အာဖရိကတိုက်က ကြက်တောင်ရိုက် ပြိုင်ပွဲနှစ်ခုမှာ ချန်ပီယံဖြစ်တဲ့ သက်ထားသူဇာ

atl

ဓာတ်ပုံ ရင်းမြစ်, Thet Htar Thuzar

ဓာတ်ပုံ ပုံစာ, ယူရန်ဒါ အင်တာနေရှင်နယ် စီးရီးမှာ ချန်ပီယံဖြစ်ခဲ့တဲ့ သက်ထားသူဇာ
ရေးသားခဲ့သည်။

မြန်မာ့ ဂုဏ်ဆောင် ကြက်တောင်ချန်ပီယံ သက်ထားသူဇာဟာ အာဖရိကတိုက်မှာ ကျင်းပခဲ့တဲ့ ကြက်တောင်ရိုက် ပြိုင်ပွဲ ၂ခုမှာ ဆက်တိုက် ချန်ပီယံဖြစ်လာခဲ့ပါတယ်။ သက်ထားသူဇာဟာ ဖေဖော်ဝါရီနဲ့ မတ်လ အတွင်း ကျင်းပခဲ့တဲ့ Uganda International Series 2019 အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲနဲ့ Kenya International Series 2019 အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ခဲ့တာပါ။

အသက် ၁၉ နှစ် အရွယ်သာရှိသေးတဲ့ သက်ထားသူဇာဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလတုန်းက နေပြည်တော်မှာ ကျင်းပ ခဲ့တဲ့ အာဆီယံ တက္ကသိုလ်များ အားကစား ပြိုင်ပွဲမှာ ခါးဒဏ်ရာ ရရှိခဲ့ပြီးနောက် ၁ လကျော် အနားယူနေခဲ့ရပြီး ဇန်နဝါရီလ ကမှ ပြန်လည် ကစားနိုင်ခဲ့တာပါ။

သက်ထားသူဇာဟာ ဖေဖော်ဝါရီ ၂၁ရက်ကနေ ၂၃ ရက်နေ့ အတွင်း ကျင်းပခဲ့တဲ့ Uganda International Series 2019 ပြိုင်ပွဲမှာ ဂျော်ဒန်သူ ဒိုမိုအမ်ရိုကို ၂ ပွဲပြတ် ရိုက်နိုင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဖိုင်နယ်မှာ သက်ထားသူဇာက ၂၁-၁၄၊ ၂၁-၁၂မှတ်နဲ့ အကောင်းဆုံး လက်စွမ်းပြပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, Thet Htar Thuzar

ဓာတ်ပုံ ပုံစာ, ယူဂန်ဒါ ချန်ပီယံဆုနဲ့ သက်ထားသူဇာ

တစ်ခါ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ရက်နေ့ကနေ မတ်လ ၃ရက်နေ့အထိ အာဖရိကတိုက် ကပဲ ကင်ညာ နိုင်ငံမှာ ကျင်းပခဲ့တဲ့ Kenya International Series 2019 ပြိုင်ပွဲမှာ ထပ်ပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။၃၂သင်းအဆင့်ကနေ စတင် ယှဉ်ပြိုင်ခဲ့ရပြီး ပွဲတိုင်းကို ၂ပွဲပြတ် အနိုင်ယူပြီး ဆီမီးတက် လာခဲ့တာ ဖြစ်ပါတယ်။ သက်ထားသူဇာဟာ ဆီမီးဖိုင်နယ်မှာ အီဂျစ်က ဆီဒင် ၁ရတဲ့ ဟာဒီယာ ဟော့နီကိုအနိုင်ရခဲ့ပြီး ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့သလို ဖိုင်နယ်မှာလည်း ယူဂန်ဒါ ပွဲတုန်းက အနိုင်ရခဲ့တဲ့ ဂျော်ဒန်သူကိုပဲ နောက်ထပ်၂ပွဲပြတ် ၂၁-၁၀၊ ၂၁-၁၀မှတ်နဲ့ နိုင်လို့ ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါ တယ်။

atl

ဓာတ်ပုံ ရင်းမြစ်, Thet Htar Thuzar

ဓာတ်ပုံ ပုံစာ, ၂၀၁၈ခုနှစ် အီဂျစ်မှာ ပထမဆုံး ချန်ပီယံ ဖြစ်ခဲ့

သက်ထားသူဇာဟာ ၂၀၁၈ခုနှစ်အတွင်းကလည်း Egypt International Series 2018 မှာ ချန်ပီယံ ဖြစ်ခဲ့သူဖြစ်လို့ နိုင်ငံတကာ အဆင့် ပြိုင်ပွဲ ၃ရပ်မှာ မြန်မာ့ အားကစား လောကအတွက် ဂုဏ်မြှင့်တင်ပေးနိုင်သူ ဖြစ်ပါ တယ်။ နှစ်ပွဲဆက် အောင်မြင်မှုတွေကြောင့် သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၁၈၁ကနေ ၁၅၀ အထိ တက်လာခဲ့သူ ဖြစ်ပြီး လာမယ့် ၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရအောင် ပစ်မှတ် ထားနေတယ်လို့ ဆိုပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, Thet Htar Thuzar

ဓာတ်ပုံ ပုံစာ, နိုင်ငံတကာ အဆင့် ပြိုင်ပွဲ ၃ခုမှာ ချန်ပီယံ ဖြစ်ထားတဲ့ မြန်မာ့ ဂုဏ်ဆောင် သက်ထားသူဇာ

သက်ထားသူဇာ နိုင်ငံတကာ အောင်မြင်မှု

Egypt International Series 2018 - ချန်ပီယံ

Uganda International Series 2019 - ချန်ပီယံ

Kenya International Series 2019 - ချန်ပီယံ

Nepal International Series 2018 - ဒုတိယ

Iran International Series 2018 - တတိယ