လွိုင်ကော်မှာ ရာနဲ့ချီတဲ့ဒေသခံတွေ မြို့ကို ဆက်လက်စွန့်ခွါတိမ်းရှောင်နေ

ဓာတ်ပုံ ရင်းမြစ်, CJ
ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ထဲ ဒီနေ့ ဇန်နဝါရီလ ၁၀ ရက်မနက်ပိုင်းမှာ ပစ်ခတ်သံတွေ မကြားရသေးပေမဲ့ ရာနဲ့ချီတဲ့ဒေသခံတွေကတော့ မြို့ထဲကနေ ထွက်ခွါနေကြတယ်ဆိုပြီး မြို့ခံတွေက ပြောပါတယ်။
မနေ့ ဇန်နဝါရီလ ၉ ရက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ကြားက တိုက်ပွဲတွေဟာ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေအထိဖြစ်ခဲ့တာကြောင့် ဒေသခံတွေဟာ ပြည်နယ်ချင်းဆက်တဲ့ ရှမ်းပြည်နယ်ထဲက ပင်လောင်း၊ ဆီဆိုင်စတဲ့နယ်တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။
'' ဒီနေ့မနက်ပိုင်းတော့ ပစ်ခတ်သံတွေ မကြားရသေးဘူး။ ဒါပေမဲ့ မြို့ခံတွေက ကတော့ မြို့ထဲကနေ ရှောင်ဖို့ လုပ်နေကြတုန်းပဲ။ ရှမ်းပြည်ဘက်ကို ကျွန်တော်တို့လိုက်ပို့ပေးမယ့် စစ်ရှောင်အရေအတွက် တင် လူ ၂၀၀ နီးပါးရှိတယ်။ ကျန်တဲ့မြို့ခံတွေကလည်း သူတို့ နီးစပ်ရာ နီးစပ်ရာရွှေ့ပြီး ကားတွေနဲ့ ထွက်ဖို့ ပြင်နေကြတယ်။ မြို့ထဲမှာ လူမကျန်သလောက်ဖြစ်နေပြီ'' လို့ လွိုင်ကော်စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
တစ်ဖက်မှာလည်း ပင်လောင်းနဲ့ ဆီဆိုင်ဘက်တွေကိုသွားမယ့် လွိုင်ကော် စစ်ရှောင်တွေကို စစ်ကောင်စီဘက်က စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးတာတွေ တိုးလုပ်နေတယ်လို့ သိရပါတယ်။
''ဒီကနေဆို လွိုင်ကော်၊ ဖယ်ခုံ၊ ပင်လောင်း တစ်လျှောက်ဆိုရင် စစ်ရှောင်ဆိုတာနဲ့ သူတို့ တွေက အိတ်တွေကို ဖွင့်စစ်တယ်။ ဘာပစ္စည်းတွေပါလဲ။ ဆေးဝါးတွေပါလားပေါ့။ ဆေးဝါးတွေကို သယ်လို့မရဘူး။ ဂိတ်တွေဆိုရင်လည်း ညနေ ၅ နာရီဆို ပိတ်လိုက်ပြီ'' လို့ ဒေသခံတစ်ဦးက အခြေအနေကို ပြောပြပါတယ်။
လက်ရှိမှာ လွိုင်ကော်စစ်ရှောင်တွေဟာ ပင်လောင်း၊ ဆီဆိုင်နဲ့ ဖယ်ခုံမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ရှောင်နေမှာဖြစ်ပြီး လက်ရှိမှာ စစ်ရှောင်အရေအတွက် ထောင်နဲ့ချီရှိနေတယ်လို့ အကူအညီပေးနေသူတွေက ပြောထားပါတယ်။






















