ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ အဂတိမှုငါးမှု စတင်စစ်ဆေး

ရဟတ်ယာဉ်ငှားရမ်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးတို့ကို စွဲဆိုထားတဲ့ အဂတိမှုငါးမှုကို ဒီနေ့ စတင်စစ်ဆေးပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တနိုင်း စစ်ရှောင် စခန်းတွေမှာ စားဝတ်နေရေးခက်ခဲ

    ကချင်ပြည်နယ် တနိုင်းမြို့မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ စစ်တပ်ကအာဏာသိမ်းပြီးကာလ နောက်ပိုင်း တနှစ်တာနီးပါးအတွင်း တခြားအကူအညီပေးတဲ့သူတွေမရှိဘဲ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ က ထောက်ပံ့ပေးတဲ့အကူအညီ ဘဲရှိပြီး ခါတိုင်းနှစ်တွေလို အဖွဲ့အစည်းတွေနဲ့ တခြားအကူ အညီတွေမရရှိဘူးလို့ပြောပါတယ်။

    ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ရှောင်ပြည်သူ တစ်ယောက်က စခန်း စားဝတ်နေရေးခက်ခဲနေပြီး တောင်ယာခုတ်မသွားနိုင်တာနဲ့ စခန်းတွေဆီကို အလှူရှင်တွေ လာဖို့ ခက်ခဲနေတာတွေကို ကြုံနေရတယ်လို့ ပြောပါတယ်။

    ဒါအပြင် တနိုင်း စစ်ရှောင်စခန်းမှာ နေထိုင်သူ တချို့ကတော့ နေ့စားအလုပ်လည်း မရှိတာကြောင့် စခန်းတွင်းမှာပဲ ချေးငှားစားရတာတွေရှိသလို စခန်းတွင်းမှာ လိုအပ်ချက်တွေ ခါတိုင်းထက် ပိုခက်ခဲတယ်လို့ စစ်ရှောင်သူတစ်ဦးက ပြောပါတယ်။

    “စစ်ရှောင်စခန်းက ၃ခုရှိတယ် အခက်အခဲကတော့ အတူတူလောက်ပဲ ဖြစ်တယ်။ ကိုဗစ်နဲ့အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေကြောင့် ကျွန်တော်တို့ဆီမှာ အစပိုင်းမှာဆိုရင် ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း KMSS က တောင်မှ သွားဖို့လာဖို့ ထုတ်ရတာခက်ခဲမှုရှိလို့ဆိုပြီး အခြေခံအစားအစားတွေမထုတ်ပေးနိုင်တာတောင်ရှိတယ်။

    နှစ်ကုန်ခါနီးမှပဲ လစဉ် လာထုတ်ပေးနိုင်တယ်။ အခြေခံအစားအစားလောက်ပဲ ရတယ် ။ ကျန်တဲ့အလှူရှင်တွေကတော့ အရင်ကတော့ ဆောင်းတွေဆို အနွေးထည် အစားသောက်မဟုတ်တဲ့ ဟာတွေ ပေးတာတွေရှိတယ်” လို့ ဆိုပါတယ်။

    တနိုင်းမြို့ပေါ်မှာ စစ်ရှောင်စခန်း ၃ ခုရှိပြီး ကချင်နှစ်ချင်းခရစ်ယာန်အသင်းချုပ် ကေဘီစီ နဲ့ အာစီ ဘုရားကျောင်းမှာ စစ်ရှောင်အိမ်ထောင်စု ၁၀၀ ကျော်စီရှိပြီး စီအိုစီမှာတော့ ၃၀ကျော်ရှိတယ်လို့သိရပါတယ်။

    ကချင်ပြည်နယ်ထဲက စစ်ရှောင်များ(ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကချင်ပြည်နယ်ထဲက စစ်ရှောင်များ(ပုံဟောင်း)
  2. လောင်စာဓာတ်ငွေ့ရည်ကား မှားယွင်းပစ်ခတ်ခံရတယ်လို့ ကုမ္ပဏီက ပြော

    လေယာဥ်ဆီ အထင်နဲ့ မှားယွင်း တိုက်ခိုက်တာ ဖြစ်တယ်လို့ ဆိုပြီ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ထမင်းချက်တဲ့ ဂက်စ်အရည်တင်လာတဲ့ကားကို ပစ်ခတ် တိုက်ခိုက်ခံရတယ်လို့ ကုမ္ပဏီက ပြော

    ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်အ၀င် ကျိုက်ဒုံ လမ်းဆုံထိပ်မှာ မနေ့ ဇန်နဝါရီ ၇ရက်နေ့ ညက ရေနံ ဓာတ်ငွေ့ရည် (LPG) တင်ဆောင်လာတဲ့ ဘောက်ဆာ ကားတစီး ပစ်ခတ် တိုက်ခိုက် ခံရလို့ မီးလောင် ပျက်စီးသွားခဲ့ပါတယ်။

    အဲဒီတိုက်ခိုက်ခံရမှုဟာ မနေ့ည ၈နာရီခွဲ အချိန်လောက်မှာ သြရ ကုမ္ပဏီပိုင် မီးဖိုချောင်သုံး ဂက်စ် အရည်တင်ဆောင်လာတဲ့ ဘောက်ဆာ ကားငါးစီး အနက် ကားတစီး ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ကုမ္ပဏီက တာ၀န်ရှိသူတယောက်က ဘီဘီစီကို ပြောပါတယ်။

    ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာကိုတော့ မသိရပါဘူး။

    အဲဒီ ဘောက်ဆာ ကား ၅ စီး ဆင်းလာရာမှာ ညနေ ၆နာရီခွဲလောက်မှာ ရှေ့ဆုံးက ၁၂ဘီး ကားကို တနေရာတည်းက မဟုတ်ဘဲ သုံးလေး နေရာ ကနေ စတင် ပစ်ခတ်ခံရတာကြောင့် မှန်ကွဲသွားတာကလွဲလို့ ကျန်တာ ထိခိုက်မှု မရှိဘဲ လွတ်မြောက်လာကြောင်း ၊ လွတ်မြောက်လာတဲ့ ကားသမားရဲ့ ကုမ္ပဏီထံ သတင်းပို့မှုကြောင့် ကျန်တဲ့ ကားသမားတွေကို ရှေ့ဆက်မဆင်းဖို့ အကြောင်းကြားခဲ့ရာမှာ အခု ထိခိုက်သွားတဲ့ ကားသမားကတော့ ဖုန်းမကိုင်ဘဲ သူနားနေရာကနေ စမောင်းထွက်ခဲ့ရာမှာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး ကျန်တဲ့ကားတွေကတော့ လွတ်မြောက်သွားခဲ့တယ်လို့ သြရ ကုမ္ပဏီက တာ၀န်ရှိသူက ပြောပါတယ်။

    ထိခိုက်မိတဲ့ ကားမောင်းသမားကတော ပစ်ခတ်မှုတွေကြောင့် မှန်ကွဲစတွေ လည်ပင်းမှာစိုက်တဲ့ ဒဏ်ရာရရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ကားပေါ်ပါသူ ကျန်တယောက် ဖြစ်တဲ့ စပယ်ယာလည်း တစုံတရာ ထိခိုက်မှု မရှိကြောင်း သူက ဆိုပါတယ်။

    အစပိုင်းမှာ လက်နက်ငယ်နဲ့ ပစ်ခတ် ခံရတာကြောင့် ကားသမားနဲ့ စပယ်ယာက ကားကို ရပ်ကာပေ ၁၀၀ အကွာလောက်ကနေ ကြည့်နေခဲ့ရာမှာ ကားကို လက်နက်ကြီးနဲ့ ပစ်ခံခဲ့ရပြီး ကားမှာ အပေါက်ဖြစ်သွားကြောင်း၊ အဲဒီနောက် ဂက်စ်တွေ ပန်းထွက်လာပြီး မိုးပေါ်ကို မီးပန်းတက် ၊ တောက်လျှောက်ပေါက်သွားကြောင်းနဲ့ အနားက ဆိုင်တွေ လူတွေကို ထိခိုက်မှု မရှိခဲ့ကြောင်း သူက ပြောပါတယ်။

    အဲဒီ ဘောက်ဆာ ကားတွေပေါ်မှာ ထိုင်းနိုင်ငံက တင်သွင်းတဲ့ ရေနံ ဓာတ်ငွေ့ရည် တမျိုးဖြစ်တဲ့ ထမင်းချက်တဲ့ ဂက်စ် တွေတင်ဆောင်လာတာသာ ဖြစ်ပြီး အင်တာနက်ပေါ်မှာ ရေးထားကြသလို လေယာဥ်သုံးဆီ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

    လေယာဥ်ဆီကို စင်ကာပူကုမ္ပဏီ Puma နဲ့ ပြည်တွင်း ကုမ္ပဏီ အေရှားဆန်းတို့က ရန်ကုန် ဆိပ်ကမ်းကနေ နှစ်ချုပ်နဲ့သွင်းတာဖြစ်ပြီး ပြည်တွင်း မန်းသံပုရာကန် ရေနံချက်စက်ရုံကလည်း ထုတ်လုပ်နေတာ ဖြစ် ပေမယ့် မြဝတီ ကနေ အခုလို တင်သွင်းတာမျိုး မရှိပါဘူးလို့ သူက ဆိုပါတယ်။

    နားလည်တတ်ကျွမ်းသူတွေဆိုရင် ဘောက်ဆာကားရဲ့ အသွင်ပုံစံ ၊ မနေ့က ကားမီးလောင်မှု အခြေအနေကို ကြည့်ပြီး ဒါဟာ ထမင်းချက်တဲ့ ဂတ်စ် ဖြစ်ကြောင်းကို သိသာနိုင်ပါတယ်လို့လည်း သူက ရှင်းပြပါတယ်။

    အမှန်ဆိုရင် အခုလို ဓာတ်ငွေ့ရည် အန္တရာယ် ဖြစ်စေတဲ့ အရာတွေကို တင်ဆောင်ပြီး ညနေ ၆နာရီ နောက်ပိုင်းမှာ သွားလာမောင်းနှင်မှု မပြုဖို့ ကုမ္ပဏီက ကားသမားတွေကို မှာကြားထားပြီး ဖြစ်ပေမယ့် ကားသမားတွေဘက်ကလည်း ပေါ့လျော့သွားမှုတွေလည်းပါတယ်လို့ သြရ ကုမ္ပဏီက ပြောပါတယ်။

    လတ်တလော လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေချိန်မှာ ဓာတ်ငွေ့ရည် ဘောက်ဆာကားတွေကို လေယာဥ်ဆီ တင်လာတယ် အထင်နဲ့ မှားယွင်း ပစ်ခတ် ခံရတာ ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ရက်နေ့ကလည်း အောက်စီဂျင် အရည် တင်လာပြီး ကော့ကရိတ် မြ၀တီ အာရှလမ်း အတိုင်း မြ၀တီကနေ ဆင်းလာတဲ့ ကား၂စင်း အခုလို ပစ်ခတ် တိုက်ခိုက် ခံရမှုနဲ့ ကြုံခဲ့ရပါတယ်။

    ကရင်ပြည်နယ် လေးကော့ကော်မြို့သစ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ လလယ်ကစလို့ KNU လက်အောက်က တပ်တွေနဲ့ စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက် ညနေ ၇နာရီ ကနေ မနက် ၆နာရီ အထိ ခရီး သွားလာခွင့် ပိတ်ပင်ထားကြောင်း KNU ကရင်အမျိုးသား အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။

    ကားမောင်းသမား လည်ပင်းမှာ မှန်ကွဲစတွေ စိုက်သွားပေမယ့် မစိုးရိမ်ရ ၊ စပယ်ယာလဲ ထိခိုက်မှု မရှိ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လေယာဥ်ဆီကို မြ၀တီဘက်ကနေ တင်သွင်းလေ့ မရှိဘဲ မန်းသံပုရာကန်မှာချက်နေသလို ၊ စင်္ကာပူ ကုမ္ပဏီ တခုကနေ တင်သွင်းတာသာ ဖြစ်လို့ ဆို
    ပြီးခဲ့တဲ့ ရက်ပိုင်းကလဲ အောက်စီဂျင် အရည်တင်လာတဲ့ ဘောက်ဆာကား တိုက်ခိုက် ခံရ

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. အာဆာပစ်ခတ်မှုကြောင့် မောင်တောက မြိုအမျိုးသားတစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေပြော

  4. ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာခရီးစဥ် အဆုံးသတ်

    ပြည်တွင်း ပြည်ပ ကန့်ကွက် ဆန္ဒပြမှုတွေကြားက မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ နှစ်ရက်တာ မြန်မာ ခရီးစဥ် ပြီးဆုံးပြီး ဒီကနေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံက ပြန်ထွက်ခွာသွားပြီလို့ စစ်ကောင်စီဘက် သတင်းထုတ်ပြန်လာပါတယ်။

    မနေ့ကနဲ့ ဒီကနေ့ ခရီးစဥ်မှာ ဝန်ကြီးအဖွဲ့နဲ့ စစ်တပ်က အကြီးအကဲတွေကို ခေါ်ဆောင်လာတဲ့ ခရီးစဥ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး၊ မြန်မာနိုင်ငံရေး အကျပ်အတည်း ကမ္ဘောဒီးယား နိုင်ငံအနေနဲ့ ပါဝင်ကူညီရေး စတာတွေကို ဆွေးနွေးခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

    သူ့ခရီးစဥ်နဲ့ ပတ်သက်လို့ အခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံ ဝန်ကြီးချုပ် ကိုယ်တိုင် စစ်ကောင်စီကို လာတွေ့တာဟာ စစ်ကောင်စီအတွက် သံတမန်ရေး အသိအမှတ်ပြုခံရသလို ဖြစ်သွားပေမဲ့ တခြားနိုင်ငံတွေကတော့ ဒီခရီးစဥ်တစ်ခုတည်းကြောင့် ဆက်ဆံရေး ပြောင်းသွားမှာမဟုတ်ဘူးလို့ သုံးသပ်မှုတချို့ ရှိပါတယ်။

    ဟွန်ဆန်

    ဓာတ်ပုံ ရင်းမြစ်, statement

  5. လွိုင်ကော်မြို့မှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုတွေဆက်လုပ်နေ, ကယားပြည်နယ်အတွင်းလေကြောင်းပစ်ကူနဲ့လက်နက်ကြီးပစ်ကူတွေသုံးခဲ့တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်ထား

    ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲက မြို့ပေါ်ရပ်ကွက်တွေအတွင်းမှာ ဒေသခံတွေဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရချိန် ဒီကနေ့ ဇန်နဝါရီ ၈ရက်နေ့နေ့လယ် ၃နာရီဝန်းကျင်မှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုတွေလုပ်နေတယ်လို့ဒေသခံတွေဆီက သိရပါတယ်။

    “ လေကြောင်းပစ်ခတ်မှုတွေလုပ်နေပြီ၊ လေယာဉ်နဲ့ပစ်နေပြီ “ လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDF-B06 က ဘီဘီစီကဆက်သွယ်မေးမြန်းချိန်မှာ အတည်ပြုပြောပါတယ်။

    ဇန်နဝါရီ ၆ရက်နေ့ညပိုင်းကစလို့ဒီကနေ့ဇန်နဝါရီ ၈ရက်အထိ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကြားနေရတဲ့ လွိုင်ကော်မြို့ပေါ်မှာတော့ နေအိမ်အပြင်မထွက်ရဲဘဲ တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    လက်ရှိလွိုင်ကော်မြို့ပေါ်က မြို့ပေါ်ရပ်ကွက် ၅ခုလောက်ကိုတော့ ဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ဆွေမျိုးတွေဆီပြောင်းရွေ့ ပေးထားရပြီး အချိန်အကန့်အသတ်နဲ့ပြောင်းရတာကြောင့် ဒေသခံတချို့ကတော့ရပ်ကွက်တွေထဲကျန်ဆဲဖြစ်တယ်လို့ ကူညီကယ်ဆယ်မှုတွေလုပ်ပေးနေတဲ့ ဒေသခံလူမှုကူညီရေးအသင်းတွေကပြောပါတယ်။

    ဒါ့အပြင် ထိုင်းကရင်နီနယ်စပ်အတွင်းက ကျေးရွာတွေဖြစ်တဲ့ ဟွေပုံလောင်း-ကောက်ကောက်ဒေသအတွင်း စစ်ကောင်စီတပ်စခန်းကို KNDF နဲ့ PDF ပူးပေါင်းအဖွဲ့ကလာရောက်တိုက်ခိုက်တာကြောင့် ဒေသကာကွယ်ရေးတပ်တွေကို စစ်ကောင်စီဘက်ကတိုက်ခိုက်ခဲ့ပြီးလေကြောင်းပစ်ကူနဲ့လက်နက်ကြီးပစ်ကူတွေကိုအသုံးပြုခဲ့တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ဇန်နဝါရီ ၇ ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။

    လွိုင်ကော်မြို့

    ဓာတ်ပုံ ရင်းမြစ်, ဓါတ်ပုံ- Cj

    ဓာတ်ပုံ ပုံစာ, လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေအနီး ဇန်နဝါရီ ၇ရက်နေ့ကစစ်ရဟတ်ယာဉ်များဖြတ်သန်းသွားတဲ့မြင်ကွင်း(ပုံဟောင်း)
  6. လွိုင်ကော်၊ မြို့ပေါ်ရပ်ကွက်တွေအနီး ပစ်ခတ်သံတွေဆက်ကြားနေရ, ဒေသခံတွေကိုအချိန်အကန့်အသတ်နဲ့ပြောင်းပေးရတာကြောင့် ပြောင်းရွေ့ဖို့ကျန်နေသူတွေလည်းဆက်ရှိနေ

    ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်းက မြို့ပေါ်ရပ်ကွက်တွေအတွင်း ပြီးခဲ့တဲ့ဇန်နဝါရီ ၆ရက်နဲ့၇ရက်နေ့တွေမှာဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြား ဒေသခံတွေသေဆုံးမှုရှိခဲ့သလို ဒေသခံတွေကလည်း ဘေးလွတ်ရာ ဆက်တိုက်ရွေ့ပြောင်းနေရတယ်လို့ဒေသခံတွေကပြောပါတယ်။

    “ အစက ရွာဘက်မှာနေတာ မြို့ပေါ်ပြောင်းလာတော့လည်း ထပ်ပြေးရတယ်။ ကလေးမွေးထားတာ တစ်လခွဲပဲရှိသေးတယ်။ အိမ်နားမှာပစ်တာ အခုထိနားတွေအူပြီး ဒူးတွေတုန်နေတုန်းဘဲ။ ကလေးတွေကတောင် ထင်တယ်၊ အမေရူးသွားပြီလားတဲ့။ အခုထိကိုကြောက်စိတ်မပြေဘူး၊ နားထဲအူနေတုန်းပဲ” လို့ လွိုင်ကော်၊ မိုင်းလုံးရပ်ကွက်က ဒေသခံတစ်ဦးက ဇန်နဝါရီ ၇ရက်နေ့က ကြုံခဲ့ရတဲ့အခြေအနေကို ဘီဘီစီကိုပြောပါတယ်။

    ကယားပြည်နယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လွိုင်ကော်မြို့ပေါ်ရပ်ကွက်က စစ်ဘေးရှောင်ပြည်သူများ

    ဒီအခြေအနေတွေကြား ဒေသခံလူမှုရေးအသင်းတွေအနေနဲ့ မနေ့ဇန်နဝါရီ ၇ရက်ညပိုင်းကစလို့ဒီကနေ့မနက်ပိုင်းအထိ ဒေသခံတွေကိုဆက်တိုက်ပြောင်းရွေ့ပေးနေပြီးအချိန်အကန့်အသတ်နဲ့ ပြောင်းပေးရတာကြောင့် ရပ်ကွက်တွေအတွင်းကျန်နေတဲ့ ဒေသခံတွေလည်းရှိတယ်လို့ သိရပါတယ်။

    “ မနေ့ညပိုင်းကတော့ ၅နာရီကျော်အထိအပစ်အခတ်ကရှိနေတယ်။ အဲ့ဒီနောက်ပိုင်းအပစ်အခတ်ခဏရပ်သွားချိန် တစ်ခေါက်သွားသယ်ပေးတယ်။ မိုင်းလုံးနဲ့ပန်းကန်းဘက်က ဒေသခံ ၆၀ လောက်ကို ပြောင်းပေးနိုင်ခဲ့တယ်။ သူတို့အစီအစဉ်နဲ့သူတို့ပြောင်းတာတွေလည်းရှိတယ်။ဒီကနေ့မနက်တော့ PDF ဘက်က မနက် ၆နာရီကနေ ၇နာရီအတွင်း ပြောင်းပေးလို့ရတယ် ကြေညာလို့ထပ်ပြောင်းပေးတာ၊ အချိန်မလောက်ပါဘူး ။ ၈နာရီအထိဖြစ်သွားတယ်။ ပစ်ခတ်မှုတွေဆက်ဖြစ်နေတော့အထဲမှာ ကျန်တဲ့လူတွေလည်းကျန်ခဲ့တယ်။ ညနေပိုင်းပြောင်းပေးလို့ရရင်ထပ်ပြောင်းပေးရမယ်. ပစ်တာတော့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ကို အခု (အင်တာဗျူးဖြေဆိုတဲ့ဇန်နဝါရီ ၈ရက်နေ့လယ်ပိုင်း) အထိကို အသံတွေကကြားနေရတယ်” လို့ဒေသခံတွေကို ကူညီရွေ့ပြောင်းပေးနေတဲ့ ရေ့ွှလွိုင်ကော်ပရဟိတအသင်းက တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

    ကယားပြည်နယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လွိုင်ကော်မြို့ပေါ်ရပ်ကွက်က စစ်ဘေးရှောင်ပြည်သူများ

    လက်ရှိလွိုင်ကော်မြို့အတွင်းမှာတော့ မြို ့ပေါ်ရပ်ကွက် ၅ခုလောက်ကို လွိုင်ကော်မြို့ကြက်ခြေနီအသင်းနဲ့ ဒေသခံပရဟိတအသင်းတွေ ကဆက်တိုက်ကူညီရေ့ွ့ပြောင်းပေးခဲ့တာဖြစ်ပြီး ဘေးလွတ်ရာဘုန်းတော်ကြီးကျောင်းတွေနဲ့နီးစပ်ရာဆွေမျိုးတွေ အိမ်ကိုပြောင်းပေးရတာဖြစ်တယ်လို့လူမူကူညီရေးအသင်းတွေကပြောပါတယ်။ လက်ရှိမြို့တွင်းမှာတော့ ပစ်ခတ်သံတွေဆက်ကြားနေရဆဲဖြစ်သလို အရေးပေါ်ဆေးဝါးနဲ့စားနပ်ရိက္ခာဝယ်ယူတာကလွဲရင် အပြင်ထွက်သူလည်းမရှိလို့မြို့မှာလည်းတိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကတော့ မြို့ပြတိုက်ပွဲဟာ လွိုင်ကော်မြို့ကိုကူးစက်လာပြီဖြစ်လို့ဒေသခံတွေဘေးလွတ်ရာတိမ်းရှောင်ထားဖို့ တိုက်တွန်းထားပြီး ဒေသခံတွေစစ်ဘေးရှောင်ပြောင်းရွေ့ဖို့လိုအပ်တဲ့အကူအညီတွေ လည်းပေးနေတယ်လို့ပြောပါတယ်။

    ကယားပြည်နယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လွိုင်ကော်မြို့ပေါ်ရပ်ကွက်က စစ်ဘေးရှောင်ပြည်သူများ
  7. ဒီပဲယင်း၊ ယင်းတွေမြောက်ဘက်မှာ ပစ်ခတ်သတ်ဖြတ်ခံထားရတဲ့ ရွာသား ၃ ဉီးရုပ်အလောင်း တွေ့

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ် ၊ ယင်းတွေရွာ မြောက်ဘက် ဧက ၁၀၀ ကွင်းအတွင်းမှာ ဒီကနေ့ဇန်နဝါရီ ၈ရက်မနက်ပိုင်းက ဒေသခံရွာသား ၃ဦး ပစ်ခတ်ခံရပြီး သေဆုံးနေတဲ့အနေအထားကို တွေ့ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    သေဆုံးခဲ့တဲ့ရွာသား ၃ဦးဟာ ယင်းတွေရွာက ဒေသခံတစ်ဦး၊ မဲသည်ရွာက ဒေသခံတစ်ဦးနဲ့ ပုဂံကျေးရွာက ဒေသခံတစ်ဦးဖြစ်ပြီး ဖြတ်သန်းသွားလာရင်း စစ်ကောင်စီတပ်တွေရဲ့ကင်းပုန်းနဲ့တွေ့ပြီး ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

    "လက်ရှိအဲဒီရွာတွေကတော့ တိမ်းရှောင်နေရတဲ့ ရွာတွေထဲမပါဘူး။ အလောင်းတွေကတော့ ဒီမနက်တစ်နေရာတည်းမှာအကုန်အတူတွေ့တာပါ။ စစ်ကောင်စီတပ်တွေကင်းပုန်းလှည့်နေတာနဲ့တည့်တည့်တိုးသွားပုံရတယ်။ စစ်ကောင်စီတပ်တွေက အမြဲလှည့်နေတော့ တွေ့ပြီဆိုရင် ဖမ်းမယ်၊ စစ်မယ်။ ပိုဆိုးလာရင်တော့ လူငယ်ရယ်လူကြီးရယ် မခွဲဘူးပစ်မယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဆပ်ပြာကျင်းရွာက အပစ်ခံရသူဟာလည်း အသက်တော်တော်ကြီးနေပါပြီ။ ပစ်ခတ်ခံရတာဆိုတော့ သူတို့လာရင် လူငယ်၊ လူကြီးမရွေး တိမ်းရှောင်ရတာပဲ၊ မသွားနိုင်၊ မလာနိုင် ကျန်းမာရေးမကောင်းတဲ့လူက လွဲရင် အကုန်ပြေးရတာပဲ “ လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက်နေ့မှာလည်း ဒီပဲယင်းမြို့နယ်၊ ရွှေဒါးကံကျေးရွာအတွင်းမှာ ဒေသခံရွာသားနှစ်ဦးကို စစ်ကောင်စီတပ်တွေဖမ်းဆီးသွားပြီးတဲ့နောက် ဂွေးပင်ကျေးရွာ အနီးမှာ ရွာသားတွေရဲ့ အလောင်းတွေကိုပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာလည်း ဒီကနေ့ဇန်နဝါရီ ၈ရက်မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေ ဒီပဲယင်းမဲသည်ရွာကားဂိတ်အနီးမှာတပ်စွဲထားလို့ဒေသခံတွေဖြတ်သန်းသွားလာတာ မလုပ်ဖို့ ဒေသခံသတင်းစာမျက်နှာတွေက သတိပေးထုတ်ပြန်ထားတာတွေ့ရပါတယ်။

    ဒီပဲယင်းနယ်ထဲမှာ ဒေသခံရွာသားတွေပစ်ခတ်ခံရပြီး သေဆုံးမှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့စစ်ကောင်စီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    ဒီပဲယင်းမြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, Voice of Depeyin

    ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ၂ရက်နေ့က ဒီပဲယင်းမြို့နယ်၊ ရွှေဒါးကံကျေးရွာအတွင်း စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်ခဲ့တဲ့မြင်ကွင်း(ပုံဟောင်း)
  8. မြိုင်လက်နက်စက်ရုံကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒေသကာကွယ်ရေးတပ်ဖွဲ့ထုတ်ပြန်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ထဲက မြိုင်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ လက်နက်ဆက်စပ်ပစ္စည်းတွေထုတ်တဲ့ မြိုင်ကာကွယ်ရေးစက်ရုံ ဒေသအခေါ်လှည်းပွဲစက်ရုံကို မနေ့ဇန်နဝါရီ ၇ရက်ညပိုင်းက ဒေသကာကွယ်ရေးတပ်တွေပူပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

    ဒေသကာကွယ်ရေးတပ်တွေဖြစ်တဲ့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PPDFနဲ့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ပူးပေါင်းပြီး ရှော့ဒုံး ၂လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

    စစ်လက်နက်ဆက်စပ်ပစ္စည်းတွေထုတ်တဲ့ လှည်းပွဲစက်ရုံကိုတော့ မြိုင်မြို့နယ်အတွင်းမှာ စက်မှုဇုန်အနေနဲ့တည်ဆောက်ထားတာဖြစ်ပြီး အာဏာသိမ်းမှုဖြစ်စဉ်မတိုင်ခင်ကတည်းက အနီးအနားကို ဒေသခံတွေဖြတ်သန်းသွားလာရင် ပစ်ခတ်မယ်ဆိုတဲ ထုတ်ပြန်ချက်တွေလည်း လုပ်ထားတယ်လို့ဒေသကာကွယ်ရေးတပ်တွေကပြောပါတယ်။

    မနေ့ညကတိုက်ခိုက်မှုကိုတော့ စက်ရုံဝင်းအတွင်းက အစောင့်တပ်စွဲထားတဲ့ အဆောင်ဘက်ကို ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ် ၁၀ ဦးထက်မနည်းဒဏ်ရာ ရခဲ့တယ်လို့မြိုင်မြို့နယ်ဒေသကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

    မြိုင်မြို့နယ်အတွင်းက လက်နက်ဆက်စပ်စက်ရုံပစ်ခတ်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်လာတာမရှိပါဘူး။

    မကွေးတိုင်းဒေသကြီး

    ဓာတ်ပုံ ရင်းမြစ်, Jin

  9. ဟွန်ဆန် ပထမနေ့ ခရီးစဥ်အကြောင်း သိသမျှ

  10. ကမ္ဘောဒီးယား ဝန်ကြီးချုပ် မြန်မာပြည်ရောက်ရှိ

  11. လွိုင်ကော်မြို့တွင်းမှာ တိုက်ပွဲတွေပြင်းထန်

  12. အိုမီခရွန် ထပ်တွေ့တယ်လို့ဆို

    မြန်မာနိုင်ငံကို ပြည်ပက ဝင်ရောက်လာသူ ၁၂ ဦးမှာ ကိုဗစ် ဗီဇပြောင်း အိုမီခရွန်ကူးစက်ခံထားရတာတွေ့ရတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

    သူတို့ဟာ မြန်မာနိုင်ငံသား ၁၁ ဦးနဲ့ နိုင်ငံခြားသား တစ်ဦး ဖြစ်ပြီး ကယ်ဆယ်ရေးလေယာဥ်တွေနဲ့ ဝင်ရောက်လာသူ ယူအေအီးနိုင်ငံက ၈ ဦး၊ မလေးရှားက ၁ ဦးနဲ့ အိန္ဒိယက တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

    သူတို့ကို ကုသပေးနေပြီး လေယာဥ်ပေါ်အတူပါလာသူတွေကို ကွာရန်တင်းလုပ်ထားတယ်လို့လည်း ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ကို ယူအေအီးက ပြန်လာသူ လေးဦးမှာ စတင်တွေ့ခဲ့တယ်လို့ ဒီဇင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်တဲ့နေ့မှာ သူတို့ နေကောင်းလို့ အိမ်ပြန်သွားကြပြီ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    ရန်ကုန်လေဆိပ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  13. ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်မှာတွေ့

    မြန်မာနိုင်ငံကို နှစ်ရက် ခရီးစဥ်အဖြစ် ရောက်လာတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ပထမနေ့ဒီကနေ့မှာအာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့နေပြည်တော်မှာတွေ့ဆုံခဲ့တယ်လို့စစ်ကောင်စီ မီဒီယာ မြန်မာ့ရုပ်သံကသတင်းထုတ်ပြန်ပါတယ်။

    အဲဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံဆက်ဆံရေး၊ အာဆီယံနဲ့ ဒေသဆိုင်ရာ အကျိုးတူ ကိစ္စရပ်တွေ ဆွေးနွေးတယ်လို့ ထုတ်ပြန်လာတာဖြစ်ပြီး တခြား မြန်မာ့အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အသေးစိတ် မဖော်ပြပါဘူး။

    သူရဲ့ မြန်မာပြည်ခရီးစဉ်ရလဒ်ကို ကြိုတင်တွက်ဆမှုမလုပ်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ကြိုပြောထားပေမဲ့ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ငါးရပ်နဲ့ပတ်သက်လို့ နီးစပ်မှုရှိတယ်လို့လည်း ပြောထားပါတယ်။

    သူ့ရဲ့ ခရီးစဥ်ကို ပြည်တွင်းပြည်ပ ကန့်ကွက်မှုတွေ ရှိနေပြီး သူ့အနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရနဲ့သာ ပူးပေါင်းဆောင်ရွက်ဖို့လည်း ဒီကနေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တိုက်တွန်းထားပါတယ်။

    ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

    ဓာတ်ပုံ ရင်းမြစ်, MRTV

  14. သရက်ချောင်း၊ ကင်းရှေ့ရွာမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်, စစ်တပ်ဘက်က ပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် လူငယ်အပါအဝင် ရွာသား ၃ ဦးသေဆုံးတယ်လို့ ဒေသခံတွေပြော

    ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း က ကင်းရှေ့ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေကို ဒီကနေ့ ဇန်နဝါရီ ၇ ရက် မနက်ပိုင်းက ထားဝယ် ခရိုင်ထဲက ဒေသကာကွယ်ရေးတပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့ ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေကပြောပါတယ်။

    ဒီကနေ့မနက်ပိုင်းက ကင်းရှေ့ရွာမှာစခန်းချထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ပျူစောထီးအဖွဲ့တွေကို ဒေသကာကွယ်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကူလာတဲ့ ယာဉ်တန်းတွေကို နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက ရွာအတွင်းပစ်ခတ်မှုတွေလုပ်ခဲ့တာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။ ‘သူတို့က ရွာအတွင်းတပ်စွဲထားတော့ ရွာသားတွေက ပိုက်ဆံရှိရင်တောင် စားနပ်ရိက္ခာတွေ ဝယ်မရတော့ဘူး။ ဒါကြောင့် ဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီးတိုက်ခိုက်တာပါ။ ပစ်ခတ်တဲ့နေရာမှာ သူတို့ဘက်က သေဆုံးမှုကိုတော့အတည်ပြုလို့မရဘူး။ မိုင်းဆွဲတဲ့နေရာမှာတော့ အနည်းဆုံး ၂၀ ဝန်းကျင်လောက် သူတို့ဘက်ကသေတယ်။ အဲဒီတော့ ရွာထဲကိုရမ်းသမ်းပစ်ခတ်တာ လူငယ်တချို့က လယ်ကွင်းတွေကို ဖြတ်ပြေးတော့ အနောက်က လိုက်ပစ်တာ၊ သေဆုံးတဲ့လူငယ်တွေက PDF နဲ့လည်းဘာမှမဆိုင်ဘူး။ ရွာမှာ ပန်းရံလုပ်တဲ့ကလေးတွေပါ ” လို့ ဒေါင်းမင်းစစ်ဆင်ရေးတာဝန်ခံက ဘီဘီစီကိုပြောပါတယ်။

    ဒီကနေ့ ကင်းရှေ့ရွာအတွင်း စစ်ကောင်စီဘက်ကပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် မောင်သန့်ဇင်ထွေး၊ အသက် ၁၇ နှစ်အရွယ် မောင်အောင်သက်ဖြိုးနဲ့မောင်ရဲဇော်ထိုက်တို့ သေဆုံးခဲ့တယ်လို့ လတ်တလောအတည်ပြုထားပြီး ရွာသား ၁၀ ဦးကျော်ပျောက်ဆုံးကာ ဒဏ်ရာရသူတွေလည်းအများအပြားရှိပြီး ဖမ်းဆီးခံထားရတဲ့ရွာသားတွေလည်းရှိတယ်လို့ ထားဝယ်သပိတ်ကော်မတီကထုတ်ပြန်ထားပါတယ်။

    အခုလို ရွာသားတွေပစ်ခတ်ခံရပြီးသေဆုံးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    သရက်ချောင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

  15. လွိုင်ကော်မြို့တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်လို့ ဒေသခံ ၆ ဦးသေဆုံး, တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဒေသခံတချို့ပိတ်မိနေဆဲဖြစ်

    ကယားပြည်နယ်၊ လွိုင်ကော်မြို့ မှာ မနေ့ဇန်နဝါရီ ၆ ရက် ညပိုင်းနဲ့ဒီကနေ့ဇန်နဝါရီ ၇ ရက် မနက်ပိုင်းမှာ ဖြစ်တဲ့ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲအတွင်း ဒေသခံ ၆ ဦး သေဆုံးခဲ့တယ်လို့ကရင်နီလူမှုအဖွဲ့အစည်းတွေကပြောပါတယ်။

    လွိုင်ကော်မြို့ စုပေါင်းခရိုင်ရုံးဘက်က မိုင်းလုံးရပ်ကွက်အတွင်းမှာ မနေ့ဇန်နဝါရီ ၆ရက်ညပိုင်းက ကစပြီး တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲကြားထွက်ပြေးတိမ်းရှောင်တဲ့ ဒေသခံတချို့လက်နက်ကြီး ထိမှန်သေဆုံးတာတွေ ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    ‘ပစ်ခတ်မှုတွေက မနေ့ညပိုင်းကတည်းကဖြစ်နေတာ၊ ဒီကနေ့မနက်မှာတော့ တော်တော်လေး တိုက်ပွဲပြင်းထန်သွားတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေထဲမှာမှ စစ်ကောင်စီဘက်က မြင်သမျှ ပစ်နေတာ။ မနေ့ညကပစ်ခတ်မှုမှာ မိုင်းလုံးရပ်ကွက်ထဲက ဒေသခံတစ်ဦးနဲ့အဖွားအိုတစ်ယောက်ကို လက်နက်ထိမှန်ပြီးဆုံးတယ်။ ဒီကနေ့မနက် အဲဒီအိမ်ကိုပဲလက်နက်ကြီးထပ်ကျတော့ သူ့သားတစ်ယောက်ထပ်ဆုံးတယ်။ အမျိုးသမီးတစ်ဦးနဲ့နောက်ထပ်သားတစ်ယောက်က ဒဏ်ရာရတယ်။ ဒီကနေ့မနက် ရထားသံလမ်းအနီးမှာ လူသေဆုံးနေတာတွေထပ်တွေ့တယ်။ စုစုပေါင်းဆိုရင် ဒေသခံ ၆ ယောက်သေဆုံးခဲ့တယ်လို့ပြောလို့ရတယ်လို့’ ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာကိုဗညားက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် ဒီကနေ့မနက်ပိုင်းတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်တွေက လွိုင်ကော်မြိုအတွင်းက ဆောက်လက်စ ဟိုတယ် ၁၁ ထပ်အမြင့်ပေါ်ကနေရာယူတပ်စွဲပြီး ပစ်ခတ်မှုတွေလုပ်နေတာကြောင့် ဒေသခံတွေအားလုံးအပြင်မထွက်ရဲဘဲ ပိတ်မိနေတဲ့အခြေအနေဖြစ်နေတယ်လို့လည်း ဒေသခံလူမှုအဖွဲ့အစည်းတွေကပြောပါတယ်။

    ကယားပြည်နယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

  16. ထားဝယ်တက္ကသိုလ် ပထမဆုံးကျောင်းဖွင့်ရက် ကျောင်းလာတက်သူမရှိ

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်က ထားဝယ်တက္ကသိုလ်ကို ဒီကနေ့ဇန်နဝါရီ ၇ ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့ပေမယ့် တက်ရောက်သူတစ်ဦးမှ မရှိသလောက် နည်းပါးကြောင်း ထားဝယ်ပညာရေးအသိုင်းအဝိုင်း ကသိရပါတယ်။

    ထားဝယ်မြို့နယ်မှာ ထားဝယ်တက္ကသိုလ်အပြင် ထားဝယ်ပညာရေးကောလိပ်၊ ထားဝယ် နည်းပညာတက္ကသိုလ်နဲ့ထားဝယ်ကွန်ပျူတာတက္ကသိုလ်တို့ရှိကြပြီးပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက တက္ကသိုလ်တွေ ပြန်လည်ဖွင့်လှစ်မယ်လို့စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနက ကြေညာထားတာဖြစ်ပါတယ်။

    ‘ဖွင့်မယ့်ရက်စွဲကိုတော့ သေချာမသိထားဘူး။ ဖွင့်မယ့်လို့လျာထားတာတော့ကြားရတယ်။ ထားဝယ်တက္ကသိုလ်ကတော့ ဒီနေ့စဖွင့်တာပေါ့၊ လာတက်တဲ့သူတစ်ယောက်မှမရှိဘူး။ ထားဝယ်ပညာရေးအသိုင်းအဝိုင်းမှာတော့ CDM ကျောင်းသားရော ၊ ဆရာမရော အားကောင်းတယ်။ ရာခိုင်နှုန်းအားဖြင့် ပြောမယ်ဆိုရင် ဆရာ၊ ဆရာမ အရေအတွက်က ၆ဝ ရာခိုင်နှုန်းကျော်လောက်ကို ရှိတယ်။ ဖိအား ပေးတာကတော့ ကျောင်းမဖွင့်ခင်က အခြေခံကျောင်းဘက်ရော၊ အဆင့်မြင့်ဘက်ရော ကျောင်းတက်ဖို့လိုက်ပြောတာ၊ အိမ်တွေထိလိုက်ပြောတာရှိတယ်။ တကယ့်တကယ် ကျောင်း ဖွင့်ချိန်မှာတော့ လိုက်ပြောတာတော့မရှိတော့ဘူး။ တချို့မိဘတွေကကြောက်လို့ ကျောင်းပို့ရင်တောင် ကလေးတွေကိုယ်တိုင်ကမသွားကြဘူး’ လို့ တက္ကသိုလ်ဆရာမတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေနဲ့လှုပ်ရှားမှုတွေအားကောင်းခဲ့တဲ့ ထားဝယ်နဲ့ လောင်းလုံးမှာတော့ ကျောင်းသားသမဂ္ဂမှာပါဝင်တဲ့ ကျောင်းသားတွေနဲ့ကျောင်းဆရာ၊ ဆရာမတွေကိုဖမ်းဆီးထားတာတွေလည်းရှိပြီး သပိတ်မှာပါဝင်သူတွေထဲကတချို့ကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်နေတာလည်းရှိတယ်လို့ ထားဝယ်မြို့ ကတော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

    တနင်္သာရီတိုင်းဒေသကြီး၊

    ဓာတ်ပုံ ရင်းမြစ်, Dawei Watch

  17. နတ်မြောင်း၊ နတ်ချောင်းက စစ်ဘေးရှောင်ထောင်ချီ စားနပ်ရိက္ခာပြတ်လပ်တော့မယ့်အခြေအနေရင်ဆိုင်နေရ, စစ်ဘေးရှောင်နေရာတွေအထိ စစ်ကောင်စီတပ်တွေဝင်ရောက်နေတာကြောင့် စိုးရိမ်ကြောက်ရွံမှုတွေရှိနေ

    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက နတ်မြောင်း၊ နတ်ချောင်းကျေးရွာတွေထဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာနောက်ဆုံးပတ်ထဲမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ၊ ပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့် သေဆုံးခဲ့တဲ့ ဒေသခံတွေရှိသလို ဒေသခံ ၁၅၀၀ ဝန်းကျင်လောက်လည်း စစ် ဘေး တိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာ ကျေးရွာတွေထဲ ပြန်မဝင်ရဲတဲ့ဒေသခံရွာသားတွေဟာ နတ်မြောင်းရွာအနီးက ဘုန်းတော်ကြီး ကျောင်းမှာ စစ်ဘေးတိမ်းရှောင်နေရတာဖြစ်ပြီး အကူအညီအထောက်အပံ့တွေရဖို့ ခက်ခဲနေတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုတွေရင်ဆိုင်ရတော့မယ့်အခြေအနေဖြစ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။

    " စစ်ရှောင်စခန်းက နတ်ချောင်း၊ နတ်မြောင်းအပြင်တခြားရွာတွေပါပေါင်းပြီး လူဦးရေ ၁၅၀၀ လောက်ရှိနေပြီ။ ဆန်ကလည်းနည်းနေပြီ၊ နေရထိုင်ရတာတွေလည်း အဆင်မပြေဘူး။ ကျန်းမာရေးကိစ္စတွေလည်းအဆင်မပြေဘူး။ ကိုယ့်အိမ်ကိုယ်ပြန်လို့လည်း အဆင်မပြေဘူး။ အခက်အခဲက အထောက်အပံ့နည်းတာရော လမ်းပန်းဆက်သွယ်ရေးမကောင်းတာ‌ ကြောင့်ရောခက်ခဲနေတယ်'' လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ နတ်မြောင်းလူငယ်အဖွဲ့ကပြောပါတယ်။

    လက်ရှိမှာတော့ စစ်ဘေးရှောင် ထောင်ချီဟာ ဘုန်းတော်ကြီးကျောင်းအတွင်းနေထိုင်နေရာက လူဦးရေတိုးလာတဲ့အတွက် ကျောင်းဆောင်တွေပေါ်မှာ ပြည့်လျှံနေတဲ့အနေအထားဖြစ်နေပြီး လှည်းပေါ်၊ ကားပေါ် နဲ့မိုးကာအဖီတွေအောက်မှာနေထိုင်နေရတာဖြစ်ပြီး ဆန်၊ ဆီ၊ ဆား၊ စောင်နဲ့ ငွေကြေးအထောက်အပံ့တွေလိုအပ်နေတယ်လို့စစ်ရှောင်တွေကို အကူအညီပေးနေတွေက ပြောပါတယ်။

    ဒါ့အပြင် စစ်ရှောင်နေရာ ဘုန်းတော်ကြီးကျောင်းအတွင်းကိုလည်း မနေ့ဇန်နဝါရီ ၆ ရက်နေ့က စစ်ကောင်စီတပ်သားတချို့ဝင်ရောက်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူတွေ အနေနဲ့စိုးရိမ်ကြောက်ရွံ့မှုတွေလည်းရှိနေတယ်လို့စစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့ ရွာသားတွေက ပြောပါတယ်။

    ကလေးမြို့နယ်ထဲက နတ်ချောင်းရွာနဲ့နတ်မြောင်းရွာတွေထဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က စစ်ကောင်စီတပ်တွေဝင်ရောက်ခဲ့ပြီး ရွာခံတွေကို ဖမ်းဆီးစစ်ဆေးတာ ၊ရိုက်နှက်တာတွေလုပ်ခဲ့ပြီးနောက် ဒေသခံ PDF တွေက ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ပြန်လည်ပစ်ခတ်ခဲ့ရာမှာ ရဟတ်ယာဉ်တွေသုံးပြီး လာရောက်ပစ်ခတ်တာလို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

    နတ်ချောင်းရွာနဲ့နတ်မြောင်းရွာမှာဖြစ်ခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ဒေသခံရွာသား ၂၀ ကျော်ရှိခဲ့တယ်လို့ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတွေကပြောပါတယ်။

    စစ်ကိုင်းတိုင်း

    ဓာတ်ပုံ ရင်းမြစ်, Nat Myaung Youth Foundation

  18. ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို လေးစားလိုက်နာဖို့ CRPH ထုတ်ပြန်, အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ အာဏာသိမ်းခေါင်းဆောင်နဲ့တွေ့ဆုံမှုအပေါ် လူထုက အမျက်ထွက်စိတ်ပျက်နေတယ်လို့ ဆို

    ကမ္ဘောဒီးယားဝန်ကြီးချုပ်အနေနဲ့ CRPH ၊ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တရားဝင်အဖွဲ့အစည်းတွေနဲ့သာ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်း က မ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်ဆန်အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ဒီမိုကရေစီရေးကြိုးပမ်းအားထုတ်မှုတွေကို လေးစားလိုက်နာဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဒီကနေ့ ဇန်နဝါရီ ၇ ရက်မှာ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြသနာတွေဟာ အတ္တဆန်တဲ့ စစ်ခေါင်းဆောင် တွေကြောင့် ဖြစ်ပွားရတာဖြစ်တယ်လို့ ထုတ် ပြန်ချက်က ဖော်ပြထားပါတယ်။ မြန်မာပြည်သူတွေပေါ် ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ နဲ့အကြမ်းဖက်မှုတွေ ပြုလုပ်နေတဲ့ စစ်ခေါင်းဆောင်တွေကို လူ့အသိုက်အဝိုင်းမှ ဖယ်ကျဉ်ထားရမှာဖြစ်ကြောင်းနဲ့ သူတို့နဲ့တွေ့ဆုံဆွေးနွေးလို့ မြန်မာနိုင်ငံနဲ့ပြည်သူလူထုအတွက် အကျိုးတစ်စုံတစ်ရာမရှိဘူးလို့လည်း CRPH က ဆိုပါတယ်။

    CRPH

    ဓာတ်ပုံ ရင်းမြစ်, CRPH

    အာဆီယံခေါင်းဆောင်တွေသဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လုံးဝပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ စစ်ခေါင်းဆောင်နဲ့ခုလိုတွေ့ဆုံမှုအပေါ် မြန်မာပြည်သူတွေက အလွန်အမျက်ထွက်စိတ်ပျက်နေတယ်လို့ ကြေညာချက်ကဆိုပါတယ်။ မြန်မာနဲ့အိမ်နီးချင်းတစ်နိုင်ငံဖြစ်ပြီး တည်ရှိထားတဲ့ ဆက်ဆံရေးကောင်းတွေနဲ့နှစ်နိုင်ငံပြည်သူတွေကြား ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းသွားဖို့လည်း CRPH က တိုက်တွန်းထားပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လူထုက မဲပေးရွေးချယ်ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တရားဝင်အဖွဲ့အစည်းတွေနဲ့သာ ပူးပေါင်းဆောင်ရွက်ဖို့ထပ်မံတိုက်တွန်းကြောင်း၊ CRPH အနေနဲ့ လူထုက အပ်နှင်းထားတဲ့ အခွင့်အာဏာကိုကျင့်သုံးနေတဲ့တရားဝင်အဖွဲ့အစည်းြဖ်စတာကြောင့် မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ရပ်တည်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

    CRPH

    ဓာတ်ပုံ ရင်းမြစ်, CRPH

  19. ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်ဆန် မြန်မာခရီးစဉ်စတင်၊ နေပြည်တော်ကိုရောက်ရှိ

    ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်ဆန်ရဲ့ နှစ်ရက်တာ မြန်မာခရီးစဉ် စတင်ပြီဖြစ်ပြီး ဒီနေ့ဇန်နဝါရီ ၇ ရက်မနက်ပိုင်းမှာ နေပြည်တော်ကို ရောက်ရှိလာပါတယ်။ သူ့ကို စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကြိုဆိုတာတွေ့ရပါတယ်။ သူ့ရဲ့ခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံမှာဖြစ်ပြီး နှစ်နိုင်ငံချင်း ဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့နဲ့အာဆီယံအပါအဝင် ဒေသဆိုင်ရာအရေးတွေ ဆွေးနွေးဖို့ရှိတယ်လို့စစ်ကောင်စီဘက်ကထုတ်ပြန်ထားပါတယ်။

    ဟွမ်ဆန်ရဲ့ မြန်မာပြည်ခရီးစဉ်ဖျက်သိမ်းသင့်ကြောင်း International Amnesty အဖွဲ့က ထုတ်ပြန်ထားသလို မြန်မာနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံအရပ်ဖက်အဖွဲ့အစည်းတွေကလည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ ကမ္ဘောဒီးယားသံရုံအနီးပေါက်ကွဲမှု တချို့ရှိခဲ့သလို သူ့ခရီးစဉ်ကို ကန့်ကွက်ဆန္ဒ ပြ တာတွေရှိထားပါတယ်။ ဟွမ်ဆန်ကတော့ သူ့ရဲ့မြန်မာခရီးစဉ်အပေါ် ကြိုပြီး ကောက်ချက်ချတာမလုပ်ဖို့ပြောထားပါတယ်။

    အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူဖို့ရှိတဲ့ ကမ္ဘောဒီးယားရဲ့ အခု မြန်မာခရီးစဉ်ဟာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ငါးရပ်နဲ့ပတ်သက်လို့ နီးစပ်မှုရှိတယ်လို့ ဟွမ်ဆန်ကပြောထားပါတယ်။ ပြီးခဲ့တဲ့ဧပြီလတည်းက အာဆီယံခေါင်းဆောင်တွေသဘောတူ ဆုံးဖြတ်ခဲ့တဲ့ ဒီမူငါးရပ်ကို စစ်ကောင်စီဘက်က အခုထိ အကောင်အထည်ဖော်တာ မတွေ့ရတဲ့အပေါ် အာဆီယံနဲ့နိုင်ငံတကာအဝိုင်းအဝိုင်းက ဝေဖန်မှုတွေရှိထားပါတယ်။ ဒီငါးရပ်ထဲထိန်းသိမ်းခံထားရသူတွေ ပြန်လွှတ်ပေးရေးလည်း တစ်ချက်ပါဝင်ပါတယ်။

    ပြီးခဲ့တဲ့ကာလတွေအတွင်း မြန်မာ့အရေးအာဆီယံအထူးသံတမန် ဖြစ်တဲ့ အယ်ရာဝမ်ယူစွတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုစစ်ကောင်စီက တွေ့ဆုံခွင့်မပြုခဲ့ပါဘူး။ အခု ဟွမ်ဆန်ရဲ့အခုခရီးစဉ်မှာလည်း အာဆီယံအထူးသံတမန် အသစ် ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံ ခြားရေးဝန် ကြီး လိုက်ပါလာမယ်လို့ သိရပြီး ထိန်းသိမ်းခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရမရ ဆိုတာတော့ မသိရသေးပါဘူး။

    ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်ဆန် မြန်မာခရီးစဉ်စတင်၊

    ဓာတ်ပုံ ရင်းမြစ်, True news