
ဓာတ်ပုံ ရင်းမြစ်, Social Media
ဓာတ်ပုံ ပုံစာ, မန္တလေးမှာ မူးယစ်ဆေးဝါးတွေကို အိမ်ခြေတွေနဲ့ကပ်တဲ့နေရာမှာမီးရှို့ဖျက်ဆီးဒီကနေ့ ဇွန် ၂၆ရက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေကို မန္တလေးမြို့၊ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းမှာ စစ်ကောင်စီလက်အောက်အာဏာပိုင်အဖွဲ့တွေက မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့ပါတယ်။
မြို့ခံတွေကို ကြိုတင်အသိမပေးဘဲ မြို့နဲ့နီးသလို အိမ်ခြေတွေနဲ့ကပ်နေတဲ့နေရာမှာ မီးရှို့ဖျက်ဆီးခဲ့လို့ မြို့ခံတွေစိုးရိမ်ထိတ်လန့်ခဲ့ရတယ်လို့ ဘီဘီစီကိုပြောကြပါတယ်။
ဒီကနေ့ မနက် ၉နာရီကျော်မှာ မြို့တွင်းမီးခိုးလုံးတွေတွေ့ရတာကြောင့် မီးလောင်မြင်ကွင်းလို့ ထင်မှတ်ပြီး မြို့ခံတွေစိုးရိမ်ထိတ်လန့်ခဲ့ကြသလို မီးဘေးစိုးရိမ်ရကြောင်းကို မြို့ခံတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားဖော်ပြခဲ့ကြတာကိုတွေ့ရပါတယ်။
ဒါကြောင့် မန္တလေးတိုင်း ဗဟိုမီးသတ်ဌာန တာဝန်ရှိသူက သူရဲ့လူမှုကွန်ရက်ကနေ ချမ်းမြသာစည်၊လေယာဉ်ကွင်းဟောင်းမှာ ဖမ်းဆီးမူးယစ်ဆေးဝါးတွေ မီးရှို့တာဖြစ်လို့ ပြည်သူတွေ ထိတ်လန့်မှုမဖြစ်စေဖို့ အသိပေးစာကို ဒီကနေ့မနက်ပိုင်းမှာပဲ ရေးသားဖော်ပြခဲ့ပါတယ်။
ဒီမူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးတဲ့ လေယာဉ်ကွင်းဟောင်းဟာ အသွားအလာများတဲ့ သိပ္ပံလမ်း၊ ကညနရုံးနဲ့ ဈေးဝယ်စင်တာ၊ ဆင်ဖြူကန်ယာဉ်မောင်းလေ့ကျင့်ကွင်းအနီးမှာရှိပြီး မြို့နေအိမ်ခြေတွေနဲ့ နီးကပ်တယ်လို့ ဒေသခံတွေကပြောကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီသတင်းထုတ်ပြန်ရေး
ဓာတ်ပုံ ပုံစာ, မန္တလေးမှာ မူးယစ်ဆေးဝါးတွေကို အိမ်ခြေတွေနဲ့ကပ်တဲ့နေရာမှာမီးရှို့ဖျက်ဆီးဒီလိုဖမ်းဆီးရရှိတဲ့ မူးယစ်ဆေးဝါးတွေကို အရင်က လူနေအိမ်ခြေတွေနဲ့ ဝေးတဲ့မန္တလေးမြို့မြောက်ဘက် မန္တလေးတောင်ခြေအနီး ရွှေမန်းတောင် အားကစားကွင်းနဲ့ ကြာနီကန်တို့မှာ မီးရှို့တာတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
အခုလိုမူးယစ်ဆေးဝါးမီးရှို့ပွဲကို ဘာကြောင့် မြို့တွင်းမှာ ပြောင်းလဲပြုလုပ်ရလဲ။ လူထုကို ကြိုတင်အသိပေး အကြောင်းကြားတာ ရှိမရှိဆိုတာနဲ့ပတ်သက်ပြီး မန္တလေးစည်ပင်သာယာရေးကော်မတီ ပြန်ကြားရေးဌာနကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေကြားတာမရှိပါဘူး။
ဒီကနေ့ပြုလုပ်တဲ့ ၃၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ်အဖြစ် တန်ဖိုး (၃၁၆.၇၇၈) ရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆေးခြောက်၊ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြားတွေ အပါအဝင် မူးယစ်အမျိုးစားပေါင်း ၂၅မျိုး ပါဝင်တယ်လို့ စစ်ကောင်စီသတင်းတွေမှာဖော်ပြထားပါတယ်။