စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မယ်ပြော

လက်ရှိမြန်မာနိုင်ငံအတွင်း စက်သုံးဆီစျေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စျေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ နိုင်ငံခြားငွေ ကြေးစျေးကွက်က တစ်ဆင့် အမေရိကန်ဒေါ်လာ သန်း၂၀၀ ထောက်ပံ့ပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မှတ်ပုံတင်နံပါတ်ကြည့်ပြီးအလုပ်ထုတ်တာ၊ အလုပ်မခန့်တာတွေရှိနေတဲ့ အလုပ်ရှင်တချို့ကို NUG မှတ်တမ်းတင်ထားပြီး ထိရောက်စွာ အရေးယူမယ်လို့လည်း ထုတ်ပြန်

    အလုပ်သမားတွေကို အလုပ်ခန့်ထားမှုအပေါ်မှာ ခွဲခြားဆက်ဆံတာတွေ ပြုလုပ်နေတဲ့ အပေါ် ထိရောက်စွာအရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ သြဂုတ်လ ၂၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

    လက်ရှိမှာ အလုပ်ရှင်တချို့ဟာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်း‌ဒေသကြီးတို့ အပါအဝင် ပြည်နယ်တချို့က အလုပ်သမားတွေကို ကိုင်ဆောင်ထားတဲ့ မှတ်ပုံတင်ပါနံပါတ်ကိုကြည့်ပြီး အလုပ်မခန့်တာ၊ အလုပ်ထုတ်တာတွေ ပြုလုပ်နေတဲ့အပြင် စစ်ကောင်စီအုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး အလုပ်သမားအဆောင်တွေမှာ ဆက်လက်နေထိုင်ခွင့် မရဖို့ ဖိအားပေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

    ဒါနဲ့ ပတ်သက်ပြီး အခြေခံလူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတဲ့ အလုပ်ရှင်တွေကို မှတ်တမ်းတွေ ရယူပြီး ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    မကွေးတိုင်း မှတ်ပုံတင်ကိုကြည့်ပြီး စစ်ဆေးခံရဖူးတဲ့ အမျိုးသမီးတစ်ဦးက " အစက အိမ် စုငှားနေတော့ စုပြီး ဧည့်စာရင်းတိုင်လိုက်တော့ ကျွန်မ မှတ်ပုံတင်နံပါတ်ကို သူတို့ သတိမထားမိလိုက်ဘူး။ နောက်ပိုင်း လူတွေက ပြောင်းသွားကြ၊ နယ်ပြန်ကြနဲ့ ။ ကျွန်မနဲ့နောက်တစ်ယောက်ပဲကျန်တော့တယ်။ အဲဒီမှာ ဧည့်စာရင်း သွားလည်း တိုင်ရော မှတ်ပုံတင် နံပါတ်ကြည့်ပြီး ရစ်တော့တာပဲ။ ဘယ်ကလာတာလဲ။ ဘာလာလုပ်တာလဲ။ အစုံပဲ မေးတယ်။ ပြီးတော့ အဲဒီရက်ပိုင်းလေးမှာကိုပဲ ဧည့်စာရင်း နှစ်ခါ လာစစ်တယ် " လို့ သူကြုံတွေ့ရပုံကို ပြောပါတယ်။

    လုပ်ငန်းခွင် ဒါမှမဟုတ် အလုပ်ခန့်ထားမှုမှာ တနည်းနည်းနဲ့ ခွဲခြားဆက်ဆံခံရတဲ့ အလုပ်သမားတွေအနေနဲ့ အလုပ်သမား၀န်ကြီးဌာန တိုင်ကြားရေး ယန္တရားကို တိုင်ကြားဖို့နဲ့ အခြေခံလူ့အခွင့်အရေးနဲ့အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတဲ့ အလုပ်ရှင်တွေကို မှတ်တမ်းတွေရယူပြီး ထိရောက်စွာ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

    လက်ရှိကာလမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊အလုပ်သမား၀န်ကြီးဌာန အနေနနဲ့ အလုပ်ရှင်အလုပ်သမားတွေ ကြုံတွေ့နေရတဲ့အခက်အခဲတွေ၊ ဖိနှိပ်မှုတွေ၊ အခွင့်အရေး ချိုးဖောက်ခံရတာတွေကို တတ်နိုင်တဲ့နည်းလမ်းပေါင်းစုံနဲ့ ကူညီဖြေရှင်းပေးနေတယ်လို့ ဆိုပါတယ်။ အလုပ်ရှင်တွေအနေနဲ့လည်း အလုပ်သမားတွေ၊ပြည်သူတွေအပေါ် ခွဲခြားဆက်ဆံမှု မပြုလုပ်ဖို့နဲ့ အတတ်နိုင်ဆုံး ကူညီဖေးမခြင်းနဲ့ စစ်အာဏာရှင်တော်လှန်ရေးမှာ တစ်ဘက်တစ်လမ်းက ပူးပေါင်းပါ၀င်ကြဖို့လည်း အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားပါတယ်။

    Social Media

    ဓာတ်ပုံ ရင်းမြစ်, Social Media

    Social Media

    ဓာတ်ပုံ ရင်းမြစ်, Social Media

  2. ကနီမြို့နယ် ချောင်းမရွာကို စစ်ကောင်စီတပ်တွေပြန်လည်ထွက်ခွာသွားပြီးနောက် ရွာအတွင်းမှာ ရုပ်အလောင်း ၅ လောင်းတွေ့

    မနေ့က သြဂုတ်လ ၂၆ ရက်နေ့မှာ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းအနီးက ချောင်းမရွာကို စစ်ကောင်စီတပ်တွေ ၀င်ရောက်ခဲ့ပြီးတဲ့နောက် စစ်ကြောင်းပြန်ထွက်သွားတဲ့အချိန်မှာ သေဆုံးသူ ၅ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိရတယ်လို့ ဒေသကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

    အသတ်ခံရသူတွေဟာ ဘယ်သူဘယ်၀ါဆိုတာ မသိရသေးဘဲ အမျိုးသား ၅ ဦး ဖြစ်ပြီး ချောင်းမ ကနီ လမ်းခွဲ အနောက်ဘက်မှာ တွေ့ရှိခဲ့တာလို့ ရုပ်အလောင်းတွေကို ရှာဖွေ တွေ့ရှိသူတွေက ဆိုကြပါတယ်။

    " ကြိုးတုပ်ထားတာ။ ဓားတွေနဲ့မွှမ်းထားတာတွေတွေ့တယ်။ ထိုးသွင်းဒဏ်ရာတွေတွေ့တယ်။ နောက်တစ်ဦးကတော့ အ‌ဝေးကနေ သေနတ်နဲ့ ခေါင်းကိုလှမ်းပစ်ထားတဲ့ ဒဏ်ရာတွေ တွေ့ရပါတယ်။ ပြီးတော့ မီးရှို့ထားတာကိုလည်း တွေ့ရတယ်။ သေဆုံးသူတွေကတော့ ဘယ်သူတွေမှန်း မသိရသေးဘူး" လို့ ဒေသကာကွယ်ရေးနဲ့နီးစပ်သူတစ်ဦးက ရုပ်အလောင်းတွေ တွေ့ရှိခဲ့ပုံကို ပြောပြပါတယ်။

    ဒါ့အပြင် ကား လေးစီးနဲ့ ဆိုင်ကယ် နှစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာတွေ့ရတယ်လို့ သူက ဆိုပါတယ်။

    ဒီနေ့ သြဂုတ်လ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး ချောင်းမရွာကနေ သင့်၀င်၊ မမင်းမ၊ သမင်ခြံ စတဲ့ရွာတွေကို စစ်ကြောင်းထိုးနေပြီး ရွာတွေတ၀ိုက်မှာ မီးခိုးတွေ တွေ့ရတဲ့အတွက် မီးရှို့နေတဲ့ အနေအထားရှိတယ်လို့ ‌တိမ်းရှောင်နေရတဲ့ ဒေသခံတွေက ဆိုကြပါတယ်။

    လက်ရှိ ညနေပိုင်းအချိန်အထိ သမင်ခြံရွာအနီးမှာ စစ်ကြောင်းဆက်ရှိနေတယ်လို့ သိရပြီး စစ်ကြောင်းထိုးမှုတွေကြောင့် ကျေးရွာအုပ်စု ၆ စုက ဒေသခံ သောင်းချီပြီး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. ရွှေတစ်ကျပ်သား ကျပ်၂၉ သိန်း ကျော် ရောက်ရှိလာ, နေပြည်တော်မှာ စစ်ကောင်စီဖွဲ့စည်းထားတဲ့ ရွှေနဲ့ ငွေကြေးစျေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးကော်မတီ အစည်းအဝေးပြုလုပ်နေတယ်လို့ သိရ

    ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း က သတ်မှတ်ထားတဲ့ ရည်ညွှန်းစျေးက ဒီနေ့ သြဂုတ်လ ၂၇ ရက်နေ့မှာ ရွှေတစ်ကျပ်သား ကျပ်သိန်း၂၀ နဲ့ သုံးသောင်းခုနစ်ထောင် လို့ ထုတ်ပြန်ထားပေမဲ့ ပြင်ပပေါက်စျေးက တစ်ကျပ်သားကို ငွေကျပ် ၂၉ သိန်း ကျော်မှာ ရှိနေပါတယ်။

    ငွေကြေးမခိုင်မာတာနဲ့ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာတာတွေကြောင့် ခိုင်မာမှုရှိတဲ့ရွှေနဲ့ အိမ်ခြံမြေ ၊ကား တွေဘက်ကို စိတ်၀င်စားမှု ပိုလာတဲ့အတွက် အခုလို ရွှေစျေးဟာ လနဲ့ချီ ဆက်တိုက် မြင့်တက်လာတာလည်း ဖြစ်ပါတယ်။

    ဒါ့အပြင်စျေးကွက်ထဲမှာ မြန်မာကျပ် ငွေအတုတွေ ပျံ့နှံ့နေတဲ့သတင်းတွေကြောင့်လည်း လက်ထဲမှာ ငွေသားမကိုင်ထားရဲကြဘဲ ပစ္စည်းတစ်ခုခု ၀ယ်ထားတာမျိုးနဲ့ ရင်းနှီးမြှုပ်နှံဖို့ အားသန်လာကြတာပါ။

    ရွှေစျေးနှုန်းတွေ မြင့်တက်နေတာတဲ့ပတ်သက်ပြီး ‌ရွှေလုပ်ငန်းရှင်များအသင်းက တာ၀န်ရှိသူတစ်ဦးက " အသင်းအနေနဲ့တော့ အကြံပြုထားတာပါ။ ရည်ညွှန်းစျေးနဲ့ ရောင်းနိုင်၀ယ်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ "လို့ ပြောပါတယ်။

    ရွှေဆိုင်တွေမှာတေ့ အရောင်းအဝယ် က ပုံမှန်မှာပဲ ရှိနေတယ်လို့ ပြောကြပါတယ်။ လူတွေရဲ့ ငွေတုကိုလက်ထဲမှာ ရောက်ရှိလာမှာစိုးရိမ်တဲ့စိတ်ကို ဖျောက်ဖျက်ဖို့အတွက် ငွေတုရောင်း၀ယ်နေတာတွေကို ထိထိရောက်ရောက် အရေးယူဖို့လိုတယ်လို့လည်း ရွှေလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။

    " ရွှေစျေးတက်တာကို ရွှေသမားတွေက မကြိုက်ပါဘူး။ ရွှေသမားတွေက ရွှေတိုးလာတာကိုပဲ ကြိုက်တာပါ။ ရွှေသမားတွေက ပုံမှန်အတိုင်းလေးရောင်းနေရမယ်။ စျေးလည်းငြိမ်နေမယ်ဆိုတာကို လိုချင်ကြတာ။ အခုလို စျေးတွေစွတ်တက်နေတာကလည်း အရောင်းကရပ်သွားနိုင်တယ်လေ" လို့ ရွှေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

    ဒီနေ့ မွန်းလွဲ ၂ နာရီမှာတော့ နေပြည်တော်မှာ ရွှေနှင့်ငွေကြေး စျေးကွက်စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေးကော်မတီက အစည်းအ‌ဝေး ခေါ်ယူထားတာရှိတယ်လို့သိရပါတယ်။

    ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း

    ဓာတ်ပုံ ရင်းမြစ်, ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း

  4. ဒေသကာကွယ်ရေးတပ်နယ်မြေထဲ လမ်းမှားဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတစ်ဦး ဖမ်းဆီးခံရ

    သြဂုတ်လ ၂၅ ရက်နေ့က ပျူစောထီးအဖွဲ့တွေ အများဆုံး နေထိုင်တဲ့ ကျေးရွာတစ်ရွာဖြစ်တဲ့ ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာရဲ့ အပြင်ဘက်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တချို့ထဲက တပ်သားနှစ်ဦးက ရွာထဲကို ပြန်အ၀င်မှာ လမ်းမှားသွားပြီး တခြားရွာကိုရောက်သွားတဲ့အတွက် ဒေသကာကွယ်ရေးတပ်တွေရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတယ်လို့ ‌ဒေသကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။

    စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ထဲက မဒေါင်းလှရွာမှာ ဒေသခံတွေရဲ့လယ်တွေကို စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့၀င်တွေကသိမ်းယူကာ လယ်စိုက်နေပြီး စစ်ကောင်စီတပ်တွေက ကောက်စိုက်လယ်စိုက်နေသူတွေကို လုံခြုံ‌ရေးကင်းစောင့်ပေးတာ ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

    မနေ့က ဖြစ်စဥ်မှာလည်း အဲဒီလို ကင်းစောင့်ပေးနေရာကနေ ရွာထဲပြန်အ၀င် လမ်းမှားပြီး တခြားရွာကို ၀င်လာတာဖြစ်တယ်လို့သိရပါတယ်။ လမ်းမှား၀င်လာသူ ၂ ဦးထဲက စစ်ကောင်စီတပ်ဖွဲ့၀င်တစ်ဦးကို ဖမ်းဆီးထားပြီး ကျန်တစ်ဦးက လွတ်‌‌မြောက်သွားတယ်လို့ ဆိုပါတယ်။

    ဒေသကာကွယ်ရေးနဲ နီးစပ်သူတစ်ဦးက " သူတို့ထုံးစံအတိုင်း ရွာထဲ၀င်ရင် သေနတ်လေးတော့ ဖောက်လိုက်ရမှ၊ အဲဒါ သေနတ်လည်း ဖောက်ပြီး ရွာထဲ၀င်သွားရော ဒေသကာကွယ်ရေးတပ်တွေ ချက်ချင်းရောက်လာပြီး ဖမ်းလိုက်ကြရော၊ တစ်ယောက်မိတယ်။ တစ်ယောက်လွတ်သွားတယ်။ ဖမ်းမိသူတစ်ယောက်ကိုတော့ အခု သေချာ ထိန်းသိမ်းထားပါတယ်။ " လို့ ပြောပါတယ်။

    စစ်ကောင်စီတပ်သားကို ဖမ်းဆီးရမိချိန်မှာ ‌လက်နက်ငယ်တစ်လက်၊ ကျည် ၁၉ တောင့်နဲ့ စကားပြောစက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

  5. မောင်တောမှာ စစ်ကောင်စီနဲ့ ‌အေအေတို့ တိုက်ပွဲပြင်းထန်နေ ‌ဒေသခံတွေ အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဘေးလွတ်ရာပြေးရ

    ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း မင်းခမောင်းနဲ့ ခမောင်းဆိပ် တို့မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ‌ဒေသခံတွေ ဘေးလွတ်ရာဘက်တွေကို ‌တိမ်းရှောင်နေကြရပါတယ်။

    မနေ့က သြဂုတ်လ ၂၆ ရက်နေ့နေ့လယ်ပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို စတင် တိမ်းရှောင်နေရတာဖြစ်ပါတယ်။ ဒီနေ့ မနက် အစောပိုင်း ၂နာရီလောက်မှာလည်း တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေပြီး အရုဏ်မတက်ခင် ၅ နာရီ လောက်မှာမှ လက်နက်ကြီးသံတွေ ငြိမ်သွားတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

    ပြေးလွှား‌တိမ်းရှောင်နေရသူ မင်းခမောင်း ဒေသခံတစ်ဦး ပြောပြတာက " ကျွန်တ်ောတို့ က ဆိုင်ဖွင့်ထားတာ။ ဆိုင်မှာပဲ မနေ့က နေ့လယ် ၂ နာရီလောက် ထမင်းစားပြီးချိန် ခဏလေး နားနေတုန်း တအုံးအုံးနဲ့ လက်နက်ကြီးသံတွေ စကြားရတာ။ လန့်ပြီး အကုန်ထွက်ပြေးကြတာ၊ အ၀တ်တစ်ထည် ကိုယ်တစ်ခုပဲ။ ဆိုင်တောင် မပိတ်ခဲ့ရဘူး။ ဒီတိုင်းပစ်ထားခဲ့ရတာ။ ပစ္စည်းတွေ နှမြောပေမဲ့ ကိုယ်မှမသွားရဲတာ" လို့ ဆိုပါတယ်။

    တိုက်ပွဲဖြစ်ပွားရာ ရွာတွေမှာဒေသခံတွေအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတာကြောင့် ပိတ်မိသူတချို့လည်းရှိတယ်လို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

    လက်ရှိမှာတော့ ရက္ခိုင့်တပ်တော်AA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လမ်းကြောင်းပိတ်ဆို့တာ၊ ဒေသခံတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။ အခုတိုက်ပွဲဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော အေအေဘက်ကပါ သတင်းမထုတ်ပြန်သေးပါဘူး။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

  6. ဖားကန့်မှော်ဘုံကျေးရွာအနီးမှာ PDF ထောက်ပို့စခန်း ‌ဆိုပြီး စစ်ကောင်စီတပ်တွေ ၀င်ရောက်စီးနင်း၊ ၆ ဦးဖမ်းဆီးခံရ

    ကချင်ပြည်နယ်၊ ဖားကန့် လုံးခင်းအုပ်စုက မှော်ဘုံကျေးရွာအနီးမှာ PDF ထောက်ပို့စခန်းလို့ ဆိုပြီး မနေ့ကသြဂုတ်လ ၂၆ ရက်နေ့ ည ၁၁နာရီလောက်က စစ်ကောင်စီက ၀င်ရောက်စီးနင်းခဲ့ပြီး ၆ ဦး ဖမ်းဆီးခေါ်ဆောင်ခံရတယ်လို့ သိရပါတယ်။

    မိုးတွေ သည်းနေတဲ့အချိန်မှာ သေနတ်တွေ ပစ်ခတ်၀င်ရောက်လာတာဖြစ်ပြီး စခန်းကို ၀င်ရောက်စီးနင်း မီးရှို့သွားတာလို့ PDF တွေနဲ့နီးစပ်သူတွေထံက သိရပါတယ်။ မဇွတ်ရန်‌ထောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အင်အား ၅၀ လောက်က စခန်းကို ၀င်ရောက်စီးနင်းခဲ့တာလို့ နီးစပ်သူတွေက ဆိုကြပါတယ်။

    " လူ ၁၀ ယောက်လောက်ပဲရှိတာပါ။ ထောက်ပို့ရုံးဆိုပြီးတော့ပေါ့။ အဲဒါကို အင်အား ၅၀ နဲ့ ၀င်ချလာတယ်။ ကားတစ်စီးမီးရှို့သွားတယ်။ ဆန်ဂိုထောင်ကို မီးရှို့သွားတယ်။ ၆ ဦး ပါသွားတယ်။ ပါသွားတဲ့သူတွေနဲ့ အခုထိ ဆက်သွယ်လို့ မရဘူး။ စိတ်ပူနေရတယ်" လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်သူတစ်ဦးက သြဂုတ်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်း အခြေအနေကို ပြောပါတယ်။

    ဒေသကာကွယ်ရေးနဲ့နီးစပ်သူတွေကတော့ ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ရက်တုန်းက ကချင်လွတ်လပ်မြောက်ရေးတပ် KIA နဲ့ PDF ပူးပေါင်းတပ်တို့က ဆယ်ဇင်းကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မှုကြောင့် နောက်ဆက်တွဲလက်တုံ့ပြန်တာဖြစ်နိုင်တယ်လို့သုံးသပ်မှုတွေလည်း ရှိနေကြပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မီးရှို့ ဖျက်ဆီးခံခဲ့ရတဲ့ ဆယ်ဇင်းရွာမြင်ကွင်းများ
  7. ပါတီတွေနဲ့တွေ့ချင်တဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေ ‌သံရုံးတွေကတစ်ဆင့် ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်တောင်းဖို့ စစ်ကောင်စီညွှန်ကြား, တွေ့ဆုံဆွေးနွေးရေးက လှုပ်လို့မရတဲ့အခြေအနေဖြစ်သွားပြီလို့ နိုင်ငံရေးပါတီတချို့ ၀ေဖန်

    နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံလိုတဲ့ ပြည်ပ အဖွဲ့အစည်းတွေဟာ သက်ဆိုင်ရာသံရုံးတွေကတစ်ဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်သတင်းပေးပို့ပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကနေ ခွင့်ပြုချက်တောင်းခံဖို့ ညွှန်ကြားချက် ထုတ်ပြန်လာတယ်လို့ ပါတီတွေထံက သိရပါတယ်။

    ဒီလိုညွှန်ကြားချက်မျိုးကို နိုင်ငံရေးပါတီတွေကိုလည်းညွှန်ကြားခဲ့ဖူးပြီး အခုတော့ ပြည်ပအဖွဲ့အစည်းတွေကိုပါ ထပ်ပြီးညွှန်ကြားလာတာလို့ သိရပါတယ်။

    ဒီညွှန်ကြားချက်နဲ့ပတ်သက်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က " သူတို့ ကြေညာချက်တွေထဲမှာတော့ မဲ မသမာမှုလုပ်တဲ့ကိစ္စမှာ နိုင်ငံခြားအဖွဲ့အစည်းတွေ ပါဝင်နေတယ်ဆိုပြီးတော့ အကြောင်းပြထားတာ ရှိတယ်လေ။ အခုလုပ်တဲ့ ကိစ္စကတော့ နည်းနည်းများတယ်။ ကာချုပ်ကြီး မိန့်ခွန်းတစ်ခုမှာ နိုင်ငံရေးထွက်ပေါက် နိုင်ငံရေးထွက်ပေါက်ဆိုပြီး ထပ်ခါ ထပ်ခါသုံးတယ်။ ခုကျ ကာချုပ်ကြီးပြောတဲ့ နိုင်ငံရေးထွက်ပေါက်ဆိုတာကို ပြန်ပိတ်သလိုကြီးဖြစ်နေတယ်။ နိုင်ငံခြားအဖွဲ့အစည်းတိုင်းက မဲ မသမာမှုထဲမှာ ပါတာမှ မဟုတ်တာပဲဗျာ။ အားလုံးပါတာမှမဟုတ်ဘဲ။ အခုက အားလုံးပိတ်လိုက်တော့ တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး အခက်အခဲတွေ ဖြစ်ကုန်ရော" လို့ ပြောပါတယ်။

    ဒီညွှန်ကြားချက်က အရပ်ဖက်အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးအတွက်ဖွဲ့ထားတဲ့အဖွဲ့တွေမှာပါ သက်ရောက်မှု ဖြစ်လာစေမယ်လို့ ‌ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    သူကပဲ ဆက်ပြီး " အရပ်ဖက်အဖွဲ့အစည်းတွေရှိတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးအတွက်ဖွဲ့ထားတဲ့ PPST လို အဖွဲ့တွေရှိတယ်။ ခုပြောပုံအရဆိုရင် အဲဒါတွေပါ အကျုံးဝင်သလို ဖြစ်နေတယ်။ ဘာမှတောင် လှုပ်လို့မရတော့တဲ့ အနေအထားရောက်သွားပြီ။ တအားအံ့သြတယ်။ ဘာလို့ အဲဒီလို ဖြစ်တာလဲ မသိဘူး။ တွေ့ဆုံဆွေးနွေးရေးမှာ ကိုယ့်အချင်းချင်းလည်းတွေ့လို့မရ ၊ တခြား တရားမျှမျှတတနဲ့ကြားဝင်မယ့်သူတွေလည်း ဝင်လို့မရ၊အဲဒီလိုတွေ ဖြစ်ကုန်တာပေါ့" လို့ ပြောပါတယ်။

    လက်ရှိမှာတော့ နိုင်ငံရေးပါတီတွေဟာ တစ်နှစ်ကျော်ကြာလာတဲ့ အာဏာသိမ်းစစ်ကောင်စီအောက်မှာ ကန့်သတ်ထိန်းချုပ်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။

    ScreenGrab

    ဓာတ်ပုံ ရင်းမြစ်, ScreenGrab

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး
  8. ရန်ကုန် မြို့ပြခြေရာခံ ဖမ်းဆီးမှုတွေ ပိုများလာ

  9. PLA ၊ PDF စစ်ရေးမဟာမိတ်တွေရဲ့ တန့်ဆည်မြို့နယ် ဝရငယ်တိုက်ပွဲ

  10. မြန်မာဟာ ရုရှားထံက လောင်စာဆီဝယ်ယူရေး အာရှဒေသတွင်းက အရေးကြီးတဲ့စျေးကွက်ဖြစ်တယ်လို့ ဝါဆောအင်စတီကျူပြော

  11. ကယားပြည်နယ်က စစ်ရှောင်တွေ ထမင်းတစ်နပ်လျှော့စားတာတောင် ရိက္ခာမလောက်လို့ ဆန်ပြုတ်သောက်ရတာတွေ ရှိနေ

    စစ်ဘေးတိမ်းရှောင်နေရတာ တစ်နှစ်ကျော်လာပြီဖြစ်တဲ့ ကယားပြည်နယ် ထဲက စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာတွေ ရှားပါးလာတာကြောင့် ဆန်တွေကို အချင်းချင်း ချေးငှားစားသောက်နေကြရပါတယ်။

    စားနပ်ရိက္ခာလို့ ဆိုရာမှာလည်း ဆန်တစ်မျိုးထဲသာရှိတော့ပြီး ဆီ၊ အသားငါး ၊ ပဲ၊ ငရုတ်၊ ကုန်ခြောက် ဘာမှမရှိတဲ့ အနေအထားမှာ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ ၇၀ ရာခိုင်နှုန်းထက်မနည်း ရိက္ခာပြဿနာနဲ့ ရင်ဆိုင်နေကြရပါတယ်။

    စားသုံးဖို့အတွက် ဆန် တစ်ခုပဲ အဓိကရှိပြီး ဆီ၊ ဆား၊ ငရုတ် စတာတွေ မပါဘဲ ဆန်ချည်းသက်သက် စားသုံးဖို့တောင် အခက်အခဲတွေနဲ့ ကြုံနေကြရတာပါ။ ဒါကြောင့် ကလေးတွေနဲ့ သက်ကြီးပိုင်းတွေက လွဲလို့ အရွယ်ရောက်ပြီလို့ယူဆရတဲ့ အသက် ၅၀ နှစ်အောက်တွေက ထမင်းတစ်ရက်ကို နှစ်နပ်ပဲစားပြီး တစ်နပ်လျှော့ချစားနေရတာတွေရှိပါတယ်။

    စစ်ရှောင်ကူညီနေသူတစ်ဦး ပြောပြတာက " လျှော့စားရတာတောင် နပ်မမှန်တော့လို့ တချို့ဆန်ပြုတ်သောက်နေကြရပြီ။ ဆန်ချည်းပဲတောင် မလုံလောက်ဘူး။ ဒီအတိုင်းဆို ပိုဆိုးလာဖို့ပဲ ရှိတော့တယ်" လို့ ပြောပါတယ်။

    စစ်ဘေးရှောင်တွေမှာ ရိက္ခာလိုအပ်ချက်တွေ များနေတဲ့အတွက် မိသားစု၀င်များတဲ့ သူတွေက မိသားစု၀င်နည်းတဲ့ သူတွေဆီမှာ ဆန်တွေ ချေးငှားစားသောက်ရတာတွေလည်း ရှိနေပါတယ်။ ဆန်ကို ချေးငှားပြီးမှ လုပ်အားနဲ့ ပြန်ဆပ်တာ၊ ရိက္ခာလာ‌‌ဝေမှ ပြန်ဆပ်တာတွေလည်း ကြုံနေကြရပါတယ်။ ဒါ့အပြင် မိုးရာသီလည်း ဖြစ်တာကြောင့် နေစရာ မိုးကာတွေအပြင် ဆေး၀ါး စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေထံက သိရပါတယ်။

    " အခု မိုးတွင်းမှာလည်း မိုးကာ စောင် ခြင်ထောင်လိုသလို ၊ ဆောင်းတွင်းက လာတော့မယ်။ စစ်ရှောင်တွေရှိတဲ့နေရာတွေက ခြင်ထောင် စောင် မရှိရင် နေလို့ကိုမရတဲ့နေရာတွေ၊ တအားအေးတာ။ စားနပ်ရိက္ခာအပါအ၀င် လိုအပ်တာတွေ များတယ်" လို့ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။

    ဒါ့အပြင် ဒီလပိုင်းအတွင်းမှာပဲ စားနပ်ရိက္ခာအပါအ၀င် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေလည်း တိုးလာတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေထံက သိရပါတယ်။

    Kantarawaddy Times

    ဓာတ်ပုံ ရင်းမြစ်, Kantarawaddy Times

    ဓာတ်ပုံ ပုံစာ, ကယားပြည်နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများ(ပုံဟောင်း)
  12. မြိုင်မြို့နယ်ထဲက ၀ယ်တောင်ရွာကို စစ်ကြောင်းထိုးလာလို့ ဒေသခံ ၃၀၀၀ လောက် အလျင်အမြန် ထွက်ပြေးရ

    မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်က ဝယ်တောင်ရွာကို အင်အား ၆၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေက ဒီနေ့ သြဂုတ်လ ၂၆ ရက်နေ့ ‌ညနေ ၃ နာရီလောက်မှာ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံ ၃၀၀၀ နီးပါး ဘေးလွတ်ရာကို အလျင်အမြန် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

    တိုက်ပွဲ မရှိဘဲ မြိုင်မြို့နယ်ထဲက ရွာတွေကို စစ်ကြောင်းထိုးတာ မီးရှို့တာတွေကို အခုရက်ပိုင်းမှာ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ တိမ်းရှောင်နေရတဲ့ ဒေသခံတွေက ပြောပြကြပါတယ်။ ဝယ်တောင်ရွာဟာ အိမ်ခြေ ၇၀၀ ကျော် ၈၀၀ နီးပါးရှိတဲ့ ရွာကြီးဖြစ်ပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး၀င်ရောက်လာပြီးတဲ့နောက် ရွာလုံးကျွတ် ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရတာပါ။

    " ပြီးခဲ့တဲ့ရက်တွေက စစ်ကောင်စီဘက်က လေယာဉ်နဲ့ လူတွေ လာချသွားတယ်။ အင်အားတိုးတာလားမသိဘူး။ ပြီးတော့ ရွာတွေထဲ ၀င်တော့တာပဲ။ အခုပဲ ၀ယ်တောင်ရွာထဲ ၀င်ချလာလို့ ပြေးနေရတယ်" လို့ ၀ယ်တောင်ရွာက ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အရင်ရက်တွေတုန်းကလည်း သဒွတ်အနောက်ဘက်ရွာနဲ့ သဒွတ် အရှေ့ဘက်ရွာတွေကို ၀င်ရောက်မီးရှို့ခဲ့တာကြောင့် သဒွတ်အနောက်က အိမ်ခြေ ၁၀လုံးကျော်နဲ့ သဒွတ်အရှေ့က အိမ်ခြေ ၃၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ နောက်တစ်ရက်မှာလည်း ပေါက်ခေါင်းရွာကို ၀င်ရောက်မီးရှို့ခဲ့ပြီး အိမ်ခြေ ၂၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

    ဒေသခံတစ်ဦးကတော့ " အရင်လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ဒေသကာကွယ်ရေးတွေနဲ့ တိုက်ပွဲဖြစ်ကြတယ်ပေါ့ဗျာ။ အဲဒါ စစ်ကောင်စီကို လှမ်းပစ်တာတွေ ရှိတာပေါ့။ ပစ်ခတ်တဲ့နေရာတွေ တ၀ိုက်ကိုသူတို့က နေရာမှတ်ထားပြီး ပီဒီအက်ဖ်တွေရဲ့ စခန်းရှိမလား၊ ဘာတွေ့မလဲဆိုပြီး နင်းထိုး ၀င်နေတာ၊ အဲဒီလိုပဲထင်တာပဲ ။ ၅ ရက်‌လောက်ရှိပြီ ဆက်တိုက်ကို ၀င်နေတာ " လို့ ဘီဘီစီကို ပြောပါတယ်။

    လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေက မြိုင်မြို့နယ်အတွင်းက ၀ယ်တောင်ရွာကို စစ်ကြောင်း၀င်ရောက်လာတဲ့အတွက် ‌၀ယ်တောင်ရွာက ဒေသခံ ၃၀၀၀ နီးပါးဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရကြပါတယ်။

    MHG PDF

    ဓာတ်ပုံ ရင်းမြစ်, MHG PDF

  13. ရုရှားကို စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်နေ

    စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ ရုရှားကို သြဂုတ် ၂၅ ရက်မှာစတင် ထွက်ခွာသွားပြီး လက်ရှိမှာ ရုရှားနိုင်ငံကိုရောက်ရှိနေပြီဖြစ်ပါတယ်။

    သြဂုတ်လ ၁၅ ရက်နေ့ကစပြီး ရုရှားနိုင်ငံမှာကျင်းပနေတဲ့ International Army Games-2022 ပြိုင်ပွဲပိတ်ပွဲအခမ်းအနားတက်ရောက်ဖို့ သွားရောက်တာလို့သိရပါတယ်။ စစ်ကောင်စီရဲ့ဒုတိယခေါင်းဆောင်ဟာ သူ့ရဲ့အခုရုရှားခရီးစဉ်အတွင်းမှာ ရုရှားကာကွယ်ရေးဝန်ကြီးနဲ့တွေ့ဆုံဖို့ရှိတယ်လို့လည်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံက သိရပါတယ်။

    ယူကရိန်းကိုကျူးကျော်စစ်ဆင်နွှဲနေတဲ့ရုရှားကို အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ထားချိန်၊ မြန်မာမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်ကို ပိတ်ဆို့မှုတွေ ရှိနေချိန်နဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့အရေးယူပြစ်တင်ဝဖေန်မှုတွေကြား မြန်မာနဲ့ရုရှားနှစ်နိုင်ငံ စစ်ခေါင်းဆောင်တွေကြား ဆက်ဆံရေးတွေ ပိုပြီး အဆင့်မြှင့်တင်လာတဲ့အခြေအနေကိုတွေ့နေရပါတယ်။

    ပြီးခဲ့တဲ့လအတွင်း ရုရှားကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ခဲ့ပြီးမကြာခင်မှာပဲ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဘရော့ နေပြည်တော်ကိုလာရောက်ခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ရုရှားရဲ့ အဆင့်မြင့်အစိုးရအရာရှိကြီးတစ်ဦးရဲ့ ပထမဆုံး မြန်မာခရီးစဉ်လည်းဖြစ်ခဲ့ပါတယ်။

    အဲဒီခရီးစဥ်အပြီးမှာပဲ ပိတ်ဆို့မှုတွေကြောင့် ရုရှာက လောင်စာဆီတွေ မြန်မာနိုင်ငံက ၀ယ်ယူတင်သွင်းဖို့ နဲ့ ရုရှားဆီရဲ့အရည်အသွေးနဲ့ စျေးနှုန်းကို စစ်ခေါင်းဆောင်က သဘောကျတယ်လို့ပြောကြောင်း ၀ါဆောအင်စတီကျူကပြောပါတယ်။

    စစ်ကောင်စီခေါင်းဆောင်ကတော့ မြန်မာမှာ အာဏာသိမ်းပြီးမှ ရုရှာကို ၂ ကြိမ် သွားရောက်ထားပြီးဖြစ်ပြီး မကြာခင်မှာလည်း စစ်ကောင်စီဥက္ကဋ္ဌက ရုရှားကို သွားရောက်ဖို့ရှိနေတယ်လို့ သတင်းတွေလည်းထွက်နေပါတယ်။

    CINCDS

    ဓာတ်ပုံ ရင်းမြစ်, CINCDS

  14. ကျွန်းလှမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့်တစ်ဦးသေဆုံး ၊ နှစ်ဦးဒဏ်ရာရ

    စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာမှာ မနေ့က သြဂုတ် ၂၅ ရက်နေ့မှာ လေကြောင်းပစ်ခတ်မှုကြောင့် ရွာ‌သားတစ်ဦးသေဆုံး ခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကန့်ဘလူဒေသကာကွယ်ရေးတပ်က သိရပါတယ်။

    မနေ့က သြဂုတ်လ ၂၅ ရက်မနက် ၁၁ နာရီ၀န်းကျင်မှာ ‌ကျွန်းလှမြို့နယ်ထဲက တည်ပင်ဆိပ်ရွာကို လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ရွာသားတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

    ကျွန်းလှ၊ ကန့်ဘလူ၊ ကောလင်း စတဲ့ သုံးမြို့နယ် နဲ့ သုံးမြို့နယ် ထိစပ်နေရာတွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံသေဆုံးတာတွေနဲ့ ဒဏ်ရာရတာတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    " ၁၀ ရက်လောက်ရှိပြီ။ လေကြောင်းတိုက်တာ စစ်ကြောင်းထိုးတာတွေကို သုံးမြို့နယ်ထိစပ်နေရာတွေရော ထိုးစစ်ဆင်နေတာ။ မနေ့ကတစ်ရက်တည်းတောင် ကျွန်းလှက တည်ပင်ဆိပ်ကပြေးရတိမ်းရတာ လူထောင်ချီတယ်။ အခု ၁၀ ရက်အတွင်းဆို လူ သောင်းချီပြေးလွှားနေရတယ်" လို့ ကန့်ဘလူမြို့နယ် ဒေသကာကွယ်ရေးတပ်က တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

    ကျွန်းလှ၊ ကန့်ဘလူ၊ ကောလင်း စတဲ့ သုံးမြို့နယ် နဲ့ အဲဒီသုံးမြို့နယ် ထိစပ်နေရာတွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ သေဆုံးတာတွေနဲ့ ဒဏ်ရာရတာတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနေရာတွေမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့တာရှိထားပါတယ်။

    ပြီးခဲ့တဲ့ ဩဂုတ် ၂၃ရက်က ကန့်ဘလူ - ကျွန်းလှ နယ်စပ်မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေ သေဆုံးထိခိုက်များခဲ့ကာ အရာရှိတွေပါ အရှင်ဖမ်းဆီးခံရသလို လက်နက်ခဲယမ်း တွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်တွေဟာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

    သြဂုတ်လ ၂၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲက အောင်ချမ်းသာရွာ နဲ့ သစ်စိမ့်ကုန်းရွာတွေအပါအဝင် အဲဒီရွာတွေရဲ့ ပတ်ဝန်းကျင်ရွာတွေကို ည ၁၀ နာရီလောက်ကနေ ည ၁၂ နာရီကျော်အထိ လေယာဥ်နဲ့ ပစ်ခတ်တာတွေလုပ်ခဲ့လို့ သစ်စိမ့်ကုန်းရွာက ကိုယ်၀န်ဆောင်မိခင်နဲ့ ကလေး တစ်ဦး အပါအ၀င် ၄ ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။

    သြဂုတ်လ ၂၆ ရက်နေ့ လက်ရှိအချိန်မှာလည်း ကျွန်းလှမြို့နယ်ထဲက သဖန်းဆိပ်ဆည်ဘက်မှာ လေယာဉ်တွေ ဝဲနေတာကြောင့် နီးစပ်ရာရွာက ဒေသခံတွေဟာ ဘေးလွတ်ရာတွေကို စတင် တိမ်းရှောင်နေကြရပြီဖြစ်ပါတယ်။ အင်တာနက်နဲ့ ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ထားတဲ့အတွက် သတင်းအချက်အလက်တွေ အချိန်မီရရှိဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သုံးမြို့နယ် နယ်စပ်တိုက်ပွဲမှာ စစ်ကောင်စီထံမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို တွေ့ရစဉ်
  15. မရမ်းကုန်း ၈ မိုင်တရားရုံး လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ခံရ

    လုံခြုံရေးတပ်ဖွဲ့၀င်တချို့သေဆုံးတယ်လို့သတင်းတွေလည်းထွက်ပေါ် ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ၈ မိုင်လမ်းဆုံးအနီးက မြို့နယ်တရားရုံးကို ဒီကနေ့ သြဂုတ် ၂၆ ရက် မနက် ၁၁ နာရီလောက်မှာ မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Generation Y Guerilla - GY G က လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဗီဒီယိုမှတ်တမ်းနဲ့ တကွထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီအလိုကျဆောင်ရွက်နေတဲ့ တရားရုံးဖြစ်တာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေအနီးမှာ ကပ်ပြီးဖောက်ခွဲဖို့ အခွင့်အရေးရခဲ့ပေမဲ့ ပြည်သူတွေရှိနေတာကြောင့် အရပ်ဝတ် ရဲတပ်သားတွေအနားမှာပဲ ဖောက်ခွဲခဲ့တယ်လို့ Generation Y Guerilla - GY G အဖွဲ့က ပြောပါတယ်။

    ဒီတိုက်ခိုက်မှုကြောင့် တရားရုံးအတွင်းမှာရှိနေတဲ့ ရဲတပ်သားနှစ်ဦးသေဆုံးတယ်လို့လည်း သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ ရဲတပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရတယ်လို့ ပါရှိပါတယ်။

    မရမ်းကုန်းတရားရုံးမှာရှိနေတဲ့ ရဲတပ်သားတွေ ထိခိုက်ဒဏ်ရာရတယ်ဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ဘီဘီစီက မရမ်းကုန်းရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

    "ရဲဘက်က သတင်းအဲဒီလိုထုတ်တာ ကျွန်တော်တို့လည်း တွေ့ပါတယ်။ ကျွန်တော်တို့ ကတော့ ပြည်သူကို လုံးဝမထိခိုက်အောင်ကြိုးစားလုပ်ဆောင်ပါတယ်။ ဒီနေ့ဆိုရင်လည်း မစ်ရှင်စတဲ့အချိန်မှာ လက်နက်ကိုင်တွေနားကပ်ခွဲဖို့အခွင့်အရေးရခဲ့ပါတယ်။ ဒါပေမဲ့ ဘေးနားမှာပြည်သူတွေရှိတဲ့အတွက် အရပ်ဝတ်ရဲတွေအနားမှာလုပ်ခဲ့ရတယ်" လို့ Generation Y Guerilla - GY G က အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခုဖောက်ခွဲတိုက်ခိုက်ခံရတဲ့ မရမ်းကုန်းတရားရုံးဟာ ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာလထဲမှာလည်း တစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခံထားရတဲ့ ဖြစ်စဥ်ဖြစ်ထားပါတယ်။ တရားရုံးတွေကို တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ မတရားအမှုဆင်ဖမ်းဆီးတာတွေနဲ့ ယိုင်နဲ့နေတဲ့ တရားရေးမဏ္ဍိုင် ကိုသတိပေးတာဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့ ဇွန်လထဲမှာ ရန်ကုန်တိုင်းပြည့်သူ့တပ်မဟာအဖွဲ့ကJustice Lady Mission ဆိုတဲ့ အမည်နဲ့ စစ်ဆင်ရေးတွေ စတင်လုပ်ဆောင်ခဲ့တဲ့အကြောင်းထုတ်ပြန်ထားပါတယ်။

    ဒီထုတ်ပြန်ချက်နဲ့ အတူ မရမ်းကုန်းတရားရုံး၊အရှေ့ဒဂုံတရားရုံး၊ တောင်ဥက္ကလာပမြို့နယ် တရားရုံး နဲ့ အရှေ့ပိုင်းခရိုင်တရားရုံးတွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ အကြောင်းထုတ်ပြန်ထားပါတယ်။ တရားရုံးတိုက်ခိုက်ဖောက်ခွဲခံရတာတွေဖြစ်ခဲ့ပေမဲ့ စစ်ကောင်စီဘက်ကတော့သတင်းထုတ်ပြန်လာတာမရှိပါဘူး။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

  16. ပရာယွတ် ရာထူးဆိုင်းငံ့ခံထားရချိန် ထိုင်းယာယီ၀န်ကြီးချုပ် တာ၀န်စတင်ထမ်းဆောင်, ပရာယွတ်ထိုင်းကာကွယ်ရေး၀န်ကြီးဌာနကို ဒီနေ့ သွားရောက်

    ထိုင်းယာယီ၀န်ကြီးချုပ် ပရာ၀တ်၀မ်ဆူ၀မ် အစိုးရအဖွဲ့ တာ၀န်တွေ စတင်ထမ်းဆောင်နေတဲ့ရုံးတက်တဲ့ မြင်ကွင်းတချို့ကို ဒီနေ့ သြဂုတ် ၂၅ ရက်မှာ တွေ့မြင်ရတာပါ။ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာကို ရာထူးကနေ ဆိုင်းငံ့ဖို့ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

    ဒီဆုံးဖြတ်ချက်ကို ၀န်ကြီးချုပ်ပရာယွတ်ကလည်း လတ်တလောမှာ လက်ခံထားပါတယ်။ ဒါကြောင့် လစ်လပ်နေတဲ့၀န်ကြီးချုပ်နေရာမှာ လက်ရှိ ထိုင်းအစိုးရအဖွဲ့မှာ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်၊ စစ်တပ်အကြီးအကဲဟောင်းလည်းဖြစ်တဲ့ ဝန်ကြီးချုပ် ပရာဝတ် ဝမ်ဆူဝမ်က ယာယီဝန်ကြီးချုပ်ဖြစ်လာပါတယ်။

    ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်တဲ့သက်တမ်းနဲ့ ပတ်သက်ပြီး ထိုင်းအတိုက်အခံနိုင်ငံရေးပါတီတွေက ဖွဲ့စည်းပုံခုံရုံးကို လျှောက်လဲခဲ့ရာမှာ အထူးခုံရုံးက အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ မစ္စတာပရာယွတ်ဟာ တာဝန်ထမ်းဆောင်သင့်တဲ့သက်တမ်းကိုကျော်လွန်ကာ ဝန်ကြီးချုပ်တာဝန်ဆက်ယူနေတယ်လို့ ဆိုပြီး အတိုက်အခံပါတီတွေက ခုံရုံးကို ဥပဒေကြောင်းအရ တိုင်တန်းခဲ့တာဖြစ်ပါတယ်။

    ထိုင်းဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်တွေဟာ ရာထူးကို ၈ နှစ်အထိပဲ ရယူဖို့ ကန့်သတ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ မစ္စတာပရာယွတ်ဟာ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အာဏာရယူခဲ့သူဖြစ်သလို ထိုင်းစစ်အစိုးရ လမ်းညွှန်မှုအောက်လုပ်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ရွေးကောက်ပွဲကနေတဆင့် အာဏာဆက်ယူထားတာဖြစ်ပါတယ်။

    ဖွဲ့စည်းပုံခုံရုံးဟာ အပြီးသတ်ဆုံးဖြတ်ချက် ချဖို့ ရှိနေသေးပေမဲ့ အဲဒီလို မဆုံးဖြတ်ခင်အထိတော့ မစ္စတာ ပရာယွတ်ဟာ ဝန်ကြီးချုပ်တာဝန်တွေထမ်းဆောင်ဖို့ ဆိုင်းငံ့ခံထားဖို့ ဆုံးဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။ ဒါပေမဲ့ ၂ ပတ်အတွင်းမှာ ၀န်ကြီးချုပ်ပရာယွတ်ဟာ ခုံရုံးဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ သူ့ဘက်က လျှောက်ထားချက်ကိုတင်ပြရဖို့ရှိပြီး အဲဒီတင်ပြချက်ပေါ်မူတည်ကာ ခုံရုံးက စဥ်းစားဆုံးဖြတ်ဖို့အဆင့်ကျန်ရှိပါသေးတယ်။ ရာထူးက ဆိုင်းငံ့ခံထားရတဲ့ပရာယွတ်ကတော့ ကာကွယ်ရေး၀န်ကြီးအဖြစ်ဒီနေ့စတင် တာ၀န်စတင်ထမ်းဆောင်နေတယ်ဆိုပြီး ထိုင်းအခြေစိုက်သတင်းဌာနတချို့ကဖော်ပြထားပါတယ်။

    Getty Images

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  17. ပခုက္ကူ ချည်မျှင်နဲ့ အထည်ချုပ်စက်ရုံ စက်ရုံမှူး ဗိုလ်မှူးနဲ့ ဇနီးဖြစ်သူ သေနတ်ပစ်ခံရ၊ ဇနီး သေဆုံး ဗိုလ်မှူးဖြစ်သူလည်း သေဆုံးပြီလို့ သတင်းထွက်ပေါ်နေ

    မကွေးတိုင်း၊ ပခုက္ကူမြို့မှာရှိတဲ့ အမှတ် ၅ ချည်မျှင်နဲ့ အထည်ချုပ်စက်ရုံက စက်ရုံမှူး ဖြစ်သူနဲ့ ဇနီးဖြစ်သူတို့ ဒီနေ့ သြဂုတ်လ ၂၆ ရက်နေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    ဒီနေ့ မနက် ၆နာရီ ၀န်းကျင်လောက်မှာ စက်ရုံ၀င်းအတွင်းမှာ ၀င်ရောက်ပစ်ခတ်တာကိုခံခဲ့ရတာဖြစ်ပြီး စက်ရုံမှူးဖြစ်သူက ဒဏ်ရာပြင်းထန်ပြီး ဇနီးဖြစ်သူက သေဆုံးသွားတယ်လို့သိရပါတယ်။

    ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး " မနက်က ၆ နာရီ‌လောက်မှာ စက်ရုံမှူး ဗိုလ်မှူးနဲ့သူဇနီးပေါ့ဗျာ။ လင်မယားနှစ်ယောက်လုံး အပစ်ခံရတာ။ တစ်ယောက်ကတော့ သေသွားတယ်ကြားပါတယ်။ လောလောဆယ်တော့ ပစ်ခတ်မှုဖြစ်ပြီး မြို့သစ်ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ပျူတွေ ဖြစ်စဉ်ရှိတဲ့ဘက်ကိုသွားတယ်လို့ ကနဦး သိရတယ်" လို့ ပခုက္ကူဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ပစ်ခတ်မှုဖြစ်ပွားအပြီး မွန်းလွဲပိုင်းအချိန်အထိ ပခုက္ကူမြို့နယ်မှာ လုံခြုံရေး ဆက် တင်းကျပ်ထားပြီး စစ်ဆေးတာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ Young Force UG အမည်နဲ့ လူမှုကွန်ရက်စာမျက်နှာမှာသတင်းထုတ်ပြန်ထားတာကို လည်းတွေ့ရပါတယ်။

    ဒီကနေ့ မနက် (၆)နာရီခန်ံမှာ ပခုက္ကူမြို့၊မြို့သစ်ရှိ အမှတ်(၅)ချည်မျှင်နှင့်အထည် စက်ရုံမှာ ဗိုလ်မှူး အောင်ဇော်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ အဲဒီလိုဖမ်းဆီးရာမှာ အညံ့မခံဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုလက်နက်နဲ့ပြန်လည်ခုခံခဲ့ကြောင်း၊ လက်နက်ချအဖမ်းခံဖို့ပြောပေမဲ့ ဆက်လက်ပစ်ခတ်တာကြောင့် မိမိတို့တပ်ဖွဲ့တွေက ပစ်ခတ်လို့အမျိုးသမီးဖြစ်သူနေရာမှာ သေဆုံးပြီး ဗိုလ်မှူးအောင်ဇော်ဦးက ဒဏ်ရာတွေနဲ့ ဆေးရုံပို့ဆောင်ထားကြောင်း ပါရှိပါတယ်။

    ဒီစက်ရုံမှူးဟာ CDM တွေကို စက်ရုံမှ နှင်ထုတ်ခြင်း၊ကိုယ်ထိလက် ရောက်ပြုလုပ်ခြင်းတို့ကျူးလွန်တယ်လို့ တိုင်ကြားချက်တွေရရှိထားပြီး သတင်းကိုစုံစမ်းအတည်ပြုပြီးမှလ မဟာမိတ်တပ်ဖွဲ့နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆက်လက်ဖော်ပြထားပါတယ်။

    အရေးပေါ်ကားနဲ့ ပို့ချိန်မှာပဲ ဗိုလ်မှူးဖြစ်သူလည်း သေဆုံးသွားပြီလို့ နေ့လယ် ၂ နာရီ လောက်မှာတော့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

    Defense Team Pakokku (DTP)

    ဓာတ်ပုံ ရင်းမြစ်, Defense Team Pakokku (DTP)

  18. တစ်လတည်း အိမ်ခြေ ၆၀၀ နီးပါး မီးရှို့ခံရတဲ့ ဒီပဲယင်းက မီးဘေးသင့်ပြည်သူ ၃၀၀၀ ကျော် ရိက္ခာလိုအပ်

    စစ်ကောင်စီက ဒီပဲယင်းမြို့နယ်ထဲက မူးကမ်းနဲ့ ဆူးတပ်ရွာတွေကို သြဂုတ်လ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ နှစ်ရက်ဆက်တိုက်၀င်ရောက်မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၆၀၀ နီးပါး မီးလောင်ပြာကျခဲ့ပြီး မီးဘေးသင့်ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ဒီပဲယင်းမြို့နယ်က စစ်ရှောင်တွေကို ကူညီနေသူတစ်ဦး ပြောပြတာက " အရေးပေါ် စစ်ရှောင်တွေရောက်လာရင်တော့ စစ်ရှောင်တွေကို ကျွေးမွေးဖို့ လိုအပ်တာပေါ့။ အခုဟာက မီးဘေးသင့်တွေကို ကူညီနေရတယ်။ မီးဘေးသင့်ပြည်သူတွေက ပစ္စည်းကလည်း ဘာမှမကျန်တော့ဘူး။ အိမ်လည်း မရှိတော့ဘူး။ စီးစရာဖိနပ်တောင် မကျန်တော့ဘူး။ အဝတ်တစ်ထည်ကိုယ်တစ်ခုပဲ ကျန်တော့တာဆိုတော့ အကုန်လုံးလိုအပ်နေပေမယ့် အဓိက အသက်ရှင်သန်ဖို့ စားနပ်ရိက္ခာကတော့ ဦးစားပေးလိုနေပါတယ်။ " လို့ ဆိုပါတယ်။

    စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက သြဂုတ်လအတွင်း စစ်ကြောင်းထိုးရင်းကမှ ကျေးရွာတွေကို မီးရှို့ခဲ့လို့ တစ်လအတွင်း အိမ်ခြေ ၆၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး မီးဘေးသင့် ပြည်သူ ၃၀၀၀ ကျော် ဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်လို့ ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာတော့ မီးဘေးသင့်ပြည်သူတွေကို စစ်ဘေးရှောင်ကူညီနေသူတွေက ချက်ပြုတ်ကျွေးမွေးထားပြီး ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာယာယီစစ်ဘေးရှောင်စခန်းဖွင့်လှစ်ကာ နေစရာစီစဉ်ပေးထားတယ်လို့ သိရပါတယ်။

    နိုင်ငံတ၀န်းမီးရှို့ဖျက်စီးခံရတဲ့စာရင်းတွေကိုပြုစုနေတဲ့ Data For Myanmar ရဲ့စာရင်းတွေအရ အာဏာသိမ်းပြီးကတည်းက နေအိမ်တွေ မီးရှို့ခံရတာမှာ စစ်ကိုင်းတိုင်းက အိမ်အလုံးပေါင်း ၁၄၀၀၀ ကျော်နဲ့ အများဆုံးမီးလောင်ပျက်စီးတဲ့နေအိမ်အများဆုံးတိုင်းဒေသကြီးတစ်ခုဖြစ်ပါတယ်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မြန်မာစစ်တပ်ဟာ လူထုကိုကာကွယ်ပေးနေတာဖြစ်ပြီးပြည်သူလူထုရဲ့နေအိမ်နဲ့ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးတယ်ဆိုတာလုံး၀မဟုတ်မှန်ကြောင်း ကုလအထူးကိုယ်စားလှယ်နိုလင်းဟေဇာကိုငြင်းဆိုခဲ့တဲ့အကြောင်း သြဂုတ် ၁၉ ရက် ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ