ၅ကြိမ်
၂) ဖက်ဒါရာ ( ဆွစ်ဇာလန် ) - ၅ကြိမ်
၂) ဂျိုကိုဗစ် ( ဆားဘီးယား) - ၅ကြိမ်
ATP တင်းနစ်ပြိုင်ပွဲ အောင်မြင်မှု
၁) ဂျင်မီ ကော်နာ ( အမေရိကန် ) - ၁၀၉ကြိမ်
၂) ဖက်ဒါရာ ( ဆွစ်ဇာလန် ) - ၉၉ကြိမ်
၃) အီဗန်လန်ဒယ် ( ချက်) - ၉၄ကြိမ်
၄) နာဒါးလ် ( စပိန် ) - ၈၀ကြိမ်
၅) ဂျွန်မက်အန်ရို ( အမေရိကန်) - ၇၇ကြိမ်
၆) ဂျိုကိုဗစ် ( ဆားဘီးယား) - ၇၂ကြိမ်