စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မယ်ပြော

လက်ရှိမြန်မာနိုင်ငံအတွင်း စက်သုံးဆီစျေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စျေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ နိုင်ငံခြားငွေ ကြေးစျေးကွက်က တစ်ဆင့် အမေရိကန်ဒေါ်လာ သန်း၂၀၀ ထောက်ပံ့ပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လုပ်အားခအပြည့်မရ၊ နားရက်မရှိ၊ ထမင်းနပ်မမှန်တဲ့ ဒူဘိုင်းနဲ့ အိုမန်ရောက် မြန်မာအမျိုးသမီးတွေ

  2. မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရ

    မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရ

    ဓာတ်ပုံ ရင်းမြစ်, ဗ.က.သများအဖွဲ့ချုပ်

    မိတ္ထီလာတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း မသဲစုနိုင်ကို မိတ္တီလာတရားရုံးက ဒီနေ့မှာ ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တယ်ဆိုပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က သတင်းထုတ်ပြန်ပါတယ်။

    မသဲစုနိုင်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ဖမ်းဆီးခံရပြီးနောက် ၉ လအကြာမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဒပုဒ်မ - ၅၂(က)နဲ့ တရားစွဲခံရပြီး အခုလိုထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။

    CDM ဆရာမတစ်ဦးလည်း ဖြစ်တဲ့ မသဲစုနိုင်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၂ ရက်မှာ ဖခင်နဲ့အတူ နေအိမ်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖမ်းဆီးတာ ခံခဲ့ရတယ်လို့ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဲဒီအချိန်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီနောက် ရက်ပိုင်းအကြာမှာ ဖခင်ဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပေမဲ့ မသဲစုနိုင်ရဲ့သတင်းဟာ ရက်အတော်ကြာအောင် ပျောက်ကွယ်နေခဲ့တာဖြစ်ပါတယ်။

    မီဒီယာအချို့ကတော့ မသံစုနိုင်တစ်ယောက် စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းခံနေရတဲ့ဓာတ်ပုံတချို့ကို ဖော်ပြရေးသားခဲ့ဖူးပါတယ်။

  3. မြောက်ဦးက လက်နက်ကြီးထိမှန်သေဆုံးခဲ့သူတွေရဲ့စျာပနပြုလုပ်

    မြောက်ဦးက လက်နက်ကြီးထိမှန်သေဆုံးခဲ့သူတွေရဲ့စျာပနပြုလုပ်

    ဓာတ်ပုံ ရင်းမြစ်, Western News

    ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်ကြား မနေ့က တိုက်ပွဲပြင်းထန်ချိန် လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့သူတွေထဲက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ထဲက ကင်းဆိပ်ကျေးရွာသားတွေရဲ့ စျာပနကို ဒီနေ့မှာ ပြုလုပ်သွားပါတယ်။

    စစ်ကောင်စီတပ်နဲ့ အေအေတပ်ဖွဲ့တို့ဟာ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာအနီးမှာ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပေမဲ့ ‌မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီတပ်ဟာ တိုက်ပွဲနဲ့ဝေးနဲ့ ကင်းဆိပ်ရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရသူ ၇ ဦးအထိရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    သေဆုံးသူ ၃ ဦးထဲက အသက်ခြောက်ဆယ်ကျော်အရွယ် ဒေါ်အေးယဥ်နုနဲ့ အသက် ၄၂ နှစ်အရွယ် ဦးလှအောင်သိန်းတို့ကိုတော့ ဒီနေ့မှာ မြောက်ဦးမြို့က မင်းသားကျွန်းသုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

    သေဆုံးသူ အသက် ၄ နှစ်အရွယ်ကလေးငယ် မောင်မြတ်သူလင်းကိုတော့ မနက်ဖြန် သြဂုတ်လ ၃၀ ရက်မှာ ဂူသွင်း သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။

    မောင်မြတ်သူလင်းရဲ့မိခင်က လက်နက်ကြီးကျရောက်ပေါက်ကွဲချိန် ဒဏ်ရာရခဲ့တာကြောင့် ‌မြောက်ဦးဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး ဖခင်ဖြစ်သူဟာလည်း မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာကြောင့် ကလေးငယ်ရဲ့စျာပနကို မိဘစုံစုံညီညီမတက်ရောက်နိုင်ဖြစ်နေပါတယ်။

  4. မိုးကုတ်အခြေပြုဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်, စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးတယ်လို့လည်း ဆို

    မိုးကုတ်အခြေပြုဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်

    ဓာတ်ပုံ ရင်းမြစ်, Thabeikkyin PDF NUG

    မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိုးကုတ်အခြေပြု ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဒီနေ့ သြဂုတ်လ ၂၉ ရက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်ဆိုပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်လာပါတယ်။

    လောင်းစင်ရွာနဲ့ ရေဝေကျေးရွာဘက်မှာဖြစ်တဲ့ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကားကို မိုင်းခွဲ တိုက်ခိုက်ခဲ့သလို ပစ်ခတ်တိုက်ခိုက်တာတွေလည်း လုပ်ခဲ့တယ်လို့ မိုးကုတ်အခြေပြု သပိတ်ကျင်း PDF အဖွဲ့ က ပြောပါတယ်။

    ‘’စစ်ကြောင်းကနေ ပြန်လာမယ်ဆိုတာသိလို့ လမ်းဘေးကနေ ဖြတ်တိုက်တာပါ။ သူတို့ကားက အင်အား ၃၀ လောက်ပါတယ်။ ကားပေါ်ကို လက်ပစ်ဗုံးလည်း ပစ်လိုက်တယ်။ အဲဒါကြောင့် အနည်းဆုံး စစ်သား ၁၅ ယောက် လောက်သေမယ်လို့ ကျွန်တော်တို့ ခန့်မှန်းတွက်ချက်ပါတယ်’’လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးရှိခဲ့သလို စစ်ကောင်စီဘက်ကလည်း ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

    မိုးကုတ်မြို့က အခုတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  5. ၁၈လတာအတွင်း ကရင်နဲ့စစ်ကိုင်း က အပြင်းထန်ဆုံးတိုက်ပွဲတွေရှိနေတဲ့ဒေသတွေဖြစ်, တိုက်ပွဲအကြိမ်ရေပေါင်း ၆ထောင်ကျော် ဖြစ်ပွားခဲ့တယ်လို့ ISP-Myanmar ထုတ်ပြန်

    စစ်အာဏာသိမ်းပြီးနောက် ၁၈ လတာကာလအတွင်း နိုင်ငံတဝန်းနီးပါး လက်နက်ကိုင်တိုက်ပွဲတွေဖြစ်ပွားနေပြီး ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ကတော့ အပြင်းထန်ဆုံးဒေသတွေဖြစ်တယ်လို့ စစ်ရေးနဲ့နိုင်ငံတကာဆက်ဆံရေး‌တွေကို လေ့လာသုတေသနပြုလုပ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး (ISP-Myanmar) အဖွဲ့က ဒီကနေ့ သြဂုတ် ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

    ကရင်ပြည်နယ်မှာ တိုက်ပွဲအကြိမ်ရေပေါင်း ၄ထောင်နီးပါးဖြစ်ပွားခဲ့ပြီး ဒါဟာ တစ်နိုင်ငံလုံး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ စုစုပေါင်းရဲ့ ၅၉ ရာခိုင်နှုန်းနီးပါးအထိ ရှိတယ်လို့ သုတေသနပြုချက်ကဖော်ပြပါတယ်။ နိုင်ငံအနှံ့ မြို့နယ်အလိုက်တိုက်ပွဲဖြစ်ပွားမှု နှိုင်းယှဉ်သုတေသနအရဆိုရင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှာ တိုက်ပွဲပေါင်း ၃,၇၃၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အကြိမ်ရေ အများဆုံး ဖြစ်တယ်လို့ဆိုပါတယ်။

    စစ်ကိုင်းတိုင်းမှာတော့ မြို့နယ်ပေါင်း ၃၇ မြို့နယ် ရှိတဲ့အထဲ ၃၄ မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တိုက်ပွဲပေါင်း ၆၄၁ ကြိမ်ထက်မနည်းဖြစ်ပွားထားတာတွေ့ရပါတယ်။

    ၁၈လကာအတွင်းနိုင်ငံတဝန်းလုံးနီးပါးမှာ တိုက်ပွဲပေါင်း အကြိမ်ရေ ၆ထောင်ကျော်ဖြစ်ပွားခဲ့တယ်လို့ လည်း ISP-Myanmar က မနေ့ သြဂုတ် ၂၈ ရက်ကထုတ်ပြန်ထားပါတယ်။

    ISP-Myanmar ရဲ့ သုတေသနအရဆိုရင် နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၆,၆၇၈ ကြိမ်မှာ ၆၀ရာခိုင်နှုန်းဖြစ်တဲ့ ၄,၀၅၂ ကြိမ်ထက်မနည်း ဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ(EAOs) အကြား ဖြစ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ (PDF/LDF/CDF/CNDF/ KNDF ) စတဲ့ အဖွဲ့တွေအကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲအကြိမ်ရေ ကတော့ ၁,၇၁၁ ကြိမ်ထက်မနည်း ရှိတယ်လို့ဆိုပါတယ်။

    စစ်ကောင်စီနဲ့ EAOs၊ ဒေသခံကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကတော့ အကြိမ်ရေ ၈၀၀ကျော်ရှိနေတာကိုလည်း တွေ့ရပါတယ်။ အဲဒီအပြင် EAOs တပ်ဖွဲ့အချင်းချင်းအကြား တိုက်ပွဲဖြစ်ပွားမှုကတော့ အကြိမ်ရေ ၅၀ နီးပါး ရှိခဲ့ပါတယ်။

    ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး ၊ ဒဏ်ရာရခဲ့ပုံ ဖြစ်စဥ်တွေနဲ့ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် ပမာဏ ကို သုတေသနပြုခြင်းဖြင့် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိ ဆိုတဲ့ အပေါ် အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်တဲ့အတွက် အလေးထားသုတေသနပြထုတ်ပြန်တာလို့ ISP-Myanmar ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။

    စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတခု

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတခု
  6. မြောက်ဦးလက်နက်ကြီးမှန်သူတွေထဲက နောက်တစ်ဦးထပ်မံသေဆုံး

    ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကင်ဆိပ်ကျေးရွာမှာ စစ်ကောင်စီဘက်က လက်နက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြတဲ့ ကျေးရွာသားတွေထဲ နောက်ထပ်အမျိုးသားတစ်ဦးဟာ ဩဂုတ်လ ၂၈ ရက် မနေ့က ည ၈ နာရီကျော်အချိန်မှာပဲ သေဆုံးသွားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှသာထွန်းက အတည်ပြုပြောဆိုပါတယ်။

    မနေ့ညက သေဆုံးသွားတဲ့အမျိုးသားဟာ အသက် ၃၅ နှစ်အရွယ် ဦးလှအောင်သိန်းဖြစ်ပြီး မြောက်ဦးမြို့အရှေ့ဘက်မှာရှိတဲ့ ချောင်းသစ်ကျေးရွာမှာနေထိုင်သူဖြစ်ကာ ကင်းဆိပ်ကျေးရွာကို လယ်ယာလုပ်ငန်းအငှားလုပ်ကိုင်ဖို့ ရောက်ရှိနေချိန်အခုလိုလက်နက်ထိမှန်တာလို့ဆိုပါတယ်။

    “ဆေးရုံကနေ နောက်ထပ်တစ်ယောက်ဆုံးတယ်ဆိုပြီး ကျွန်တော်ကို ဖုန်းဆက်လာတာက ညနေ ၈ နာရီလောက်မှာပါ။ သူက ကျွန်တော်တို့ရွာကို ပျိုးအငှားစိုက်ဖို့ရောက်နေတာပါ။ ချောင်းသစ်ရွာကပါ။ သူရောက်လို့ နာရီဝက်လောက်အကြာမှာပဲ လက်နက်ကြီးကျည်ကျပြီး ဒဏ်ရာရရှိခဲ့တာပါ”လို့ ကင်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှသာထွန်းက ပြောပါတယ်။

    အဲ့ဒီကျေးရွာကို လက်နက်ကြီးကျည်နှစ်လုံးပစ်ခတ်ခံခဲ့ရပြီး အသက် ၄ နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့မှာ ပစ်ခတ်ခံရချိန်အတွင်းသေဆုံးခဲ့ရပြီး လက်ရှိမှာတော့ သေဆုံးသူ သုံးဦးအထိရှိလာနေပြီဖြစ်ကာ ဒဏ်ရာရရှိသူအများအပြားထဲက ဒဏ်ရာပြင်းထန်တဲ့ ၇ ဦးကတော့ ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေဆဲဖြစ်ပါတယ်။

    ဆေးကုသမှုခံယူနေကြသူတွေထဲ မနေ့ကသေဆုံးသွားခဲ့တဲ့ အသက် ၄ နှစ်ကျော်အရွယ် မောင်မြတ်ကျော်လင်းရဲ့အမေလည်း ပါဝင်တယ်လို့ ရွာသားတွေက ပြောဆိုကြပါတယ်။ ဒါ့အပြင် မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ထမ္မရာဇ်ရပ်ကွက်အတွင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာလည်း ကျောင်းထိုင်ဘုန်းကြီးအပါအဝင် ဒဏ်ရာရသူတချို့ရှိနေတယ်လို့ သိရပါတယ်။

    အဲ့ဒီကျေးရွာကို လက်နက်ကြီးကျည်နှစ်လုံးပစ်ခတ်ခံခဲ့ရပြီး အသက် ၄ နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့မှာ ပစ်ခတ်ခံရချိန်အတွင်းသေဆုံးခဲ့ရပြီး လက်ရှိမှာတော့ သေဆုံးသူ သုံးဦးအထိရှိလာနေပြီဖြစ်ကာ ဒဏ်ရာရရှိသူအများအပြားထဲက ဒဏ်ရာပြင်းထန်တဲ့ ၇ ဦးကတော့ ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေဆဲ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အဲ့ဒီကျေးရွာကို လက်နက်ကြီးကျည်နှစ်လုံးပစ်ခတ်ခံခဲ့ရပြီး အသက် ၄ နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့မှာ ပစ်ခတ်ခံရချိန်အတွင်းသေဆုံးခဲ့ရပြီး လက်ရှိမှာတော့ သေဆုံးသူ သုံးဦးအထိရှိလာနေပြီဖြစ်ကာ ဒဏ်ရာရရှိသူအများအပြားထဲက ဒဏ်ရာပြင်းထန်တဲ့ ၇ ဦးကတော့ ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေဆဲ
  7. ဒူဘိုင်းမှာ ပိတ်မိနေတဲ့မြန်မာအမျိုးသမီး ၈ ဦးနေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေပြီလို့ ရီရတ်ဒ်မြို့ မြန်မာသံရုံးပြော

    ဒူဘိုင်းမှာ ပိတ်မိနေတဲ့မြန်မာအမျိုးသမီး ၈ ဦးအရေး နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေပြီလို့ ရီရတ်ဒ်မြို့ မြန်မာသံရုံးပြော

    ဓာတ်ပုံ ရင်းမြစ်, screengrab

    ဓာတ်ပုံ ပုံစာ, ပိတ်မိနေတဲ့မြန်မာအမျိုးသမီးတွေ

    အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံ၊ ဒူဘိုင်းမြို့မှာ ပိတ်မိနေတဲ့မြန်မာအမျိုးသမီး ၈ ဦးအရေး သွားရောက်ကူညီဆောင်ရွက်ပေးနေပြီဆိုပြီး ဆော်ဒီအာရေးဗျနိုင်ငံ၊ ရီရတ်ဒ်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်လာပါတယ်။

    အဲဒီအမျိုးသမီးတွေထဲက တစ်ဦးက သူတို့ဒုက္ခရောက်တာကြောင့် အကူအညီပေးဖို့လူမှုကွန်ရက်ဖေ့ဘွတ်ခ်ကနေ ရုပ်သံ တိုက်ရိုက်ထုတ်လွှင့် တောင်းဆိုခဲ့တာကြောင့် သွားရောက်ခဲ့တာလို့ သံရုံးဘက်က ပြောပါတယ်။

    ဒူဘိုင်းမြို့မှာ ပိတ်မိနေသူတွေဆီသွားရောက်ပြီး ပွဲစားဆိုသူနဲ့ ကာယကံရှင်တွေကြား ညှိနှိုင်းတာတွေပြုလုပ်ခဲ့အပြီးမှာ အခုတော့ ယူအေအီး အာဏာပိုင်တွေက လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

    သံရုံးဘက်ကတော့ ယူအေအီး တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေသလို ပြန်လည်လွတ်မြောက်လာသူတွေ မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ရေး ဒူဘိုင်းမှာရှိတဲ့ မြန်မာလူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

    သူတို့တွေဟာ ဒူဘိုင်းအေးဂျင့်ရဲ့ပိတ်လှောင်ခံထားရပြီး အီရတ်နိုင်ငံကိုပို့ဖို့ စီစဉ်နေတဲ့အတွက် အခန်းဖျက်ပြီးထွက်ပေးလာကြတဲ့ မြန်မာအမျိုးသမီး ၈ ယောက်ဖြစ်ပါတယ်။

    သူတို့ဟာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးခံနေရတဲ့ စစ်ကိုင်းတိုင်း ခင်ဦး၊ ကယား(ကရင်နီ)ပြည်နဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့က အမျိုးသမီးတွေအပါဝင် ပဲခူး၊ တောင်ကြီး၊ ရန်ကုန်၊ ဇလွန် စတဲ့ မြို့နယ်တွေက အမျိုးသမီးတွေပါဝင်ပါတယ်။

    သံရုံးက အခုလို အကူအညီပေးတဲ့သူတွေဟာ ဒူဘိုင်းနဲ့အိုမန်နိုင်ငံတွေမှာ အိမ်အကူအဖြစ် အလုပ်သွားလုပ်ဖို့ ကြိုးစားရင်း ပွဲစားရဲ့ ပိတ်လှောင်ခံရပြီး ထွက်ပြေးလွတ်မြောက်ကာ ဒူဘိုင်းမှာ သောင်တင်နေကြသူတွေထဲက အချို့ဖြစ်ပါတယ်။ဘီဘီစီကို ဆက်သွယ်လာတဲ့ ဒူဘိုင်းနဲ့ အိုမန်နိုင်ငံရောက် မြန်မာအမျိုးသမီး အယောက် ၃၀ နီးပါးရှိနေ ပါတယ်။

    သူတို့တွေထဲမှာ ပွဲစားကနိုင်ငံကူးလက်မှတ်သိမ်းထားပြီး ဒူဘိုင်းအေးဂျင့်က အခန်းထဲပိတ်လှောင်ထားတာ၊ တချို့က ထွက်ပြေးလို့ ရိုက်နှက်ခံရတာ၊ တချို့က လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတာတွေ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

  8. နယ်စပ်မှာ မြန်မာဘက်ကနေ လက်နက်ကျည်ကျရောက်ခဲ့မှု ဘင်္ဂလားဒေ့ရှ်ပြော

    ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို မြန်မာဘက်ကနေ လက်နက်ကြီးကျည် ၂ လုံးကျခဲ့ရောက်မှုကို တင်းတင်းမာမာပြောဆို ကန့်ကွက်သွားမယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ‌ပြောဆိုလာပါတယ်။''ဒီလိုဖြစ်ရပ်တွေမှာ ကျွန်တော်တို့ သဘောထားကို ပြောနေကျပါ။ ပြီးခဲ့တဲ့ ရက်တုန်းကလည်း လက်နက်ကြီးကျတဲ့ ဖြစ်ရပ်မျိုး အစီရင်ခံစာတက်လာပါသေးတယ်။ ဒါ့ကြောင့် သူတို့(မြန်မာ)ဘက်ကို ထပ်ပြီး တင်းတင်းမာမာပြောဆိုသွားဖို့ရှိတယ်''လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်က ပြောပါတယ်။နယ်စပ်မှာ ကျရောက်ပြီး မပေါက်ကွဲသေးတဲ့အဲဒီလက်နက်ကြီးကျည်တွေဟာ ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာလား၊ မရည်ရွယ်ပဲ ကျရောက်လာတာလားဆိုတာကိုလည်း ပထမဆုံးအကြိမ်အနေနဲ့စုံစမ်းမယ်လို့ သူက ပြောပါတယ်။မနေ့က မြန်မာနဲ့ ဘင်္ဂလား‌ဒေ့ရှ်နှစ်နိုင်ငံနယ်စပ်၊ ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဗန်ခရိုင်ထဲကို မြန်မာဘက်က လက်နက်ကြီးကျည် ၂ ခု ကျခဲ့တာကြောင့် အခုဆို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဟာ နယ်စပ်တစ်လျှောက် လုံခြုံရေးအသင့်ရှိနေပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်
  9. စစ်ကောင်စီက ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းနေ

    စစ်ကောင်စီကဖွဲ့စည်းလိုက်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ( NSPNC ) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်

    ဓာတ်ပုံ ရင်းမြစ်, NSPNC

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီကဖွဲ့စည်းလိုက်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ( NSPNC ) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်

    ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မတီနဲ့နိုင်ငံရေးပါတီများအစုအဖွဲ့တို့ မနေ့ကသြဂုတ်လ ၂၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ အဲ့ဒီအစည်းအဝေးတက်ရောက်ခဲ့သူတွေက ပြောပါတယ်။

    စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့တို့အကြား ဖက်ဒရယ်နဲ့ဆိုင်တဲ့ ပုဒ်မတွေကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ နှစ်ဖက်ထုတ်ပြန်မှုတွေအရ သိရပါတယ်။

    မနေ့က ပုဒ်မ ၁၀ ခုထပ်ဆွေးနွေးကြလို့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်လိုတဲ့ ပုဒ်မ ၁၉ ခုအထိ ဆွေးနွေးပြီးပြီလို့ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ခေါင်းဆောင် ဦးစိုင်းအိုက်ပေါင်းက ဘီဘီစီကိုပြောပါတယ်။

    မနေ့က အဓိကဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတွေအထဲ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ရွေးကောက်ပွဲလုပ်ပြီး ရွေးချယ်နိုင်ဖို့ အခြေခံဥပဒေပုဒ်မ ၂၈၈ ကိုပြင်ဆင်နိုင်ရေးနဲ့ ရဲတပ်ဖွဲ့ကို ဝန်ကြီးချုပ်တွေအောက်မှာထားဖို့ ဖြစ်တယ်လို့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

    လက်ရှိမှာတော့ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရော ရဲတပ်ဖွဲ့ကပါ ပြည်ထဲရေးဝန်ကြီးဌာနက အဓိက ခန့်အပ်ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

    တစ်ဖက်မှာလည်း လက်ရှိဆွေးနွေးနေတဲ့ ပုဒ်မတွေဟာ အနာဂတ် အခြေခံဥပဒေ ပြင်ဆင်ရေးမှာ တကယ်ရော ပါဝင်လာမှာလားလို့ မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

    လက်ရှိ နိုင်ငံရေးပါတီများအစုအဖွဲ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့လို အင်အားကြီးပါတီတွေ ပါဝင်တာ မတွေ့ရပါဘူး။

    လက်ရှိ ပြုလုပ်နေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးမှုတွေဟာ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းဖို့ ရည်ရွယ်တာလို့ စစ်ကောင်စီဘက်က ထုတ်ပြောထားပါတယ်။

    တစ်ဖက်မှာလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းတယ်လို့ မနှစ်ကထဲက ကြေညာထားပါတယ်။

  10. ဒေါ်လာ စျေးဆက်တက်၊ တစ်ဒေါ်လာ ကျပ် ၃၂၀၀ ထိစျေးပေါက်

    ဒီကနေ့ သြဂုတ်လ ၂၈ရက်နေ့မှာ အမေရိကန်တစ်ဒေါ်လာကို ပြင်ပစျေးမှာ မြန်မာကျပ်ငွေ ၃၂၀၀ အထိ စျေးပေါက်ပါတယ်။

    အလားတူ ထိုင်းဘတ်ငွေတစ်ဘတ်ကလည်း မြန်မာကျပ်ငွေ ၁၀၀ လောက် စျေးပေါက်လာသလို၊ တရုတ်ယွမ် တစ်ယွမ်ကို မြန်မာငွေ ၄၇၀ ကျပ်အထိ ရှိလာတယ်လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေဆီက တစ်ဆင့်သိရပါတယ်။

    ကျပ်ငွေတန်ဖိုး အဆက်မပြတ် ကျဆင်းမှုကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို သက်ရောက်မှုအပြင် စားသုံးသူတွေ အတွက်ပါ အခက်အခဲတွေဖြစ်နေပြီး နိုင်ငံခြားက တင်သွင်းနေတဲ့ဆေးဝါးတွေလည်း စျေးတွေ တက်ကုန်ပြီလို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

    မြန်မာငွေစျေးနှုန်းက နေ့စဥ်နဲ့အမျှ အပြောင်းအလဲမြန်နေတာကြောင့် ပြည်တွင်းက ကုန်သွယ်ကူးသန်းရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှု နေ့စဥ်ရှိနေသလို၊ နိုင်ငံခြားသုံးငွေဝယ်ရရှိမှုလည်း အခက်အခဲလည်း ဆက်ရှိနေတယ်လို့ ပို့ကုန်သွင်းကုန်နဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

    စစ်ကောင်စီကတော့ ကုန်စျေးနှုန်းကြီးမှုကိုဖြစ်ပေါ်စေတဲ့ စက်သုံးဆီစျေးမြင့်တာ၊ နိုင်ငံခြားသုံးငွေလွယ် ကူစွာရရှိနိုင်ရေးအတွက် ဘဏ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ညှိုနှိုင်းဆွေးနွေးပြီး တိုင်းပြည်စီးပွားရေးကို ထိန်းကျောင်းနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

    နိုင်ငံခြားငွေကြေးစျေးနှုန်းကို ဆွဲတင်နေတာနဲ့ နိုင်ငံခြားငွေကြေးတွေကို အွန်လိုင်းကနေ တရားမဝင် ရောင်းဝယ်တာတွေကို ‌အရေးယူမယ်ဆိုပြီး ဗဟိုဘဏ်က လူထုကို သတိပေးချက်ဆိုပြီး သတင်းထုတ်ပြန်လာပါတယ်။

    ပြည်တွင်းမှာ ဗဟိုဘဏ်ကအမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ရည်ညွှန်းစျေး ၂၁၀၀ ကျပ် သတ်မှတ်ထားပေမဲ့ ပြင်ပ ပေါက်စျေးဟာ အမေရိကန် တစ်ဒေါ်လာကို ၃၂၀၀ ကျပ်နီးပါးအထိရှိလာနေတာ ဖြစ်ပြီးတော့ ဒေါ်လာပြန်ရောင်းမယ့်သူ မရှိသလောက်နည်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  11. စစ်ကောင်စီလက်ထက်မှာ အများဆုံးမီးရှို့ခံရတဲ့ ဒေသ

  12. မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာအနီး တိုက်ပွဲဖြစ်နေ

    မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာအနီး တိုက်ပွဲဖြစ်နေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာအနီးမှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ကြား ဒီနေ့ ဩဂုတ်လ ၂၈ ရက် မွန်းလွဲပိုင်းကစလို့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပြလာပါတယ်။

    တိုက်ပွဲဟာ ဒီနေ့ မွန်းလွဲပိုင်း ၂ နာရီစလို့စတင်နေတာဖြစ်ပြီး မွန်းလွဲ ၃ နာရီမှာ မြောက်ဦးမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ကူတိုက်တဲ့အထိ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ‘’တိုက်ပွဲက လက္ကာ-ပန်းတောလမ်းပေါ်မှာဖြစ်တာပါ။ စစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲစဖြစ်တယ်လို့ သိရတယ်။ လက္ကာရွာထဲမှာတော့ ရွာသူ ရွာသား တော်တော်များများ မရှိကြတော့ဘူး။ ဘုန်းကြီးကျောင်းမှာ ရှောင်တဲ့သူနဲ့ မပြေးနိုင်တဲ့သက်ကြီးတွေပဲ ရွာထဲမှာ ကျန်ခဲ့တယ်’’လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    လက္ကာကျေးရွာဟာ မြောက်ဦးမြို့ရဲ့မြောက်ဘက် ၇ မိုင်ခန့်အကွာမှာ တည်ရှိနေတာဖြစ်ပါတယ်။

    လက်ရှိမှာတော့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် လက်နက်ကြီးကျည်တွေ ရွာထဲ ကျ မကျနဲ့ ရွာထဲက အခြေအနေကို တိတိပပ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ မေလတုန်းကလည်း စစ်ကောင်စီတပ်နဲ့ အေအေတို့ကြားက တိုက်ပွဲကြောင့် လက္ကာရွာထဲက အိမ်ပေါင်း ၂၀၀ နီးပါး မီးလောင်မှုဖြစ်ခဲ့ပါတယ်။

    အဲဒီရွာတွေမီးလောင်မှုဟာ တိုက်ပွဲအတွင်း အေအေက မီးရှို့ခဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ စစ်တပ်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပေမဲ့ အေအေဘက်ကတော့ ငြင်းဆိုခဲ့ပါတယ်။

  13. ကန့်ဘလူ၊ အောင်ချမ်းသာနဲ့လက်ခုပ်ပင်ရွာကြားတိုက်ပွဲ ဓာတ်ပုံတွေ ထွက်လာ

    ကန့်ဘလူ၊ အောင်ချမ်းသာနဲ့လက်ခုပ်ပင်ရွာကြားတိုက်ပွဲ ဓာတ်ပုံတွေ ထွက်လာ

    ဓာတ်ပုံ ရင်းမြစ်, ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

    စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်အစပ် ကန့်ဘလူမြို့နယ်ထဲက အောင်ချမ်းသာနဲ့ လက်ခုပ်ပင်ရွာကြားမှာ ဩဂုတ်လ ၂၃ ရက်နေ့လယ်ပိုင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲက ဓာတ်ပုံတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

    ဓာတ်ပုံတွေထဲမှာ သိမ်းဆည်းမိတယ်ဆိုတဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရဲ့ ရုပ်အလောင်းတွေကိုလည်း တွေ့ရပါတယ်။

    လက်ခုပ်ပင်ကျေးရွာနားမှာဖြစ်တဲ့ အဲဒီနေ့ တိုက်ပွဲမှာ ကန့်ဘလူခရိုင်ထဲက စစ်တပ်တပ်ရင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အဲဒီတိုက်ပွဲမှာ ရဟတ်ယာဥ် ၂ စီး၊ တိုက်လေယာဥ်တစ်စီးနဲ့ လေကြောင်းပစ်ကူတဲ့အထိ တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။

    စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ ကန့်ဘလူခရိုင် တပ်ရင်း -၂ ကတော့ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေအပါအဝင် အမှတ် ၃၆၅ ခြေမြန်တပ်ရင်းက သုံးပွင့် ဗိုလ်ကြီး ၂ ဦးနဲ့ တစ်ပွင့် ဗိုလ် ၁ ဦးတို့ကိုလည်း ဖမ်းမိခဲ့တယ်လို့ အစောပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီဘက်ကကတော့ အောင်ချမ်းသာနဲ့ လက်ခုပ်ပင်ရွာကြားမှာဖြစ်တဲ့တိုက်ပွဲနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

  14. ကျွန်းလှမှာ မော်လဝီဆရာတစ်ဦးနဲ့ သားဖြစ်သူတို့ သတ်ဖြတ်ခံရပြီးသေဆုံး, မိသားစုဝင်တွေလည်း စိုးရိမ်ထိတ်လန့်နေ

    ကျွန်းလှမှာ မော်လဝီဆရာတစ်ဦးနဲ့ သားဖြစ်သူတို့ သတ်ဖြတ်ခံရပြီးသေဆုံး

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့မှာ မော်လဝီဆရာတစ်ဦးနဲ့ သားဖြစ်သူ လူငယ်တစ်ဦးတို့ သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထားတယ်ဆိုပြီး ဒေသခံတွေဆီက သိရပါတယ်။

    အဲဒီသားအဖ နှစ်ဦးကိုဩဂုတ်လ ၂၅ ရက်ညပိုင်းမှာ အရပ်ဝတ်နဲ့လက်နက်ကိုင်အဖွဲ့ဝင်တချို့က လာရောက်ဖမ်းဆီးသွားပြီးနောက် ဩဂုတ်လ ၂၆ ရက်မနက်ပိုင်းမှာ ရုပ်အလောင်းတွေကို ကျွန်းလှမြို့၊ သစ်ရာမြိုင်စျေးတောင်ဘက်နဲ့ ဘူတာရှေ့မှာ တွေ့ခဲ့ရတာလို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

    အရပ်ဝတ်လက်နက်ကိုင်အဖွဲ့ဆိုတာနဲ့ ပတ်သက်ပြီး နှစ်ဖက်အပြန်အလှန်စွပ်စွဲမှုတွေရှိနေတာကြောင့် ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ မိသားစုနဲ့ ဆက်သွယ်မေးမြန်းနိုင်ဖို့ကြိုးစားနေပါတယ်။

    သေဆုံးသူတွေဟာ ကျွန်းလှမြို့၊ သူဌေးကုန်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၅၀ ဝန်းကျင် မော်လဝီဆရာ ဆရာတွာစင်နဲ့ သားဖြစ်သူ အသက် ၁၇ နှစ်ဝန်းကျင်အရွယ် မောင်ရာဇာထက်အောင်တို့ ဖြစ်တယ်လို့သိရပါတယ်။

    အခုတော့ ကျန်ရစ်သူ မိသားစုဝင်တွေဟာ လုံခြုံရေးစိုးရိမ်တာကြောင့် သားအဖနှစ်ဦး ဘာကြောင့် အခုလို သတ်ဖြတ်ခံရတယ်ဆိုတာကို ဆက်ပြီးစုံစမ်းဖို့ မဝံ့မရဲဖြစ်နေကြတယ်လို့ ဆွေမျိုးနီးစပ်သူတွေကို ကိုးကားပြီး အဲဒီအဖွဲ့က ပြောပါတယ်။

    ကျွန်းလှမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက် တစ်ညတည်းတင် ဖမ်းဆီးခံရသူအချို့ရှိနေတယ်လို့လည်း သိရပါတယ်။

  15. တရားမဝင်မြန်မာလုပ်သားတွေပါတဲ့ ယာဥ်တိမ်းမှောက်လို့ ၄ ဦးသေဆုံး

    တရားမဝင်မြန်မာလုပ်သားတွေပါတဲ့ ယာဥ်တိမ်းမှောက်လို့ ၄ ဦးသေဆုံး

    ဓာတ်ပုံ ရင်းမြစ်, Thai PBS World

    တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကို တင်ဆောင်လာတဲ့ ယာဥ်တစ်စီး ဒီကနေ့ သြဂုတ် ၂၈ရက်မနက်ပိုင်းက တိမ်းမှောက်ခဲ့လို့ မြန်မာ ၄ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့ပါတယ်။

    ယာဥ်တိမ်းမှောက်မှုဟာ ထိုင်းနိုင်ငံ အနောက်ပိုင်း ၊ မြန်မာ - ထိုင်းနယ်စပ်အနီး မြန်မာ ဘက်ခြမ်း ဘုရားသုံးဆူဂိတ်နဲ့ ထိုင်းနိုင်ငံ ၊ စံခလာဘူရီခရိုင် ကိုဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမှာဖြစ်ခဲ့တာလို့ ထိုင်းသတင်းတွေကဖော်ပြပါတယ်။

    ‌သေဆုံးသူ ၄ဦးဟာ အမျိုးသား ၃ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး အမျိုးသားထဲမှာ အသက် ၁၃ နဲ့ ၁၄ ကြားရှိမယ့် အသက်မပြည့်သေးသူတစ်ဦးပါတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရထားတဲ့ မြန်မာ ၉ ဦးကိုတော့ စံခလာဘူရီဆေးရုံကိုပို့ဆောင်ထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းကလည်းဖော်ပြပါတယ်။

    အခင်းဖြစ်တဲ့နေရာကို ရဲတွေရောက်ချိန်မှာ ယာဥ်မောင်းနဲ့ ယာဥ်အကူလို့ယူဆရပြီး အလုပ်သမားတွေကို တရားမဝင်ပို့ဆောင်သူလို့ ယူဆရသူ ၂ ဦးကတော့ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

    ထိုင်း - မြန်မာ နယ်စပ်မြို့တွေမှာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ကြိုးစားတဲ့ မြန်မာတွေကို သယ်ဆောင်လာတဲ့ယာဉ်တွေဟာ ဖမ်းဆီးစစ်ဆေးခံရမှာစိုးရိမ် အပါအဝင် အရှိန်ပြင်းပြင်းမောင်းတာကြောင့်မကြာခဏတိမ်းမှောက်တာတွေဖြစ်နေတယ်လို့ မြန်မာလုပ်သားအရေးဆောင်ရွက်သူတွေကပြောပါတယ်။

  16. အာဏာသိမ်းကာလအတွင်း နေအိမ်ပေါင်း ၃သောင်းနီးပါး မီးရှို့ဖျက်ဆီးခံထားရ

    အာဏာသိမ်းကာလအတွင်း နေအိမ်ပေါင်း ၃သောင်းနီးပါး မီးရှို့ဖျက်ဆီးခံထားရ

    ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းညီနောင်များ

    နိုင်ငံတဝန်း စစ်ကောင်စီတပ်နဲ့လက်အောက်ခံအဖွဲ့တွေက မီးရှို့ဖျက်ဆီးတာကြောင့် ၂၀၂၁ ခုနှစ်မေလ ကနေ ၂၀၂၂ ခုနှစ် ဩဂုတ်၂၅ ရက်ထိ နေအိမ်ပေါင်း ၃သောင်းနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပျက်စီးမှုအချက်အလက်တွေကို သုတေသနပြုလုပ်နေတဲ့ Data for Myanmar က ထုတ်ပြန်လာပါတယ်။

    အဲဒီ ၃သောင်းနီးပါးထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးမီးရှို့ခံရတဲ့ဒေသဖြစ်နေပြီး နေအိမ်ပေါင်း ၂သောင်းကျော်မီးရှို့ဖျက်ဆီးခံထားရကာ အရပ်သားပြည်သူတွေလည်းနေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ အချက်အလက်တွေကဖော်ပြပါတယ်။

    မီးရှို့ဖျက်ဆီးခံရမှု အခြေအနေတွေကို လအလိုက် ဖော်ပြချက်အရ ၂၀၂၂ ခုနှစ်၊ ဧပြီ၊ မေနဲ့ ဇွန် ၃လဟာ စစ်ကိုင်းတိုင်းအတွင်း နေအိမ်ပျက်စီးမှုအရေအတွက် အများဆုံးလတွေဖြစ်ခဲ့ပါတယ်။ အဲဒီ ၃ လအတွင်း နေအိမ်ပေါင်း ၁၂,၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။

    စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲ ၃၁ မြို့နယ်မှာ နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့တာပါ။ ခင်ဦး၊ ကလေး၊ ကနီ၊ ရွှေဘို၊ ကန့်ဘလူ၊ ဒီပဲယင်း၊ အရာတော်၊ မင်းကင်း၊ ဝက်လက်၊ တန့်ဆည် စတဲ့ မြို့နယ်တွေ ကအဆိုးရွားဆုံးခံရတဲ့ဒေသတွေဖြစ်နေပြီး ယင်းမာပင်၊ ဆားလင်းကြီး၊ ရေဦး၊ မြောင်၊ မြင်းမူ၊ မော်လိုက်၊ ချောင်းဦး၊ စစ်ကိုင်း၊ ဝန်းသို၊ ဖောင်းပြင်၊ ဘုတလင် မြို့နယ်တွေမှာလည်း အလားတူအခြေအနေတွေရှိနေတာပါ။

    ဒုတိယအများဆုံးမီးရှို့ဖျက်ဆီးခံရတဲ့ ဒေသကတော့ နေအိမ် ၅၀၀၀ကျော်ပျက်စီးထားတဲ့ မကွေးတိုင်းဖြစ်ပြီး ချင်းပြည်နယ်က တတိယနေရာမှာ ရှိနေပါတယ်။ အခု စာရင်းတွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ် မေလက စတင် သုတေသနပြုလုပ်ထားတဲ့စာရင်းတွေလို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

    ဒေသခံတွေ ကိုယ်တိုင်ပြောကြားချက် နဲ့ မှတ်တမ်းတွေအရ မီးရှို့တာတွေကို စစ်ကောင်စီကလုပ်တာလို့ ပြောဆိုကြပေမဲ့ စစ်ကောင်စီဘက်ကတော့ ရွာတွေမီးရှို့တာကို သူတို့လုပ်ဆောင်တာမရှိဘူးလို့ ပြောဆိုနေတာပါ။

  17. MOEG ကို ပိတ်ဆို့မှုလုပ်ဖို့ ကန် အထက်လွှတ်တော်အမတ်တွေ စုပေါင်း တောင်းဆို, မြန်မာ-ရုရှားဆက်ဆံရေးကို ဖိအားပေးဖို့လည်း ပြော

    မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့မှုလုပ်ဖို့ ကန် အထက်လွှတ်တော်အမတ်တွေ စုပေါင်း တောင်းဆို

    ဓာတ်ပုံ ရင်းမြစ်, Anti-Junta Alliance Yangon - AJAY

    စစ်ကောင်စီကို လက်နက်နဲ့ဝင်ငွေရနေစေတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို အရေးယူပိတ်ဆို့ မှုတွေ လုပ်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ် ၅ ဦးက အမေရိကန်ဘဏ္ဍာရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဆီ စာရေးသားတောင်းဆိုလိုက်ပါတယ်။

    မြန်မာလူထုနဲ့ ရွေးကောက်ခံအစိုးရတို့ ပိုင်ဆိုင်တဲ့ ဒေါ်လာငွေသန်း ၅၀၀ ကျော်ဟာ MOEG ကနေတဆင့် စစ်ကောင်စီထံ ငွေကြေးစီးဆင်းနေတာဖြစ်သလို အဲဒီငွေကြေးပမာဏဟာ စစ်ကောင်စီရဲ့နိုင်ငံခြားငွေကြေးရရှိမှုရဲ့ တဝက်နီးပါးအထိဖြစ်နေတာကြောင့် အဲဒီလိုစီးဆင်းမှု ရပ်တန့်အောင်ရပ်တန့်ဖို့ အရေးယူ ပိတ်ဆို့မှုလုပ်ဖို့ တောင်းဆိုတာလို့ အထက်လွှတ်တော်အမတ်တွေက ပြောပါတယ်။

    နိုင်ငံခြားငွေကြေးရရှိမှုလျော့သွားတဲ့အခါ စစ်တပ်အနေနဲ့ လက်နက်တွေဝယ်ယူဖို့ ပိုခက်သွားမှာဖြစ်သလို ရွာတွေပြာပုံဖြစ်အောင်နဲ့ အိမ်တွေကို ဗုံးကြဲရာမှာသုံးနေတဲ့ ရဟတ်ယာဥ်တွေ၊ တိုက်ခိုက်ရေးလေယာဥ်တွေရဲ့ အစိတ်အပိုင်းတွေ အစားထိုးဖို့ တင်သွင်းရာမှာလည်း ပိုအခက်တွေ့စေလိမ့်မယ်လို့လည်း သူတို့က ပြောပါတယ်။

    အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ MOGE ကို ပိတ်ဆို့မှုလုပ်တဲ့အခါ မြန်မာ့သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကို မပါဝင်စေဘဲ စစ်ကောင်စီထံငွေကြေးစီးဆင်းမှု တိုက်ရိုက်ရောက်အောင်သာ ထိန်းချုပ်သင့်တယ်လို့ အထက်လွှတ်တော်အမတ်တွေက ‌ပြော့ပ့ါတယ်။

    နောက် ရုရှားနိုင်ငံဟာ နိုင်ငံဖြတ်ကျော်ဖိနှိပ်မှုတွေကို ကျူးလွန်သူတွေထဲမှာအဆိုးရွားဆုံးဖြစ်ပြီး လူထုကို ဖိနှိပ်တဲ့အာဏာရှင်တွေကို လက်နက်နဲ့နည်းပညာ တင်ပို့တာတွေလုပ်နေတာမြင်တွေ့ရမှာဖြစ်တာကြောင့် ဆီးရီးယားနိုင်ငံမှာ မြင်ခဲ့တဲ့ပုံစံအတိုင်း မြန်မာမှာလည်း မြင်ရမှာကို စိုးရိမ်တာကြောင့် ရုရှားကို သံခင်းတမန်ခင်းအရ ဖိအားပေးဖို့လည်း အမတ်တွေက နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကို တိုက်တွန်းထားပါတယ်။

    စစ်ကောင်စီ စီးပွား/ကူးသန်းဝန်ကြီးဌာနကတော့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ် စတင်တဲ့ ဧပြီလ ကနေ ဇူလိုင်လကုန်အထိ ၄ လအတွင်း သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှုကနေ အမေရိကန်ဒေါ်လာသန်း ၈၀၀ ကျော် ရရှိထားတယ်လို့ နိုင်ငံပိုင်သတင်းစာကနေထုတ်ပြန်ထားပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ပြင်သစ်နာမည်ကြီး စွမ်းအင်ကုမ္ပဏီ Total Energies က ရတနာစွမ်းအင်စီမံကိန်းကနေထွက်ခွာခဲ့ပြီး သူတို့နေရာမှာ ထိုင်းအစိုးရပိုင် PTTEP က ဆက်လက် လုပ်ကိုင်နေတာပါ။

    မလေးရှားအခြေစိုက် PETRONAS ၊ ဂျပန်ကုမ္ပဏီ ENEOS တို့အပြင် ဩစတေးလျစွမ်းအင်လုပ်ငန်း Woodside ကလည်း မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ကိုင်လိုခြင်းမရှိကြောင်း အသိပေးထားပါတယ်။

    ဒါပေမဲ့ တောင်ကိုရီးယားအခြေစိုက် POSCO International ကတော့ ရခိုင်ကမ်းလွန်က ရွှေဓာတ်ငွေ့စီမံကိန်းကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

  18. နိုင်ငံခြားဆေးမျိုးစုံဈေးနှုန်းတွေ ထက်ဝက်စျေးမြင့်တက်လာ

    နိုင်ငံခြားဆေးမျိုးစုံဈေးနှုန်းတွေ ထက်ဝက်စျေးမြင့်တက်လာ

    ဓာတ်ပုံ ရင်းမြစ်, နိုင်ငံခြားဆေးမျိုးစုံဈေးနှုန်းတွေထက်ဝက်စျေးမြင့်တက်လာ

    ဒေါ်လာငွေလဲလှယ်နှုန်းမြင့်တက်မှုနဲ့ ဒေါ်လာငွေဝယ်ရခက်တဲ့နောက်မှာ ပြည်ပကတင်သွင်းရတဲ့ သွင်းကုန်ထဲ နိုင်ငံခြားဆေးမျိုးစုံစျေးနှုန်းတွေ ဟာ အရင်စျေးထက် ၂ ဆက နေ ၃ဆ ‌ခန့်အထိစျေးမြင့်တက်လာတယ်လို့ တင်သွင်းသူတွေနဲ့လက်လီရောင်းချသူတွေကပြောပါတယ်။

    လူသုံးများတဲ့ဆေးဝါးတွေဒေါ်လာငွေအခက်အခဲနဲ့ဝယ်မရတာကြောင့်ဆေးဆိုင်အချို့ကလည်းယာယီပိတ်ထားကြတာရှိသလို အတက်စျေးနဲ့ ရောင်းကြတာမျိုးလည်းရှိတယ်လို့ဆိုပါတယ်။

    နေ့စဥ်ကျန်းမာရေးနဲ့ လိုအပ်တဲ့အခါအတွက် သုံးစွဲရတဲ့ ပါရာစီတမောလို ၊ Antibiotics ပိုးသတ်ဆေးလို နဲ့ ဗီတာမင်အားဆေးတွေကအစ စျေးမြင့်တက်လာတယ်လို့ ဝယ်ယူသုံးစွဲသူတွေက ဘီဘီစီကို ပြောလာကြတာရှိပါတယ်။

    အခုလိုဆေးစျေးနှုန်းတွေမြင့်တက်မှုနောက်မှာ နေ့စဥ်သုံး အိမ်သုံးဆေးတွေအတွက် သိသိသာသာ အခက်တွေ့တာမရှိပေမဲ့ ကင်ဆာဆေး၊ကျောက်ကပ်နဲ့ နှလုံး တို့လို နာတာရှည် ရောဂါကြီးတွေအတွက် ကုသရတဲ့ ဆေးဝါးတွေမှာ ‌စျေးပိုတက်တယ်လို့ တင်သွင်းသူတွေကပြောပါတယ်။

    ပြည်တွင်းမှာ ဆေးတင်သွင်းသူလုပ်ငန်းရှင်ကြီးအများစုကတော့ တစ်နှစ်စာ လောက်သိုလှောင်ထားတာရှိလို့ ဆေးပြတ်လပ်မှုဖြစ်ဖို့ ရာခိုင်နှုန်းနည်းတယ်လို့ ပြောကြပါတယ်။

    ဒါပေမဲ့ ဒေါ်လာငွေလဲနှုန်းမြင့်တက်မှုနဲ့အတူ စက်သုံးဆီနဲ့ အထွေထွေကုန်ကျစရိတ်တွေတိုးလာလို့ စျေးကွက်ကို ဆေးရောင်းချချိန်မှာတော့ စျေးကအတက်ဘက်မှာပဲ ဆက်ရှိနေမယ်လို့ ခန့်မှန်းထားကြပါတယ်။

  19. နိုင်ငံခြားငွေစျေး ဆွဲတင်နေမှုနဲ့ အွန်လိုင်းကနေ ရောင်းဝယ်နေမှုတွေကို အရေးယူမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ် ပြောလာ

    နိုင်ငံခြားငွေစျေး ဆွဲတင်နေမှုနဲ့ အွန်လိုင်းကနေ ရောင်းဝယ်နေမှုတွေကို အရေးယူမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ် ပြောလာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    နိုင်ငံခြားငွေကြေးစျေးနှုန်းကို ဆွဲတင်နေတာနဲ့ နိုင်ငံခြားငွေကြေးတွေကို အွန်လိုင်းကနေ တရားမဝင် ရောင်းဝယ်တာတွေကို ‌အရေးယူမယ်ဆိုပြီး ဗဟိုဘဏ်က လူထုကို သတိပေးချက်ဆိုပြီး သတင်းထုတ်ပြန်လာပါတယ်။

    ပြည်တွင်းမှာ ဗဟိုဘဏ်ကအမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ရည်ညွှန်းစျေး ၂၁၀၀ ကျပ် သတ်မှတ်ထားပေမဲ့ ပြင်ပ ပေါက်စျေးဟာ အမေရိကန် တစ်ဒေါ်လာကို ၃၁၀၀ ကျပ်နီးပါးအထိရှိနေ ချိန်မှာ အခုကြေညာချက်ထွက်ပေါ်လာတာပါ။

    အွန်လိုင်းကနေ နိုင်ငံခြားငွေကြေး တရားမဝင် ရောင်းချနေသူတွေကို မယုံကြည်ဖို့ ပြောသလို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနဲ့ စည်းမျဥ်းတွေနဲ့ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

    တစ်ဖက်မှာလည်း စက်သုံးဆီတင်သွင်းသူတွေ နိုင်ငံခြားငွေ လွယ်လွယ်ကူကူရနိုင်ဖို့ ဗဟိုဘဏ်ဟာ ဘဏ်တွေ၊ စက်သုံးဆီလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးနေတယ်လို့လည်း ဆိုပါတယ်။

    ဗဟိုဘဏ်ဟာ ပြည်တွင်းမှာ နိုင်ငံခြားငွေနဲ့ တင်သွင်းရတဲ့ ကုန်ပစ္စည်းတွေအတွက် နိုင်ငံခြားငွေကို အကန့်အသတ်နဲ့ရောင်းချပေးတာမျိုးဟာ ပြင်ပမှာ ဒေါ်လာစျေးနှုန်း အခုလို အဆမတန်မြင့်တက်စေရတဲ့အကြောင်းရင်းတစ်ရပ်ဆိုပြီး စီးပွားရေးလုပ်ငန်းရှင်တွေက ပြောဆိုနေကြပါတယ်။

  20. အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေ လိင်စော်ကားခံရမှု အဆိုးဆုံးအချိန်ဖြစ်နေတယ်လို့ ဆို