စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုမှာ တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးတယ်လို့ အေအေပြော

မြန်မာ-ထိုင်းနယ်စပ်အနီးက ကရင်ပြည်နယ်၊ KNLA တပ်မဟာ ၅ နယ်မြေထဲမှာရှိတဲ့ ရက္ခိုင့်တပ်တော်(အေအေ)ရဲ့ တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ချိန် တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့တယ်ဆိုပြီး အေအေဘက်က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကမာရွတ်လှည်းတန်းမှာ ပစ်ခတ်မှုဖြစ်

    ဒီနေ့မနက်ပိုင်း ပစ်ခတ်မှုအပြီး မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    ဓာတ်ပုံ ပုံစာ, ဒီနေ့မနက်ပိုင်း ပစ်ခတ်မှုအပြီး မြင်ကွင်း

    ရန်ကုန် ၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းမှာ ဒီကနေ့ ဇူလိုင်လ ၄ရက် မနက်ပိုင်းက ပစ်ခတ်မှုဖြစ်လို့ အမျိုးသမီး ၂ယောက်ထိခိုက်ရတယ်လို့ အဲဒီအနီးနေထိုင်သူအချို့ကပြောပါတယ်။

    ပစ်ခတ်မှုဟာ လှည်းတန်းစျေးနဲ့ စိန်ဂေဟာ အနီး လှည်းတန်း ၂လမ်းထိပ်မှ ာဖြစ်ပွားတာဖြစ်ပြီး သေနတ်သံ ၅ချက်လောက်ကြားရတယ်လို့ အဲဒီအနီးနေထိုင်သူအချို့ကပြောပါတယ်။

    '' သေနတ်သံကြားလိုက်ရတယ်။ ‌၄ချက်နဲ့ ၅ချက်ကြားရှိမယ်။ အမျိုးသမီး ၂ယောက်ထိတာ။ တစ်ယောက်ကအသက်ကြီးတယ်ပြောတယ်။ တစ်ယောက်က နေရာမှာပဲသေတယ်လည်းပြောကြတယ်။ တစ်ယောက်ကဒဏ်ရာရတယ်လို့ ကြားတယ်'' လို့ အဲဒီအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။

    ပြီးခဲ့တဲ့ ဇွန် ၃၀ရက်ညပိုင်းက လှည်းတန်း ၇ လမ်းထိပ်က ပေ ၅၀ လမ်းကဈေးဆိုင်တွေ ပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖျက်ဆီးခဲ့တဲ့ အခြေအနေနောက်မှာ ဒီလိုဖြစ်လာတယ်လို့ခန့်မှန်းတာတွေလည်းရှိနေပါတယ်။

    '' UG တွေရဲ့လှုပ်ရှားမှုကို စစ်တပ်ကို သတင်းပေးနေလို့ပစ်တာလို့တော့ပြောနေကြတယ်။သေချာတော့မသိရဘူး။ ပစ်ခတ်တာကတော့ဖြစ်သွားတယ်'' လို့ မြို့ခံတစ်ယောက်ကပြောပါတယ်။

    စစ်ကောင်စီသတင်းပေးသူတွေကို ပစ်ခတ်ခဲ့တာလို့ ပြောဆိုမှုတွေရှိပေမဲ့ ဘီဘီစီအနေနဲ့ အဲဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာကို သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

  2. အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ စစ်ကောင်စီကို တရုတ်တောင်းဆို

    ပုဂံမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့အတူ မြင်တွေ့ရတဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ဓာတ်ပုံ ပုံစာ, ပုဂံမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့အတူ မြင်တွေ့ရတဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ

    လက်ရှိမြန်မာ့အရေးမှာ ပါဝင်ပတ်သက်နေတဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စစ်ကောင်စီကို တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

    ပုဂံမှာ ပြုလုပ်မယ့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို တက်ရောက်ဖို့ ပုဂံကိုရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မနေ့ ဇူလိုင်လ ၃ ရက်မှာ စစ်ကောင်စီနိုင်ငံခြာရေးဝန်ကြီးနဲ့တွေ့ဆုံချိန် အခုလိုပြောဆိုလိုက်တာလို့ အေအက်ဖ်ပီ သတင်းမှာဖော်ပြပါတယ်။

    ''တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်တွင်းက သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအားလုံးကို လက်တွေ့ကျတဲ့ညှိနှိုင်းတိုင်ပင်မှု ရှိစေချင်သလို နိုင်ငံရေးရင်ကြားစေ့မှုရရှိအောင်လည်း လုပ်စေချင်တယ်'' လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တယ်လို့ လည်း ဆိုပါတယ်။

    ဒါ့အပြင် တရုတ်အနေနဲ့ မြန်မာနိုင်ငံကို နိုင်ငံရေးအရရော၊ လူမှုရေးအရပါ တည်ငြိမ်စေလိုတဲ့ဆန္ဒရှိတဲ့အကြောင်း ဝန်ကြီး ဝမ်ယိက စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့တွေ့ဆုံချိန် ပြောခဲ့တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာပေါ်မှာ တင်ထားတဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

  3. ကျောက်ကြီးမြို့နယ်ထဲ ၂ ရက်အတွင်း စစ်ရှောင် ၄ သောင်းနီးပါးရှိလာ

    စစ်ရှောင်တွေဟာ မုန်းဒေသကနေ ဖြူးနဲ့ ကျောက်တံခါးမြို့နယ်တွေအထိ ဘေးလွတ်ရော တိမ်းရှောင်လာနေကြပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, KNU

    ဓာတ်ပုံ ပုံစာ, စစ်ရှောင်တွေဟာ မုန်းဒေသကနေ ဖြူးနဲ့ ကျောက်တံခါးမြို့နယ်တွေအထိ ဘေးလွတ်ရာ တိမ်းရှောင်လာနေကြပါတယ်။

    ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသထဲကစစ်ကောင်စီစခန်းအချို့ကို ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူရဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းခဲ့ပြီးတဲ့နောက် စစ်ရှောင်အရေအတွက် ၄ သောင်းနီးပါးရှိလာတယ်လို့ ကေအဲန်ယူဘက်က သတင်းထုတ်ပြန်လာပါတယ်။

    ဒါဟာ မနေ့ ဇွန်လ ၃ ရက်နေ့အထိ စာရင်းဖြစ်တယ်လို့ ကေအဲန်ယူဘက်က ပြောထားတာကြောင့် ပြီးခဲ့တဲ့ ၂ ရက်အတွင်း တိုက်ပွဲရှောင်အရေအတွက်လို့ နားလည်ရပါတယ်။

    ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ပူးပေါင်းတပ်က သိမ်းယူထားတဲ့ အဲဒီတပ်စခန်းတွေကို ပြန်လည်ရယူဖို့ စစ်ကောင်စီက လေကြောင်းစစ်ကူနဲ့ ဗုံးကျဲတာ၊ လက်နက်ကြီးတွေနဲ့ကျေးရွာတွေထဲကို ပစ်ခတ်တာတွေကြောင့် ဒေသခံတွေဟာ ကြောက်လန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတာလို့ ဆိုပါတယ်။

    ဒီအခြေအနေကြောင့် ကျေးရွာပေါင်း ၂၆ ရွာက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

    ကေအဲန်ယူက လက်ရှိသိမ်းလိုက်တယ်ဆိုတဲ့ စခန်းတွေထဲမှာ ကြောင်ပြာစခန်းတစ်ခုသာ အရေးပါတဲ့ စခန်းတစ်ခုဖြစ်ပြီး ကျန်တဲ့စခန်းတွေဟာ လမ်းလုံခြုံရေးစခန်းတွေဖြစ်တယ်လို့ စစ်ကောင်စီဘက်က တုန့်ပြန်ပြောဆိုထားပါတယ်။

  4. ကုလနဲ့အာဆီယံမှာ ပိုပြီးပူးပေါင်းဆောင်ရွက်မယ်လို့တရုတ်နဲ့စစ်ကောင်စီဆွေးနွေး

    ကုလသမဂ္ဂ နဲ့ အာဆီယံ မှာ မြန်မာ ၊ တရုတ် နှစ်နိုင်ငံကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေး တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ကြားဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

    တရုတ်အစိုးရပိုင်ဆင်ဟွာသတင်းမှာတော့ တရုတ် နိုင်ငံ အနေနဲ့ မြန်မာနဲ့ပူးပေါင်းဆောင်ရွက်ရေးတွေကို ပိုတိုးလုပ်‌ဆောင်သွားဖို့ရှိပြီး နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ ဂုဏ်သိက္ခာကိုကာကွယ်ပေး‌ဖို့အတွက် ထောက်ပံ့ကူညီမှုတွေဆက်လုပ်မယ်လို့ ‌ဝမ်ယိကပြောခဲ့ကြောင်း ဖော်ပြပါတယ်။

    ပုဂံမြို့မှာ ကျင်းပနေတဲ့ မဲခေါင် - လန်ချန်းအစည်းအဝေးတက်ဖို့မြန်မာနိုင်ငံကိုရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်တို့ ဇူလိုင် ၃ရက်က အစည်းအဝေးပြင်ပမှာသီးသန့်တွေ့ဆုံချိန် ဒါတွေကိုဆွေးနွေးခဲ့တာလို့ဆိုပါတယ်။

    အာဆီယံရဲ့ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမပြုရေးမူဝါဒနဲ့ ပဋိညာဉ်တွေကို ‌အခြေခံပြီးအာဆီယံဘုံသဘောတူညီချက် ၅ရပ်ကိုအကောင်အထည်ဖေ်ဆောင်ရွက်နေတာတွေကိုဆွေး‌နွေးခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။ ထုတ်ပြန်တဲ့အထဲ အာဆီယံဘုံသဘောတူညီချက် ၅ရပ်ထဲ ဘယ်အချက်ကို အကောင်အထည်ဖော်နေတယ်ဆိုတာကို တိတိကျကျပြောတာမရှိပါဘူး။

    ဒါပေမဲ့လက်ရှိမှာ စစ်ကောင်စီဥက္ကဌ ကိုယ်တိုင်သဘောတူခဲ့တဲ့ အာဆီယံဘုံသဘောတူချက် ၅ရပ်ကို အကောင်အထည်မ‌ဖော်လို့ နိုင်ငံတကာနဲ့ အာဆီယံခေါင်းဆောင်တွေက ဝေဖန်နေကြတာပါ။

    အဲဒီတွေ့ဆုံမှုမှာ တရုတ် နဲ့ မြန်မာကြား ဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့နဲ့ နှစ်နိုင်ငံနယ်စပ်ဂိတ်တွေမှာ ကုန်သွယ်မှုချောမွေ့စေရေး‌ဆိုတာတွေကိုဆွေးနွေးခဲ့တယ်လို့ စစ်တပ်ရဲ့ထုတ်ပြန်ချက်ကဖော်ပြပါတယ်။

    တရုတ်က မြန်မာနိုင်ငံမြောက်ပိုင်းဒေသအတွက် လှူဒါန်းတဲ့ ယွမ် ၁၀ ဒသမ ၅ သန်းတန်ဖိုးရှိ အရေးပေါ် ကူးစက်ရောဂါကာကွယ်ရေးအထောက်အပံ့တွေနဲ့ မြန်မာကိုလှူဒါန်းတဲ့ ယွမ် ၃၂ သန်းတန်ဖိုးရှိ အရေးပေါ် ကူးစက်ရောဂါကာကွယ်ရေးအထောက်အပံ့နဲ့ အလွယ်တကူ တပ်ဆင်နိုင်တဲ့ အိမ်အလုံးရေ ၁၀၀၀ တို့ကို လှူဒါန်းခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်ကဆိုပါတယ်။

    စစ်ကောင်စီကို ‌နိုင်ငံတကာနဲ့ဒေသတွင်းက ဝေဖန်မှုမြင့်တက်နေချိန်မှာ တရုတ်နိုင်ငံရဲ့ အဆင့်မြင့်တာဝန်ယူထားသူတစ်ဦးက မြန်မာနိုင်ငံကိုလာရောက်တာဖြစ်ပါတယ်။ ဒီအပေါ်မှာ ပြည်တွင်းမှာကန့်ကွက်မှုတွေနဲ့ဆန္ဒထုတ်ဖော်တာတွေလည်းရှိနေတာပါ။

    ကုလနဲ့အာဆီယံမှာ ပိုပြီးပူးပေါင်းဆောင်ရွက်မယ်

    ဓာတ်ပုံ ရင်းမြစ်, STATE MEDIA

    ဓာတ်ပုံ ပုံစာ, ကုလနဲ့အာဆီယံမှာ ပိုပြီးပူးပေါင်းဆောင်ရွက်မယ်
  5. ဖမ်းဆီးခံခဲ့ရတဲ့ ဘီးလင်းမြို့နယ်က NLD ပါတီဝင် ၂ ဦး အသတ်ခံရ

    ဖမ်းဆီးခံခဲ့ရတဲ့ ဘီးလင်းမြို့နယ်က NLD ပါတီဝင် ၂ ဦး သတ်ဖြတ်ခံရ

    ဓာတ်ပုံ ရင်းမြစ်, ဝီကီ

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့သီတင်းတစ်ပတ်ကျော်တုန်းက ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင်အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းတွေကို ပါတီဝင်တွေက ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

    အဲဒီအမျိုးသား ၂ ဦးဟာ အသက် ၅၀ အရွယ် ဦးပန်းမြင့်နဲ့ ဦးကိုကိုမောင်ဆိုသူတို့ဖြစ်ပြီး သူတို့ဟာ ဘီးလင်းမြို့နယ် NLD ဥက္ကဋ္ဌလည်းဖြစ်၊ မွန်ပြည်နယ်လွတ်တော်အမတ်လည်းဖြစ်တဲ့ ဦးကျော်မျိုးမင်းနဲ့အတူ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်တုန်းက စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

    သူတို့နှစ်ဦးရဲ့ရုပ်အလောင်းကို ပြန်တွေ့ခဲ့ရအကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီဝင်တစ်ဦးကလည်း ဘီဘီစီကို အတည်ပြုပါတယ်။

    သေဆုံးခဲ့သူတွေဟာ အသက်မဆုံးပါးခင်အချိန်က နှိပ်စက်ခံခဲ့ရပုံပေါ်တာကြောင့် အလောင်းတွေပြန်လည်တွေ့ရှိချိန်မှာ ခြေလက်တွေနဲ့ မျက်နှာတွေဟာ ပုံပျက်နေတယ်လို့လည်း NLD ပါတီဝင်တွေက အတည်ပြုပါတယ်။

    သူတို့ ၃ ဦးဟာဘီးလင်းမြို့နယ်၊ ပေါ်ခီးကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်တုန်းကစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဦးကျော်မျိုးမင်းကတော့ ဘယ်ရောက်နေတယ်ဆိုတာ မသိရသေးပါဘူး။

  6. မုန်းဒေသခံတွေ ဖြူးနဲ့ကျောက်တံခါးမြို့နယ်တွေအထိ စစ်ရှောင်လာကြ

    မုန်းဒေသခံတွေ ဖြူးနဲ့ကျောက်တံတားမြို့နယ်တွေအထိ စစ်ရှောင်လာကြ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ပဲခူးတိုင်း၊‌ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူရဲ့ KNLA တပ်ဖွဲ့တွေကြားတိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ စစ်တောင်းမြစ်ကို ဖြတ်ကူးပြီး ဖြူးနဲ့ကျောက်တံခါးမြို့နယ်တွေအထိ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

    စစ်ရှောင်ဒေသခံတွေဟာ ဖြူးမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေ၊ အသိမိတ်ဆွေတွေဆီမှာ ယာယီစစ်ရှောင်လာကြတာလို့လည်း ဖြူး‌ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    ကေအဲန်ယူဘက်ကတော့ သူတို့ရဲ့ထိန်းချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းက စစ်ကောင်စီ စခန်း ၅ ခုကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက မနေ့က သိမ်းယူခဲ့တယ်လို့ ဒီနေ့မှာပဲ သတင်းထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီတပ်ရဲ့ အဲဒီစခန်းတွေဟာ ဒေသခံတွေ သွားလာမှုလှုပ်ရှားမှုကို ဟန့်တားစစ်ဆေးတာတွေလုပ်နေပြီး နယ်မြေ စိုးမိုးဖို့ လုပ်ဆောင်နေတဲ့နေရာတွေဖြစ်တယ်လို့ ကေအဲန်ယူဘက်က ဆိုပါတယ်။

    ဒီနေ့ ဇူလိုင်လ ၃ ရက်မနက်ပိုင်းမှာတော့ မုန်းဒေသခံတွေဟာ ဖြူးနဲ့ ကျောက်တံခါးမြို့နယ်တွေအထိ စစ်ရှောင်လာကြတာဖြစ်ပါတယ်။

    မုန်းဒေသထဲက စစ်စခန်းတွေကို သိမ်းပိုက်ခဲ့တယ်ဆိုတဲ့ ကေအဲန်ယူထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတရာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

  7. စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် တောင်ပျောက်တိုက်နယ်ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရ

    စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် တောင်ပျောက်တိုက်နယ်ခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရ

    ဓာတ်ပုံ ရင်းမြစ်, တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာလို့ ရွာပေါင်း ၅ ရွာထက်မနည်းက ဒေသခံတွေဟာ ဘေးလွတ်ရာ ပြောင်းရွှေ့နေကြရပါတယ်။

    လက်ရှိမှာ တောင်ပျောက်တိုက်နယ်က စစ်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူ ၅,၀၀၀ ခန့်အထိ ရှိနေတယ်လို့ မနေ့ ဇူလိုင် ၂ ရက်က တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေး အဖွဲ့ကထုတ်ပြန်ပါတယ်။

    အဲဒီအရေအတွက်ဟာ သရက်ချောင်းမြို့နယ်ထဲက အလယ်စု၊ ကျွဲခြံ၊ ဝင်းကဖော်၊ ကျောက်အိုင်ရွာ လေးရွာရဲ့ စစ်ရှောင်အရေအတွက်သာဖြစ်ပြီး တခြားရွာတွေက စစ်ရှောင်အရေအတွက်တွေလည်း အများအပြားရှိနေသေးတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

    လက်ရှိမှာ မြေပြင်အခြေအနေ မတည်ငြိမ်မှုတွေကြောင့် နေရာအတည်တကျမနေနိုင်ကြဘဲ နေရာတွေရွှေ့ပြောင်းနေထိုင်ရတာမျိုးရှိနေတယ်လို့ဆိုပါတယ်။

    တခါ ဇူလိုင်လ ၁ ရက် ကလည်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပိတောက်ကြီး ကညစ်ချောင်းကြားမှာ စစ်ကောင်စီတပ်ရဲ့ယာဥ်တန်းကို သရက်ချောင်းမြို့နယ်တောင်ပိုင်း သိန်းငှက်ပြောက်ကျားတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်ကထုတ်ပြန်ထားပါတယ်။

  8. တေးသံရှင် ပိုင်သက်ကျော် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

    တေးသံရှင် ပိုင်သက်ကျော် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတဲ့ မြန်မာသံတေးသံရှင် ပိုင်သက်ကျော်ကို အင်းစိန်ထောင်တွင်းတရားရုံးကနေ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံကသိရပါတယ်။

    တေးသံရှင်ပိုင်သက်ကျော်အမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဂီတအစည်းအရုံးနဲ့အတူ မိခင်တို့က ပြစ်ဒဏ်မကျမီကတည်းက အသနားခံစာတင်ပြထားပေမဲ့ပြစ်ဒဏ်ချမှတ်ခံရတာဖြစ်တယ်လို့သိရပါတယ်။

    လက်ရှိမှာတော့ မိခင်ရဲ့ဆန္ဒအရ တေးသံရှင်ပိုင်သက်ကျော်ရဲ့ကျန်းမာရေးကြောင့် မြန်မာနိုင်ငံဂီတအစည်းအရုံးကနေ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနဲ့ အခြားဆက်စပ်ဌာနတွေကို သက်ညှာစွာစဉ်းစားပေးဖို့ စာတင်တောင်းဆိုထားတယ်လို့ မြန်မာနိုင်ငံဂီတအစည်းအရုံးတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ''ကျွန်တော်တို့လည်း စာတင်ပေးတာပဲတတ်နိုင်ပါတယ်။ လုပ်နိုင်တာတော့ကိုယ့်လောကသားတွေအတွက်လုပ်ပေးဖို့ပါပဲ။သူ့အမေရောက်လာတော့ စာရေးပေးလိုက်တာပါ'' လို့ ဂီတအစည်းအရုံးတာဝန်ရှိသူကပြောပါတယ်။

    တေးသံရှင်ပိုင်သက်ကျော်ဟာ CDM တွေကိုထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သူ့ရဲ့နေအိမ်ဖြစ်တဲ့လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ယာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခဲ့ခံရတာဖြစ်ပါတယ်။

    အခုတေ့ ဖမ်းဆီးခံရအပြီး ၄လခန့်အကြာမှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ(၅၀)ညနဲ့ ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။

  9. ဆားလင်းကြီးမြို့နယ်၊ ဖလံကန်ရွာ မီးရှို့ခံရပြီး လူတစ်ယောက်အသတ်ခံရ

    ဆားလင်းကြီးမြို့နယ်၊ ဖလံကန်ရွာ မီးရှို့ခံရပြီး လူတစ်ယောက်အသတ်ခံရ

    ဓာတ်ပုံ ရင်းမြစ်, ဆားလင်းကြီးသတင်းမှန်ပြန်ကြားရေး

    စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်၊ ဖလံကန်ရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၁ ရက်မှာ ဝင်ရောက်မီးရှို့ခဲ့တာ‌ကြောင့် လူနေအိမ်တစ်ချို့ မီးထဲ ပါသွားခဲ့တယ်လို့ ‌ဒေသခံ‌တွေက ‌ပြောပါတယ်။

    အင်အား ၅၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ဇူလိုင်လ ၃၀ ရက်မှာ ဝင်ရောက်လာပြီးနောက် အခုလိုမီးရှို့ခံခဲ့ရတာလို့လည်း ဆိုပါတယ်။

    “ရွာက ရွာကြီးတော့မဟုတ်ဘူး။ မြို့နယ်အစွန်လောက်ကျတယ်။ စစ်ကောင်စီတွေဝင်လာတော့ ထွက်ပြေးရင်းနဲ့ အဲဒီလူကအဖမ်းခံလိုက်ရတာ။ နောက်နေ့ စစ်တပ်ထွက်သွားပြီး ရွာထဲဝင်ကြည့်ကြတော့ အိမ်တွေမီးရှို့ ခံထားရတယ်။ အသတ်ခံထားရသူက ခြေတွေ၊ လက်တွေပါ အဖြတ်ခံထားရတယ်''လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    ဆားလင်းကြီးမြို့နယ်ထဲက နတ်ကျွန်းကျေးရွာကိုလည်း ဇွန်လ ၂၈ ရက်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာကြပြီး နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာ၊ ဆန်တွေကို ဖြန့်ကျဲခဲ့တာ၊ ပစ္စည်းတွေကို ယူဆောင်သွားတာတွေလုပ်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

  10. ဝေါလေစစ်ရှောင်တွေထဲ ကလေးနဲ့အမျိုးသမီးပိုများ

    ဝေါလေစစ်ရှောင်တွေထဲ ကလေးနဲ့အမျိုးသမီးပိုများ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဝေါလေဒေသက စစ်ကောင်စီတပ်ရဲ့ ဥကရိကခြေကုတ်စခန်းကို KNLA/KNDO ကရင်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်တဲ့ တိုက်ပွဲအတွင်း နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ ကြောင့် ထွက်ပြေးရတဲ့ ဒေသခံတွေထဲ ကလေးနဲ့အမျိုးသမီး ပိုများတယ်လို့ အဲဒီစစ်ရှောင်တွေအရေး အကူအညီပေးနေသူတွေကပြောပါတယ်။

    ‌တိုက်ပွဲကြောင့် ဝေါလေဒေသ ကျေးရွာပေါင်း ၅ ရွာက ဒေသခံတွေဟာ မြန်မာ-ထိုင်း နယ်စပ်က ဝေါလေချောင်းကို ဖြတ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းကို ဝင်ရောက် တိမ်းရှောင်နေရတာ သီတင်းတစ်ပတ်ကျော် ရှိလာပြီဖြစ်ပါတယ်။

    ရာနဲ့ချီတဲ့စစ်ရှောင်တွေဟာ ထိုင်းနိုင်ငံ၊ ဖော့ဖရာမြို့နယ်ထဲကို ဝင်ရောက်တိမ်းရှောင်ကြတာဖြစ်ပြီး မော်လေထိုင်းဂိတ်ဘက်ကို ဝင်ရောက်ကြတဲ့ မြန်မာစစ်ရှောင်တွေကို ထိုင်းအာဏာပိုင်တွေက ဂိုထောင်ကြီး တစ်လုံးထဲမှာ နေရာချထားပေးတယ်လို့ သိရပါတယ်။

    ‘’စစ်ရှောင်တွေထဲမှာ ကလေးနဲ့ အမျိုးသမီးပိုများတယ်။ ဒီဂိုထောင်ထဲ လာရှောင်နေကြသူတွေကို ထိုင်း ဘက်က လူကြီးတွေလည်းလာကြည့်သွားတယ်။ လောလောဆယ်တော့ ခြုံစရာစောင်နဲ့ စားဖို့ သောက်ဖို့လိုတယ်။ သောက်ရေကတော့ ကားတွေနဲ့လှူထားလို့ အဆင်ပြေနေသေးတယ်။ အရင်လို ဒီအတိုင်း စစ်ရှောင်တွေဆီ ဝင်သွားပြီး ကူလို့ မရတော့ဘူး။ သက်ဆိုင်ရာ ထိုင်းလူကြီးတွေကို အသိပေး ပြောဆိုပြီး မှ လှူလို့ရတယ်’’လို့ အကူအညီပေးနေတဲ့ သဘာဝရိပ်သာဖောင်ဒေးရှင်း(ထိုင်း)ရဲ့ မဲဆောက်တာဝန်ခံ ကိုအောင်သူနိုင်က ပြောပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်တတည်းက စတင်တဲ့ ဥကရိထ စခန်းသိမ်းတိုက်ပွဲ ဖြစ်တဲ့အခါ စစ်ကောင်စီက ကရင်ပူးပေါင်းတပ်ဖွဲ့တွေရှိတယ်လို့ ယူဆရတဲ့နေရာတွေဆီကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။

    ဒါ့ကြောင့် လုံခြုံရေးစိုးရိမ်တဲ့ဒေသခံတွေဟာ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်က ဝေါလေချောင်းတစ်လျှောက် အပြင် အဲဒီတဝိုက်က ပြောင်းခင်းတွေထဲ၊ နောက် ထိုင်းနိုင်ငံဘက်ခြမ်းဆီကိုပါ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။

    လက်ရှိမှာ ဥကရိထ တိုက်ပွဲကြောင့် စစ်ရှောင် တစ်ထောင်ကျော်ရှိပြီး အဲဒီစစ်ရှောင်တွေဟာ မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်မှာ စစ်ရှောင်နေကြရဆဲဖြစ်တယ်လို့ ဒေသခံတွေက ဘီဘီစီကို အစောပိုင်းကတည်းက ပြောထားပါတယ်။

  11. စစ်ကောင်စီနဲ့တရုတ်တို့ ပူးတွဲဥက္ကဋ္ဌပြုလုပ်တဲ့ လန်ချန်း-မဲခေါင်အစည်းအဝေးကို ပြည်တွင်းမှာ ဆန္ဒပြ

    စစ်ကောင်စီနဲ့တရုတ်တို့ ပူးတွဲဥက္ကဋ္ဌပြုလုပ်တဲ့ လန်ချန်း-မဲခေါင်အစည်းအဝေးကို ပြည်တွင်းမှာ ဆန္ဒပြ

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

    ဓာတ်ပုံ ပုံစာ, ဖားကန့်မြို့တွင်း နေရာ ၂ ခုမှာ သီးခြားစီဆန္ဒပြဖို့ စီစဥ်ခဲ့ပေမဲ့ လုံခြုံရေးကြောင့် မြို့တွင်းတစ်နေရာမှာပဲ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

    တရုတ်နဲ့စစ်ကောင်စီတို့ ပူးတွဲဥက္ကဋ္ဌအဖြစ်ကျင်းပတဲ့ လန်ချန်း-မဲခေါင် အစည်းအဝေးအပြင် စစ်အာဏာ သိမ်းမှုကိုပါ ဆန့်ကျင်တဲ့ဆန္ဒပြပွဲကို ဖားကန့်မှာ ဒီနေ့ ဇူလိုင်လ ၃ ရက်မှာ ပြုလုပ်သွားပါတယ်။

    လန်ချန်း-မဲခေါင်အစည်းအဝေးပွဲကို ပုဂံမှာကျင်းပနေတာဖြစ်ပြီး စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ ပူးတွဲဥက္ကဋ္ဌအနေနဲ့ ကျင်းပတာဖြစ်ပါတယ်။

    အာဏာသိမ်းပြီးကတည်းက ဖားကန့်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ တစ်နှစ်ကျော်လာပြီ ပေမဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် လမ်းပေါ်တက် ဆန္ဒပြတာကို နေ့စဥ်နီးပါး ပြုလုပ်နေတာ ဖြစ်ပါတယ်။

    ဒီနေ့ဆန္ဒပြပွဲကိုတော့ ဖားကန့်မြို့ပေါ်မှာ ပြုလုပ်သွားတာဖြစ်ပါတယ်။

    ဖားကန့်မှာ အာဏာသိမ်းဆန့်ကျင်သူတွေရဲ့ ‌‌‌နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီဘက်က ချိပ်ပိတ်တာ‌တွေကို အခုရက်ပိုင်းအတွင်း ပြုလုပ်ထားပါတယ်။

  12. အာဆီယံအထူးသံနဲ့ မြန်မာနိုင်ငံဆိုင်ရာသံတမန်တွေ တွေ့ဆုံ, လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး ဆက်တက်ဖို့ရှိ

    အာဆီယံအထူးသံနဲ့ မြန်မာနိုင်ငံဆိုင်ရာသံတမန်တွေ တွေ့ဆုံ

    ဓာတ်ပုံ ရင်းမြစ်, ကမ္ဘောဒီးယားနိုင်ငံခြားရေး

    မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ မြန်မာပြည်တွင်းက နိုင်ငံတကာသံတမန်တွေနဲ့ မနေ့ ဇူလိုင်လ ၂ ရက်နေ့က ရန်ကုန်မြို့မှာတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

    အထူးသံဟာ ပြင်သစ်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂ(အီးယူ)သံအမတ်တွေ၊ သြစတေးလျသံရုံးအကြီးအကဲတို့နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

    မြန်မာလူထုကို လူသားချင်းစာနာမှု အကူအညီပေးရေးအပါအဝင် မြန်မာ့အရေး အာဆီယံဘုံသဘော တူညီချက် ၅ ချက် တိုးတက်မှုအခြေအနေတွေကို အထူးသံက ဆွေးနွေးခဲ့တယ်လို့လည်း ကမ္ဘောဒီးယားနိုင်ငံဘက်က သတင်းထုတ်ပြန်ပါတယ်။

    အာဆီယံအထူးသံတမန်ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်လာရောက်တဲ့ သူ့ရဲ့အခုခရီးစဥ်အတွင်း နိုင်ငံရေးပါတီအချို့၊ နောက် အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ တွေ့ဆုံထားပါတယ်။

    မစ္စတာ ပရက်ဆော့ခွန်းဟာ ပုဂံမှာကျင်းပမယ့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကိုလည်း‌ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဆက်ပြီးတက်ရောက်ဖို့ရှိပါတယ်။

  13. မုန်းမြို့နယ်အတွင်းက စစ်ကောင်စီစခန်း ၅ ခုကို KNLA ကတိုက်ခိုက်သိမ်းယူ, လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သားမိသားစု ၄ဦးသေဆုံးကြောင်း KNU ထုတ်ပြန်

    ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေအတွင်းကစစ်ကောင်စီရဲ့တပ်စခန်းတချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ တပ်မဟာ(၃)KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးKNU က ဒီကနေ့ဇူလိုင် ၃ ရက်နေ့မှာထုတ်ပြန်ကြေညာလာပါတယ်။

    မနေ့ ဇူလိုင် ၂ ရက်မနက်ပိုင်းမှာ မုန်းမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ကြောင်ပြာစခန်း၊ အောင်းလောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်းနဲ့ကျောင်းစုစခန်းတို့ကို တပြိုင်တည်းတိုက်ခိုက်သိမ်းယူခဲ့တာဖြစ်တယ်လို့ KNUရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ ဒီစခန်းတွေဟာဒေသခံပြည်သူတွေသွားလာလှုပ်ရှားမှုကို ဟန့်တားစစ်ဆေးမှုတွေလုပ်နေပြီးနယ်မြေစိုးမိုးဖို့လုပ်ဆောင်နေတဲ့နေရာတွေဖြစ်တယ်လို့ KNU ဖော်ပြပါတယ်။ ဒီစခန်းသိမ်းတိုက်ပွဲတွေမှာတော့ စစ်ကောင်စီပူးပေါင်းတပ်စခန်းတွေက ပြည်သူ့စစ် ၄ ဦးသေဆုံးပြီးတခြားအဖွဲ့ဝင်တချို့ကတော့ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ကြရပြီး လက်နက်ခဲယမ်းတချို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။

    အပြီးသတ်စခန်းရှင်းလင်းရေးလုပ်ဆောင်နေချိန်မှာတော့ စစ်ကောင်စီဘက်က တိုက်လေယာဥ်၊ ရဟတ်ယာဥ်တွေ နဲ့လေကြောင်းပစ်ကူတွေလုပ်ခဲ့သလို ထွက်ပြေးတိမ်းရှောင်နေတဲ့ အရပ်သားနေရာတွေပေါ် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တာတွေကြောင့် ဒေသခံမိသားစု ၄ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    လက်ရှိမှာတော့ ‌ဒေသခံကျေးရွာအများစုဟာထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီဘက်ကလည်း ကျေးရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး စစ်အကူများထပ်မံပို့ဆောင်တာတွေလုပ်နေတဲ့အတွက် တိုက်ပွဲတွေဆက်လက်ပြင်းထန်လာမယ့်အခြေအနေတွေလည်းရှိတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ ဒေသခံတွေရဲ့ပြောကြားချက်အရ ‌ညောင်လေးပင်ခရိုင်အတွင်း တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ညောင်လေးပင်မြို့ပေါ်အထိ တိုက်ပွဲရှောင်နေကြရတယ်လို့ဆိုပါတယ်။

    လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သားမိသားစု ၄ဦးသေဆုံး

    ဓာတ်ပုံ ရင်းမြစ်, KNU

    ဓာတ်ပုံ ပုံစာ, လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သားမိသားစု ၄ဦးသေဆုံး
  14. စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ ဒေသခံတွေ ဘေးလွတ်ရာပြောင်းရွှေ့

    သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာလို့ ဒေသခံတွေ ဘေးလွတ်ရာပြောင်းရွှေ့နေကြတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။

    လက်ရှိမှာ တောင်ပျောက်တိုက်နယ်က စစ်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူ ၅၀၀၀ခန့်အထိ ရှိနေတယ်လို့ တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ကသိရပါတယ်။

    အဲဒီအရေအတွက်ဟာ သရက်ချောင်းမြို့နယ်ထဲက အလယ်စု၊ ကျွဲခြံ၊ ဝင်းကဖော်၊ ကျောက်အိုင်ရွာ လေးရွာရဲ့ စစ်ရှောင်အရေအတွက်သာဖြစ်ပြီး တခြားရွာတွေကစစ်ရှောင်အရေအတွက်တွေလည်း အများအပြားရှိနေသေးတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။ လက်ရှိမှာ မြေပြင်အခြေအနေ မတည်ငြိမ်မှုတွေကြောင့် နေရာအတည်တကျမနေနိုင်ကြဘဲ နေရာတွေရွှေ့ပြောင်းနေထိုင်ရတာမျိုးရှိနေတယ်လို့ဆိုပါတယ်။

    တခါ ဇူလိုင် ၁ရက်ကလည်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပိတောက်ကြီး ကညသ်ချောင်းကြားမှာ စစ်ကောင်စီတပ်ရဲ့ယာဥ်တန်းကို သရက်ချောင်းမြို့နယ်တောင်ပိုင်း သိန်းငှက်ပြောက်ကျားတပ်ကမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်ကထုတ်ပြန်ထားပါတယ်။

    တောင်ပျောက်တိုက်နယ်အတွင်း ပြီးခဲ့တဲ့ ဇွန်လ၂၄ ရက်ကနေ ၂၇ရက်ထိ စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲ ၂၀ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ဆယ်ချီသေဆုံးထားပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက် ၂ဦးသေဆုံးထားတယ်လို့ သရက်ချောင်းဒေသတွင်းသတင်းတွေကဖော်ပြချက်အရသိရပါတယ်။

    တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့

    ဓာတ်ပုံ ရင်းမြစ်, တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့

    ဓာတ်ပုံ ပုံစာ, ဒေသခံတွေ ဘေးလွတ်ရာပြောင်းရွှေ့
  15. အလင်းဝင် ပီဒီအက်ဖ်ကိစ္စ စစ်ကောင်စီ ဝါဒဖြန့်နေတယ်လို့ PDF တပ်ဖွဲ့တချို့ တုံ့ပြန်

  16. ဒေါက်တာမြင့်နိုင်ရဲ့ နောက်ဆုံးအမှု မုံရွာမှာစစ်မယ်

    စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာမြင့်နိုင်ကိုစွဲဆိုထားတဲ့အမှုတွေထဲက ရွှေဘိုမြို့နယ်တရားရုံးမှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရတရားစွဲခံထားရတဲ့အမှုကို လုံခြုံရေးအရ မုံရွာမြို့နယ်တရားရုံးမှာ လွှဲပြောင်းစစ်ဆေးမယ်လို့ မိသားစုထံက သိရပါတယ်။

    ဒေါက်တာမြင့်နိုင်ကိုဖမ်းဆီးပြီး တရားစွဲဆိုခဲ့တဲ့အမှုပေါင်း ၁၀ မှုမှာ ၉ မှုအတွက်က ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ဒီတစ်မှုပဲ စစ်ဆေးဖို့ ကျန်နေတာ ဖြစ်ပါတယ်။

    ဒေါက်တာမြင့်နိုင်ကို အဂတိလိုက်စားမှုဆိုင်ရာအမှု၇မှုအတွက်ထောင်ဒဏ်၂၁နှစ်၊ ပုဒ်မ ၅၀၅-ခ နဲ့ စွဲဆိုခံရတဲ့အမှုအတွက် ထောင်ဒဏ်၂ နှစ် ၊မုံရွာမြို့နယ်ရွေးကောက်ပွဲကော်မရှင်က စွဲဆိုတဲ့ ပုဒ်မ ၁၇၁ (စ) အတွက် ထောင်ဒဏ်၁နှစ် ၊ စုစုပေါင်း ထောင်ဒဏ်၂၄နှစ် ပြစ်ဒဏ်ချမှတ်ခံထားရပြီး ဖြစ်ပါတယ်။

    အခုအဲဒီနောက်ဆုံးလက်ကျန်အမှုအတွက်မုံရွာအကျဉ်းထောင်ကအထူးသီးသန့်တရားရုံးမှာပြောင်းရွှေ့စစ်ဆေးဖို့အမိန့်ချပေမဲ့ဘယ်နေ့မှာကြားနာစစ်ဆေးမယ်ဆိုတာတော့မသိရသေးပါဘူး။

    ပြီးခဲ့တဲ့ပြစ်ဒဏ်ချပြီးသားအမှုတွေအားလုံးကိုလည်းမုံရွာထောင်တွင်းကအထူးသီးသန့်တရားရုံးမှာကြားနာစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

    မုံရွာအကျဉ်းထောင်မှာဖမ်းဆီးခံထားရတဲ့ဒေါက်တာမြင့်နိုင်ကိုဆေးဝါး၊စားစရာနဲ့ထောင်ဝင်စာပို့ခွင့်ရတယ်လို့သူ့ဇနီးကဆိုပါတယ်။ထောင်ထဲမှာစိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ကျန်းမာအောင်ကြိုးစားနေထိုင်နေတယ်လို့လည်းသိရပါတယ်။

    ဒေါက်တာမြင့်နိုင်ဟာ၂၀၂၁ခုနှစ်ဖေဖော်ဝါရီ၁ရက်အာဏာသိမ်းတဲ့နေ့ကဝန်ကြီးချုပ်နေအိမ်မှာစတင်ဖမ်းဆီးခံခဲ့ရပြီးဧပြီလ၇ရက်နေ့ကအကျဉ်းထောင်ကိုပို့ခံခဲ့ရတာဖြစ်ပါတယ်။

    ဒေါက်တာ မြင့်နိုင်

    ဓာတ်ပုံ ရင်းမြစ်, SAGAING REGION GOVERNMENT OFFICE

  17. ပလက်ဝမှာ ပစ်ခတ်သံတွေကြားရပြီး ကျည်ထိဒဏ်ရာနဲ့ လူငယ်တစ်ယောက် ဆေးရုံရောက်

    ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ဇူလိုင် ၂ ရက် ဒီကနေ့မနက်ပိုင်းကတည်းက ပစ်ခတ်သံတွေကို ကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အဘောင်သားကျေးရွာ ရှိရာ ရုပ်ချောင်းကြီးဘက်က အဲဒီပစ်ခတ်သံတွေကို ကြားရတာလို့ ဆိုပါတယ်။

    ပစ်ခတ်သံတွေကိုကြားရပေမဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာတော့ မရှိကြောင်းနဲ့ အဲဒီနေရာမှာ စစ်ကောင်စီဘက်က တပ်စွဲလို့ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “သေနတ်ပစ်တဲ့အသံကို မနက်ပိုင်း ၈ နာရီလောက်ကတည်းက ကြားနေရတာပါ။ အခုညနေပိုင်းထိလည်း ပစ်တုန်းပါပဲ။ တိုက်ပွဲဖြစ်တာတော့မရှိဘူး။ ဘယ်နေရာတွေကို ပစ်တယ်ဆိုတာတော့မသိဘူး။ လက်နက်ငယ်တစ်ခုတည်းအသံပဲကြားရတာပါ။ လက်နက်ကြီးပစ်တာတော့မရှိဘူး။”လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

    Platwa, Chin State

    ဓာတ်ပုံ ရင်းမြစ်, CJ

    မွန်းလွဲပိုင်းမှာတာ့ အသက် ၁၆ နှစ်ခန့်အရွယ် ခမီလူငယ်တစ်ဦးမှာ ပေါင်ကိုကျည်ထိဒဏ်ရာရရှိပြီး ပလက်ဝဆေးရုံကိုရောက်ရှိလာခဲ့တယ်လို့ သိရကြောင်း ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။ အဲဒီလူငယ်ဟာ အဘောင်သားကျေးရွာက သူ့အဘွားဆီကိုသွားရာမှာ လမ်းမှာကျည်ထိမှန်ခဲ့တာဖြစ်တယ်လို့သိရကြောင်း အဲဒီမြို့ခံက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကလည်း အဲဒီရုပ်ချောင်းအတွင်းမှာရှိတဲ့ အဘောင်သားအောက်ရွာနားမှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ဒေသခံတွေကတော့ ရက္ခိုင့်တပ်တော်အေအေနဲ့ စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားကြတယ်လို့ ထင်မြင်ခဲ့ကြပေမဲ့ ရက္ခိုင့်တပ်တော်ဘက်ကတော့ သူတို့နဲ့တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်အချင်းချင်း မှားယွင်းပစ်ခတ်တာလို့ အေအေဘက်က ပြောဆိုပါတယ်။ မေလ ၂၆ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော်တပ်စခန်းတည်ရှိတဲ့နေရာကို စစ်ကောင်စီစစ်ကြောင်းတစ်ခု ဝင်ရောက်လာတဲ့အတွက် အဘောင်သားကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါတယ်။

  18. ဆားလင်းကြီး ဒေသခံ ရာနဲ့ချီ ထွက်ပြေးနေရ

  19. လူတစ်ရာကျော် ကို အဂတိမှုနဲ့ အရေးယူထားတယ်လို့ စစ်ကောင်စီထုတ်ပြန်

    ပြီးခဲ့တဲ့ အစိုးရလက်ထက် နိုင်ငံရေးရာထူးယူခဲ့သူ အယောက် ၇၀ နဲ့ ဝန်ထမ်းတွေအပါအဝင် လူ တစ်ရာကျော်ကို အရေးယူထားတဲ့အကြောင်း စစ်ကောင်စီက မနေ့ ဇူလိုင် ၁ ရက်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ဒုဝန်ကြီးနဲ့အထက် ရာထူးတွေကို နိုင်ငံရေးရာထူးလို့ သတ်မှတ်ပါတယ်။

    နိုင်ငံရေးရာထူးယူခဲ့သူတွေအပြင် နိုင်ငံ့ဝန်ထမ်းနဲ့ပြင်ပပုဂ္ဂိုလ် ၆၃ ဦး ကိုအဂတိမှုနဲ့အရေးယူထားတယ် လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    ‘’NLD က ပုဂ္ဂိုလ်တွေတင် အရေးယူတာမဟုတ်ဘူး။ နိုင်ငံ့ဝန်ထမ်းနဲ့ ပြင်ပပုဂ္ဂိုလ်တွေကိုပါ အရေးယူထားပါတယ်’’ လို့ သူက ပြောပါတယ်။

    ဒါ့အပြင် နိုင်ငံ့ဝန်ထမ်း ၄၃ ဦး ကိုတော့ ဝန်ထမ်းစည်းကမ်းအရ အရေးယူထားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြောပါတယ်။ အဂတိမှု ၁၉၄ မှု မှာ ၈၇ မှုက နိုင်ငံ့ဘဏ္ဍာနစ်နာဆုံးရှုံးတဲ့အမှုတွေလို့ စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။

    အဂတိမှုတွေကြောင့် နိုင်ငံ့ဘဏ္ဍာ ကျပ် ၁၉၃ ဘီလီယံ နဲ့ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

    တစ်ဖက်မှာလည်း စစ်ကောင်စီအာဏာရယူထားတဲ့တစ်နှစ်ကျော်အတွင်းမှာ စစ်ကောင်စီခန့် ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးလှစိုးအပါအ၀င် အစိုးရအဖွဲ့၀င် ၂ ဦးကိုလည်း ရန်ကုန်တိုင်းအတွင်း မြေယာချထားပေးမှုမှာ သမ္မတရုံးက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ဆောင်ရွက်ခဲ့တာကြောင့် နိုင်ငံ့ဘဏ္ဍာတွေ ကျပ်သိန်းပေါင်းသောင်းနဲ့ချီနစ်နာခဲ့တယ်ဆိုပြီး ဖမ်းဆီးပြီးနောက် အဂတိမှုနဲ့တရားစွဲဆိုထားပါတယ်။

    အဂတိမှု ၁၉၄ မှု မှာ ၈၇ မှုက နိုင်ငံ့ဘဏ္ဍာနစ်နာဆုံးရှုံးတဲ့အမှုတွေလို့ စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, MRTV/SS

    ဓာတ်ပုံ ပုံစာ, အဂတိမှု ၁၉၄ မှု မှာ ၈၇ မှုက နိုင်ငံ့ဘဏ္ဍာနစ်နာဆုံးရှုံးတဲ့အမှုတွေလို့ စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။
  20. KNU တပ်မဟာ၆ နယ်မြေအတွင်း စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်အရပ်သားတချို့သေဆုံး

    KNU တပ်မဟာ၆ နယ်မြေ ၊ ကော့ကရိတ် ခရိုင် အတွင်း စစ်ကောင်စီ တပ်တွေနဲ့ KNLA ပူးပေါင်း တပ်တွေ တိုက်ပွဲတွေဖြစ်ပွားတာမရှိတဲ့ သေ့ဘောဘိုး၊ အံဖလေး၊ တောင်ကြာအင်း၊ ဘော့ဒိုင်း ကျေးရွာတွေဘက်ကို ဇူလိုင်လ ၁ ရက်နဲ့ ၂ရက် ည ပိုင်းတွေမှာ လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာတွေကြောင့် အရပ်သားနဲ့ စစ်ရှောင်တချို့ သေဆုံးထိခိုက်မှုတွေရှိလာနေပါတယ်။

    "မနေ့ဇူလိုင် ၁ ရက် ညနေပိုင်းမှာ အံဖလေး ရွာ ဘက်ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ ၁၂၀ စိန်ပြောင်းနဲ့ပစ်တယ်။ အဘွားတစ်ယောက် လက်နက်ကြီး အစမှန်တယ်၊ ည ၇ နာရီကျော်မှာ လေယာဉ်ကင်းထောထေတယ်၊ ပြီးတော့ သေ့ဘောဘိုး ရွာကို ဗုံးကြဲတယ်။ အရပ်သား အမျိုးသမီး တစ်ဦးနဲ့ ကျောင်းသားလူငယ် တစ်ဦးသေဆုံးတယ်၊ ၆ယောက် ဒဏ် ရာ ရတယ်၊ ဇူလိုင် ၂ရက် ည ၂ နာရီ ကျော်မှာ ကော့ကရိတ် ဘော့ဒိုင်း ရွာကို လေယာဉ် ဗုံးကြဲတယ် ၊ ကရင် ကျောင်းဆရာမ တစ်ဦး ဗုံးစမှန်ဒဏ်ရာရတယ်၊ ပြီးခဲ့ တဲ့ ဇွန် ၂၈ ရက်ကလည်း မနက် ၂နာရီ ကျော်မှာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဥကရိထ ဝေါလေ ချောင်းဘေး စစ်ဘေးရှောင် နေရာ ကို ကျလို့ကလေးငယ်တစ်ဦး သေဆုံးပြီး မိဘ ၂ ဦး ထိခိုက်တယ်၊ ထိုင်းဘက် ဖု့ဖရ ဆေးရုံ ပို့ရတယ်" လို့ စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

    Ukrihta, KNU

    ဓာတ်ပုံ ရင်းမြစ်, CJ

    Ukrihta, KNU

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဒါ့အပြင် ဇွန်လ ၂၉ ရက်နဲ့ ၃၀ ရက် တွေ မှာ တောင်ကြာအင်း ကျေးရွာဘက်ကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးတာရှိသလို ‌လူနေထိုင်ရာ ကျေးရွာတွေထဲထိ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျီးလန့်စာစား နေထိုင်ရတဲ့အခြေအနေဖြစ်နေတယ်လို့ တပ်မဟာ၆ ဒေသအတွင်း စစ်ဘေးရှောင် ကူညီ နေသူက ပြောပါတယ်။

    Ukrihta, KNU

    ဓာတ်ပုံ ရင်းမြစ်, CJ

    Ukrihta, KNU

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဇွန် လ ၂၆ ရက်ကနေ စတင်ဖြစ်ပွားနေတဲ့ ဥကရိထတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေက ကော့ကရိတ် ဒေသအတွင်းရှိ မိကသိမ်ကုန်း ၊ ကြိတ်ကျေးရွာ၊ တောင်ကြာအင်း ၊ ကမိုင်ကုန်း ရွာတွေဘက်ကို စစ်အင်အား တိုးချဲ့ချထားသလို လက်နက်ကြီး ပစ်ခတ်နေပါတယ်။ ဒီနေ့ ဇူလိုင်လ ၂ရက် မနက်ပိုင်း သေ့ဘောဘိုး -တောင်နီ ကျေးရွာတွေဘက် လေကြောင်းတိုက်ခိုက််မှုတွေဆက်တိုက် လုပ်ဆောင် နေကြောင်း သိရ ပါတယ်။စစ်ကောင်စီဘက်ကတော့ ဥကရိက ကျေးရွာအနီး စစ်ဗျူဟာအရေးကြီးနေရာတစ်ခုကို အောင်မြင်စွာသိမ်းပိုက်နိုင်တယ်လို့ မြေပုံနဲ့တကွ ဇူလိုင် ၁ ရက် ညပိုင်းမှာထုတ်ပြန်ထားပါတယ်။

    ဒါ့အပြင် ‌ရပ်ရွာတွေနဲ့ စာသင်ကျောင်း အတွင်း ကေအဲန်ယူနဲ့ ပီဒီအက်ဖ်တွေက အကာအကွယ်ယူပြီး ပစ်ခတ်တာတွေ ပြုလုပ်တယ်လို့ စစ်တပ်က စွပ်စွဲထားသလို KNLAနဲ့ပီဒီအက်ဖ် ပူးပေါင်းတပ်တွေဘက်ကလည်း စစ်တပ်က အရပ်သားတွေကို ပိတ်ဆို့ထားပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာ စစ်ရေးနေရာမဟုတ်တဲ့ အရပ်သား‌နေရာတွေကို လေကြောင်းကနေ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။

    Ukrihta, KNU

    ဓာတ်ပုံ ရင်းမြစ်, CJ