ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်းမှာ စစ်ကောင်စီတပ်တွေ ၀င်ရောက် တပ်စွဲထားတာ လေးရက်ရှိပါပြီ။
အဲ့ဒီကျွန်းနားတ၀ိုက်က ကျေးရွာတွေမှာ ရှိတဲ့ ရွာသားတွေကို စစ်ကောင်စီတပ်တွေက အစည်းအဝေးတွေခေါ်ယူပြီး ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA နဲ့ မပူးပေါင်းဖို့ ပြောဆိုမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၇၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်းမှာရှိတဲ့ မြောက်ပြင်ကျေးရွာကို ဒီဇင်ဘာ ၃၀ ရက်နေ့ကစလို့ ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး ဒီဇင်ဘာ ၃၁ရက်မှာတော့ ချော်ချောင်း၊ ရဇ်ချောင်း၊ အောင်လှပြင်၊ ဖဒူကျေးရွာဘက်ကိုရောက်ရှိခဲ့ကြပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂ရက် မှာတော့ ဘုရားချောင်းကျေးရွာ၊ တန်းတင်ကျေးရွာတွေကို ရောက်ရှိခဲ့ပြီး ကျေးရွာမှာ စက်လှေတို့ မော်တော်တို့ကို စာရင်းကောက်ယူမှုတွေပြုလုပ်နေတယ်လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေရောက်ရှိခဲ့တဲ့ကျေးရွာတွေမှာ ရွာသားတွေကိုအစည်းအဝေးခေါ်ယူပြီးတော့ ရက္ခိုင့်တပ်တော် AA၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်တို့ ULA နဲ့ မပူးပေါင်းကြဖို့ စစ်ကောင်စီနဲ့ပူးပေါင်းအားပေးရမယ်လို့ ပြောဆိုတာတွေရှိတယ်လို့ ရွာသားတစ်ဦးကပြောပါတယ်။
ဗမာ စစ်ကောင်စီကို ပူးပေါင်းပါ အားကိုးပါ။ ရခိုင် အမျိုးသား အဖွဲ့ချုပ်နဲ့ မပူးပေါင်းရဘူး၊ သွားအားမကိုးပါနဲ့လို့ မြောက်ပြင်ကျေးရွာမှာ စစ်ကောင်စီ တပ်ဖွဲ့တွေက ပြောကြားခဲ့ပြီး ရွာသားတွေကတော့ ဘာမှမတုံ့ပြန်ဘဲ နှုတ်ဆိတ် နေခဲ့ကြတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကလည်း စစ်ကောင်စီကနေ အခုလိုမျိုးပြုလုပ်နေတာဟာ ပေါက်တောမြို့နယ်တစ်ခုတည်းမှာမဟုတ်ဘဲ ULA/AA ရဲ့ ထိန်းချုပ်ထားတဲ့နေရာတွေမှာလည်း လုပ်ဆောင်နေတာတွေကို တွေ့နေရတယ်လို့ ပြောပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးကိစ္စရပ်တွေမှာ ULA/AA ရဲ့ ကိုင်တွယ်ဆောင်ရွက်ချက်တွေအပေါ် ပြည်သူတွေအားကိုးယုံကြည်မှုရရှိလာနေတာကြောင့် သတိပေးသလိုလိုနဲ့ ဆောင်ရွက်နေတာဖြစ်တယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီ တပ်တွေ အနေနဲ့ ထိန်းချုပ် နယ်မြေတွေ ဆုံးရှုံးလာရပြီး သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရား၊ တရားစီရင်ရေးယန္တရား အလုပ်မဖြစ်တော့တဲ့ အခြေအနေမျိုး ဆိုက်လာချိန်မှာ သူတို့ကို ထောက်ခံအားရှိတဲ့ နေရာတွေမှာ လိုက်လံ စည်းရုံး အဟန့်အတားဖြစ်အောင် လုပ်ဆောင်ကာ နေရာတိုင်းမှာ တတ်နိုင်သမျှ ထိုးဖောက်ဖို့ ကြိုးစားနေတာသာ ဖြစ်တယ်လို့ ဦးဖေသန်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီတစ်ရက်နေ့ညကလည်း ကျောက်ဖြူမြို့ပေါ်က ဘုရားကြီးတောင်ဘုရားပွဲမှာ ပွဲခင်းထဲကို စစ်ကောင်စီတပ်တွေ လက်နက်ကိုင်ဆောင်ပြီး ရောက်ရှိလာခဲ့တဲ့အတွက် ပွဲပျက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၁၆ အောက်တိုဘာတုန်းက မောင်တော စစ်ဆင်ရေးမှာ စစ်တပ်က ၀င်ရောက် နေရာယူခဲ့စဥ်
ဓာတ်ပုံ ရင်းမြစ်, AA/Narinjara
ဓာတ်ပုံ ပုံစာ, ဒေသန္တရ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာ အေအေဘက်က ပိုပြီးနေရာယူလာ