မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ကို အဂတိမှု ၅ မှုအတွက် စွဲချက်တင်

ဓာတ်ပုံ ရင်းမြစ်, မျိုးဇော်သိန်း
မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ကို အဂတိအမှု ၅ မှုအတွက် စွဲချက်တင်တဲ့အကြောင်း အိုးဘိုအကျဉ်းထောင်၊ ထောင်တွင်းတရားရုံးကနေ ဒီနေ့ မတ်လ ၈ ရက်မှာ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ နိုင်ငံရေးရာထူးရယူထားတဲ့အချိန်မှာ လာဘ်စားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှုဖွင့်ခံထားရတာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်းဟာ ဆေးကုသတဲ့အချိန်တုန်းက ဆေးကုသစရိတ်တွေရယူတာတွေ၊ နောက် NLD ပါတီရုံးမြေနေရာရရှိရေးဆောင်ရွက်မှုမှာ အဂတိလိုက်စားမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။
ဒေါက်တာဇော်မြင့်မောင်ကတော့ သူအခုလိုစွပ်စွဲခံထားရတဲ့အမှုတွေအတွက် ငွေကြေးယူခဲ့တာမရှိသလို သိရှိခဲတာလည်းမရှိဘူးဆိုပြီး ထုချေဖြေရှင်းထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဒေါက်တာဇော်မြင့်မောင်ဟာ အဂတိအမှု ၅ ခုအပြင် ရွေးကောက်ပွဲဆိုင်ရာအမှု ၂ ခုကိုလည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဒေါက်တာဇော်မြင့်မောင်ဟာ သဘာဝဘေးစီမံဥပဒေပါပုဒ်မအမှု ၂ ခုနဲ့ ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ) အမှုတို့အတွက် ဒီဇင်ဘာလကတည်းက ထောင်ဒဏ် ၄ နှစ်ချမှတ်ခံထားရတာကြောင့် ထောင်တွင်း တရားရုံးကနေ အဂတိမှုတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ အိုးဘိုထောင်တွင်းဆေးရုံကနေ ဒီနေ့ရုံးချိန်းကို တက်ခဲ့တာလို့သိရပြီး ကျန်းမာရေးကောင်းမွန်တယ်လို့လည်း သိရပါတယ်။


















