စစ်တပ်နဲ့ UPDJC နိုင်ငံရေးပါတီတွေ အခြေခံဥပဒေပြင်ဖို့လုပ်နေ

စစ်ကောင်စီကဖွဲ့စည်းလိုက်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ( NSPNC ) နဲ့ နိုင်ငံရေးပါတီအချို့ဟာ နေပြည်တော်က ( NSPNC) ရုံးမှာ အောက်တိုဘာ ၉ ရက်မှာ တွေ့ဆုံခဲ့

ဓာတ်ပုံ ရင်းမြစ်, NSPNC

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီကဖွဲ့စည်းလိုက်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ( NSPNC ) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်
ရေးသားခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်ချင်တဲ့ အချက်တွေကို UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့ ဆွေးနွေးနေကြပါတယ်။

၂ဝဝ၈ အခြေခံဥပဒေထဲက အချက် ၉ ချက်လောက်ကို ပြင်ဖို့ဆွေးနွေးနေကြတယ်လို့ သိရပါတယ်၊

အဲ့ဒီအချက်တွေထဲမှာ မြန်မာနိုင်ငံရဲ့ အမည်ကိုပြောင်းလဲဖို့၊ နိုင်ငံရေးမှာ တပ်ပါဝင်မှုအချိုးအစားကိုလျှော့ချဖို့နဲ့ မြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို ရွေးကောက်ပွဲနဲ့ရွေးဖို့အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အချက် ၉ ချက် ကို ပြင်ဆင်ဖို့ ဆွေးနွေးနေကြတာလို့ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကနေ သိရပါတယ်။

ဆွေးနွေးဆဲအနေအထားမှာပဲရှိပြီး နောက်ထပ် ပြင်ဆင်လိုတဲ့ ပုဒ်မတွေကို ထပ်ဆွေးနွေးသွားဖို့ ရှိတယ်လို့ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့က ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြောလို့မရဘူးလို့ သူက ဆိုပါတယ်။

နိုင်ငံရေးမှာ တပ်ပါဝင်မှုအချိုးအစားကိုလျှော့ချဖို့ ဆွေးနွေးမှုမှာ ပါတယ်လို့ ပြော

ဓာတ်ပုံ ရင်းမြစ်, Screen Shot

ဓာတ်ပုံ ပုံစာ, နိုင်ငံရေးမှာ တပ်ပါဝင်မှုအချိုးအစားကိုလျှော့ချဖို့ ဆွေးနွေးမှုမှာ ပါတယ်လို့ ပြော

အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံဥပဒေပြင်ဆင်ရေးကို ပလက်ဖောင်း ၂ ခုက နေချဥ်းကပ်နေတာတွေ့ရတယ်လို့ ပြည်တွင်းက အမည်မဖော်လိုသူ သတင်းစာဆရာတစ်ဦးက ပြောပါတယ်။

၂၀၀၈ အခြေခံဥပဒေကနေ တစ်ဆင့် လွှတ်တော်လမ်းကြောင်းကလည်း တစ်နည်းသွားနိုင်ဖို့လုပ်နေသလို နေပြည်တော်မှာ တွေ့ဆုံနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လည်း အခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွေ ဆွေးနွေးနေတာလည်း တွေ့ရပါတယ်။

အခု လွှတ်တော်တွေမရှိတဲ့ အရေးပေါ်ကာလမှာ စစ်ကောင်စီနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ဟာ NCA အပစ်ရပ်စာချုပ်လမ်းကြောင်းကနေလည်း အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဆွေးနွေးနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလမ်းကြောင်းကနေ အခြေခံဥပဒေပြင်ဆင်ဖို့ဆိုရင် တပ်နဲ့ UPDJC ပါတီ အစုအဖွဲ့ သဘောတူရုံနဲ့ မလုံလောက်ဘူးလို့ နိုင်ငံရေးသမားတချို့က ထောက်ပြကြပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကို အစိုးရ၊ တပ်မတော်၊ လွှတ်တော် သုံးခုပေါင်းထားတဲ့ အစုအဖွဲ့၊ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ တွေက ကိုယ်စားလှယ် ၁၆ ဦးစီနဲ့ NCA နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူစာချုပ် အရ ၂၀၁၆ ခုနှစ်ကတည်းက စတင် ဖွဲ့စည်းထားခဲ့တာ ဖြစ်ပါတယ်။

NCA နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူစာချုပ် အရ UPDJC ကိုဖွဲ့စည်းခဲ့

ဓာတ်ပုံ ရင်းမြစ်, MYANMAR STATE COUNSELLOR FACEBOOK

ဓာတ်ပုံ ပုံစာ, NCA နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူစာချုပ် အရ UPDJC ကိုဖွဲ့စည်းခဲ့

ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်ကလည်း UPDJC ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

NLD အစိုးရလက်ထက်က နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားလှယ်တွေကိုတော့ လွှတ်တော် တစ်ခုမှာ အနည်းဆုံး ကိုယ်စားလှယ် တစ်ဦး ပါဝင်တဲ့ နိုင်ငံရေးပါတီတွေကိုပဲ ပါဝင်ခွင့်ပေးတဲ့စနစ်နဲ့ ပြန်လည်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

UPDJC နိုင်ငံရေးအစုအဖွဲ့ဟာ အာဏာသိမ်းပြီးကတည်းက ရပ်တန့်နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့နိုဝင်ဘာက ရွေးကောက်ပွဲကော်မရှင်ရဲ့ အချိုးကျ ကိုယ်စားပြုစနစ်ဆွေးနွေးပွဲကို တက်ခဲ့တဲ့ ၅၃ ပါတီက ၄ လသက်တမ်းနဲ့ ပြန်ဖွဲ့ခဲ့ကြတာ ဖြစ်ပါတယ်။

NLD အစိုးရလက်ထက်က ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး အစိုးရ၊လွှတ်တော်နဲ့ တပ်မတော်သားအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့နဲ့ နိုင်ငံရေး ပါတီများအစုအဖွဲ့ဆိုပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် UPDJC မှာ တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့နဲ့ နိုင်ငံရေး ပါတီများအစုအဖွဲ့တို့ပဲ ကျန်နေခဲ့ပါတယ်။

စစ်ကောင်စီလက်ထက်မှာ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ Union Peace Dialogue Joint Committee ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ မှာ အလုပ်အဖွဲ့ခေါင်းဆောင် အဖြစ် ဦးစိုင်းအိုက်ပေါင်းက တာဝန်ယူလာပါတယ်။

UPDJC ၂၀၁၈ ခုနှစ် အစည်းအဝေး တက်ရောက်လာတဲ့ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်များ

ဓာတ်ပုံ ရင်းမြစ်, MYANMAR STATE COUNSELLOR FACEBOOK

ဓာတ်ပုံ ပုံစာ, UPDJC ၂၀၁၈ ခုနှစ် အစည်းအဝေး တက်ရောက်လာတဲ့ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်များ

မြန်မာနိုင်ငံရဲ့ နာမည်ကို ဖက်ဒရယ် ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ်ပြောင်းလဲဖို့ UPDJC ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ဘက်က တပ်ကို တင်ပြခဲ့တယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြီးတဲ့အခါ UPDJC တိုင်းရင်းသားအစုအဖွဲ့ပြန်လည်ဖွဲ့စည်းနိုင်ခြေရှိတယ်လို့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

UPDJC နိုင်ငံရေးအစုအဖွဲ့နဲ့ စစ်ကောင်စီတို့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ တစ်လတစ်ကြိမ် ပုံမှန်ဆွေးနွေးနေကြပြီး ဝန်ကြီးချုပ်တွေကို တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေက ခန့်အပ်နိုင်ဖို့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ သဘောတူခဲ့ကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။

UPDJC အစုအဖွဲ့ ၃ ခုမှာ ရွေးကောက်ခံ အစိုးရနဲ့ လွှတ်တော်မရှိတာကြောင့် တပ်ပဲ ကျန်ခဲ့တာရယ် ကျန်အစုအဖွဲ့ နှစ်ခုမှာ စစ်ကောင်စီနဲ့ အဆင်ပြေတဲ့ ပါတီအစုအဖွဲနဲ့ စစ်ကောင်စီနဲ့ အဆင်ပြေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့သာ တွေ့ဆုံနေတာရယ်ကြောင့် NCA လမ်းကြောင်းကနေ သွားတဲ့ချဥ်းကပ်မှုဟာ အငြင်းပွားစရာတွေ အများအပြားရှိတယ်လို့ ပြည်တွင်းက သတင်းစာဆရာတစ်ဦးက ပြောပါတယ်။

"လက်ရှိအနေအထားမှာ အဓိကဖြစ်တဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ခြမ်းကို ဖွဲ့စည်းတည်ဆောက်ထားတာ မတွေ့ရသေးပါဘူး။နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးချက်တွေသည်လည်း အပစ်ရပ်လက်မှက်ထိုးထားတဲ့ EAO တွေဘက်က သဘောတူမှာသာ ငြိမ်းချမ်းရေးညီလာခံကို တင်နိုင်တဲ့ သဘောတူချက်ကို ရမှာဖြစ်ပါတယ်။ အဲ့ဒီအခြမ်းမပါဘဲ ဖွဲ့စည်းပုံ ဥပဒေပြင်ဖို့ သဘောတူတယ်လို့ ပြောလို့မရပါဘူး။ UPDJC အစုအဖွဲ့ ၃ ခုလုံးသဘောတူမှသာ အခြေခံဥပဒေကို NCA ကနေတစ်ဆင့် ပြင်ဖို့ သဘောတူတယ်လို့ပြောလို့ရပါတယ် "လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဒေါက်တာအေးမောင်က ပြောပါတယ်။

မြန်မာပြည်နိုင်ငံရေးရဲ့ အဓိကဇာတ်ကောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်အစိုးရက ၁၅ နှစ်ကျော်ကြာ အချိန်ယူရေးဆွဲခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Shweinnthar KhinMgWin

ဓာတ်ပုံ ပုံစာ, မြန်မာပြည်နိုင်ငံရေးရဲ့ အဓိကဇာတ်ကောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်အစိုးရက ၁၅ နှစ်ကျော်ကြာ အချိန်ယူရေးဆွဲခဲ့တာပါ။

လွှတ်တော်နဲ့ ရွေးကောက်ခံအစိုးရမရှိတဲ့ အခုလိုအချိန်မှာ ဒီလိုဆွေးနွေးမှုတွေရဲ့ တရားဝင်မှုအပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိနေကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မတွေဖြစ်တဲ့ ၄၃၆ (က) နဲ့ ၄၃၆ (ခ) တို့ကို ပြင်ဆင်ရေးပုဒ်မတွေ အကြောင်းကို ပြောသွားပြီး တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့တွေ အခု သဘောတူထားရင် နောက်လာမယ့် လွှတ်တော်မှာ ဒါတွေဟာ တပ်နဲ့ သဘောတူထားလို့ သဘောမတူစရာမရှိဘူးလို့ ပြောသွားခဲ့ပါတယ်။

လွှတ်တော် အခြေခံဥပဒေပြင်ဆင်ရေးဟာ တပ်မတော်သားကိုယ်စားလှယ် သဘောတူမှုမပါဘဲ ဘာကိုမပြင်နိင်ခဲ့ပါဘူး။

တပ်ရဲ့ သဘောကတော့ အခု အစိုးရရော၊ လွှတ်တော်ရော၊ တပ်ရောက စစ်ကောင်စီမှာပဲ ရှိနေတော့ အခုပြောထား သဘောတူထား နောက်ရွှေးကောက်ပွဲပြီး တက်လာမယ့် လွှတ်တော်ကလည်း တပ်ကိုထောက်ခံမယ့် လွှတ်တော်ဖြစ်လို့ သဘောမတူစရာမရှိဆိုပြီး ငြိမ်းချမ်းရေးကို ချဥ်းကပ်ပုံရတယ်လို့ နိုင်ငံရေးလေ့လာသူ တစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ ၂၀၀၈ အခြေခံဥပဒေအရ လာမယ့် ၂၀၂၃ သြဂုတ်လ နောက်ဆုံးထားပြီးရွေးကောက်ပွဲ ကျင်းပရမှာဖြစ်ပြီး တိုင်းပြည်အခြေအနေကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ရင် လွှတ်တော်လည်း ရှိလာမှာ မဟုတ်သလို အရေးပေါ်ကာလ သက်တမ်းတိုးဖို့ကလည်း အကျပ်အတည်းဖြစ်လာနိုင်တဲ့ အခြေအနေရှိလို့ အခု အခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးမှုတွေဟာ မရေမရာ အခြေအနေမှာ ရှိတယ်လို့ မြန်မာပြည်တွင်းက အမည်မဖော်လိုသူ သတင်းစာဆရာတစ်ဦးကပြောပါတယ်။