အာဆီယံအထူးသံ မြန်မာပြည်ခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မရနိုင်, အထူးသံ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဥ် ဇွန် ၂၉ မှာစတင်မယ်
မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးသံတမန် မစ္စတာ ပရက်ဆော့ခွန်းဟာ မြန်မာနိုင်ငံခရီးစဥ်ကို ဇွန် ၂၉ ရက်မှာစတင်မှာဖြစ်ပြီး ဒါဟာသူ့ရဲ့ ဒုတိယမြောက်မြန်မာခရီးစဥ်လည်း ဖြစ်ပါတယ်။
အထူးသံတမန်ဟာ သူ့ခရီးစဥ်အတွင်း ဖမ်းဆီးအကျဥ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်တောင်းထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပြုဖို့ရှိမရှိ ဘီဘီစီက စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးကြည့်တဲ့အခါ တရားရင်ဆိုင်နေရသူတွေနဲ့ တွေ့ဆုံခွင့်ပြုဖို့မရှိဘူးလို့ ပြောပါတယ်။
ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပရက်ဆော့ခွန်းဟာ မြန်မာနိုင်ငံကို ဇွန် ၂၉ ရက်မှာရောက်ရှိမှာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးလုပ်ငန်းတွေ၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေ ဆွေးနွေးဖို့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပရက်ဆော့ခွန်းရဲ့ ပထမဆုံးမြန်မာပြည်ခရီးစဥ်တုန်းကလည်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။
အဲဒီတုန်းက စစ်ကောင်စီက အာဆီယံအထူးသံ နဲ့ တွေ့ဆုံခွင့်ပေးမယ့်စာရင်းထဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒေါ်စုစုလွင် ပါဝင်နေတယ်ဆိုပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD နဲ့ ပတ်သက်လို့ ကိုယ်စားပြုမှုကတော့ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာဖြစ်တယ်လို့ ပါတီဘက်က ထိုစဥ်််က ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကောင်အထည်ဖော်မှု မရှိတာကြောင့် အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ်အစည်းအဝေးတွေကိုမဖိတ်ကြားဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကိုသာ ဖိတ်ကြားဖို့ အာဆီယံခေါင်းဆောင်တွေကြား ဆုံးဖြတ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Popular News

















