စိန်ခေါ်သူ ဝီလန်ကို အနိုင်ယူပြီး ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းနိုင်တဲ့ တိုင်ဆန်ဖျူရီ

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အကြိတ်အနယ် ထိုးသတ်ခဲ့ရပေမယ့် အမှတ်နဲ့ အနိုင်ရခဲ့တဲ့ တိုင်ဆန်ဖျူရီ
ရေးသားခဲ့သည်။

မနေ့ညက ထိုးသတ်ခဲ့တဲ့ ဟဲဗီးဝိတ်တန်း လက်ဝှေ့ပွဲမှာတော့ ရှုံးပွဲ လုံးဝမရှိသေးတဲ့ အင်္ဂလန် နိုင်ငံသား တိုင်ဆန်ဖျူရီက ဆွီဒင်နိုင်ငံသား အော်တို ဝီလန်ကို အမှတ်နဲ့ အနိုင်ယူခဲ့ပါတယ်။ အငြင်းပွားဖွယ်မရှိဘဲ ဟဲဗီးဝိတ်တန်းမှာ ခါးပတ် ၃ခုအထိရပြီး ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ တိုင်ဆန်ဖျူရီဟာ ဒီပွဲမှာတော့ ခက်ခက်ခဲခဲ ထိုးသတ်ခဲ့ရတာပါ။ ပွဲအစချီတွေမှာ စိန်ခေါ်သူ ဝီလန်က ခပ်မြန်မြန်ထိုးပြီး တိုင်ဆန်ဖျူရီကို အလဲထိုးဖို့ ပြင်ဆင်လာပါတယ်။

၃ချီမှာ ဝီလန်ရဲ့ ထိုးချက်ကြောင့် တိုင်ဆန်ဖျူရီရဲ့ ညာဖက်မျက်ခုံးကွဲသွားခဲ့ပြီး သွေးတွေကျတဲ့အထိ ဖြစ်ခဲ့တာပါ။ အဲ့ဒီအနေအထားက တိုင်ဆန်ဖျူရီအတွက် ခက်ခဲစေတဲ့ပွဲ တစ်ပွဲအဖြစ် ပြောင်းလဲသွားခဲ့တာပါ။ ပြိုင်ဖက်ကို သေချာမမြင်နိုင်တဲ့ အနေအထားက ၁၂ချီအတွင်း ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းအချီတွေမှာတော့ အသာစီးနဲ့ စိတ်ကြိုက် ထိုးသတ်ခဲ့ပါတယ်။

တိုင်ဆန်ဖျူရီဟာ ဝီလန်ကို လက်ရည်အသာနဲ့ ထိုးသတ်နိုင်ခဲ့ပေမယ့် ၁၂ချီပြီးတဲ့အထိ တစ်ဦးနဲ့ တစ်ဦး အလဲမထိုးနိုင်ကြလို့ အမှတ်နဲ့ အဆုံးအဖြတ်ခံယူရပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တိုင်ဆန်ဖျူရီဟာ ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၁၅သန်းကျော်ရခဲ့ပြီး ဝီလန်က ၂သန်းကျော် ရခဲ့ပါတယ်။

၃၁နှစ် အရွယ်ရှိတဲ့ တိုင်ဆန်ဖျူရီဟာ ပရော်ဖက်ရှင် လက်ဝှေ့ ပွဲပေါင်း ၃ဝပွဲ ထိုးသတ် အပြီးမှာတော့ ဒိုင်လူကြီး ၃ဦးစလုံးက ၁၁၆-၁၁၂မှတ်၊ ၁၁၇-၁၁၁မှတ်၊ ၁၁၈-၁၁ဝမှတ်နဲ့ အနိုင်ပေးခဲ့ပါတယ်။

၂၀၀၈ခုနှစ်မှာ ပရော်ဖက်ရှင်နယ် လက်ဝှေ့လောကထဲကို ရောက်လာခဲ့တဲ့ တိုင်ဆန်ဖျူရီဟာ ပွဲပေါင်း ၃ဝမှာ ရှုံးပွဲမရှိ ထိုးထားနိုင်ပြီး ၂၉ပွဲနိုင်၊ ၁ပွဲသရေကျထားပါတယ်။ အဲ့ဒီပွဲကလည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကက WBC ဟဲဗီးဝိတ်ချန်ပီယံ အမေရိကန်နိုင်ငံသား ဒီအွန်တေ ဝေါ်လ်ဒါနဲ့ သရေကျခဲ့တာပါ။ ဒီပွဲမှာ အမှတ်နဲ့ အနိုင်ရတဲ့ တိုင်ဆန်ဖျူရီဟာ ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၁၅သန်းကျော် ရရှိခဲ့ပြီး ရှုံးနိမ့်ခဲ့တဲ့ အော်တို ဝီလန်က ဒေါ်လာ ၂သန်းကျော် ရခဲ့ပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, လာမယ့် နှစ်ထဲ ဖေဖော်ဝါရီလ ၂၂ရက်နေမှာ WBC ချန်ပီယံ ဒီအွန်တေ ဝေါ်လ်ဒါ နဲ့ မကျေပွဲ ထိုးသတ်မယ့် တိုင်ဆန်ဖျူရီ

တိုင်ဆန်ဖျူရီဟာ ဒီအွန်တေ ဝေါ်လ်ဒါနဲ့ သရေပွဲဖြစ်ပြီးနောက် နာမည်ကျော် ရုပ်သံလိုင်း ESPN နဲ့ လက်ဝှေ့ပွဲ ၅ပွဲထိုးဖို့ စာချုပ်ချုပ်ဆိုထားသူပါ။ အဲ့ဒီ ၅ပွဲအတွက် ESPN က တိုင်ဆန်ဖျူရီကို အမေရိကန် ဒေါ်လာ သန်း ၁၀၀ အထိ ပေးချေရတာ ဖြစ်ပါတယ်။ တိုင်ဆန်ဖျူရီဟာ လာမယ့် နှစ်ထဲ ဖေဖော်ဝါရီလ ၂၂ရက်နေမှာတော့ ဒီအွန်တေ ဝေါ်လ်ဒါနဲ့ WBC ဟဲဗီးဝိတ် ခါးပတ် အတွက် မကျေပွဲထိုးသတ်ဖို့ စီစဉ်ထားပါတယ်။

တိုင်ဆန်ဖျူရီကတော့ အဲ့ဒီ မကျေပွဲမှာ ဒီအွန်တေကို အနိုင်ယူသွားမှာဖြစ်သလို နောက်ထပ် ဟဲဗီးဝိတ်တန်းက ခါးပတ်တွေဖြစ်တဲ့ WBA, IBF ခါးပတ်တွေကိုလည်း အရယူသွားမှာဖြစ်တယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။